မြန်မာ နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကွဲရေး (နစက) နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) တို့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောမြို့၌ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် မြန်မာရေပိုင်နက်ထဲမှ ဖမ်းမိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၅ ဦးကို နစက က BGB သို့ လွှဲပြောင်းလိုက်ကြောင်း သတင်းရရှိသည်။
ယင်းအစည်းအဝေးကို နစကဘက်မှ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်နိုင်ဦး ဦးဆောင်သော ၁၇ ဦးပါအဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ စစ်တကောင်းတိုင်း BGB ဌာနချုပ်မှ ဗိုလ်မှူးကြီး မူဟာမက် ဂျီလူဟောက် ဦးဆောင်သော အရာရှိ ၁၃ ဦးတို့ တက်ရောက်ကြောင်း သိရသည်။
နှစ်နိုင်ငံ နယ်စပ်အာဏာပိုင်များ၏ ဆွေးနွေးပွဲနှင့် ပတ်သက်၍ ဗိုလ်မှူးကြီး မူဟာမက် ဂျီလူဟောက် က “အန္တရာယ် တခုခုကြောင့် မြန်မာဘက်ကို ရောက်သွားတဲ့ ဘင်္ဂလာဒေ့ရှ် နိုင်ငံသားတွေကို ၁၉၈၀ နှစ်နိုင်ငံ သဘောတူ စာချုပ်အရ နှစ်နိုင်ငံ နယ်စပ်အာဏာပိုင်တွေ ဆွေးနွေးပွဲပြုလုပ်ပြီး သက်ဆိုင်ရာနိုင်ငံကို ပြန်လည်း အပ်နှံပေးရမှာဖြစ်တယ်။ နောက်ပြီး တရားမဝင် ကျော်ဖြတ်သွားလာနေတဲ့ကိစ္စတွေ၊ တရားမဝင်မှောင်ခို ကူးသန်းရောင်းဝယ်မှုတွေကို ဘင်္ဂလာဒေ့ရှ် နိုင်ငံဘက်က ဖမ်းဆီးအရေးယူသွားမှာဖြစ်တယ်” ဟု သတင်းထောက်များကို ပြောသည်။
ယခုနှစ် ဇွန်လမှ စ၍ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသူ ၅ ထောင်နီးပါးကို မြန်မာနိုင်ငံဘက်သို့ ပြန်ပို့ခဲ့ကြောင်း ဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်ဘက်က တင်ပြခဲ့သည်ဟု သိရသည်။
ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ မြန်မာနိုင်ငံဘက်မှ ၁၉၇ ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးပြီး ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ကောက်စ်ဘဇားမြို့ အခြေစိုက် အမှတ် ၁၇ BGB တပ်ရင်းမှ ဒုဗိုလ်မှူးကြီး မူဟာမက် ခါလက်ကူ ဂျမန်း၏ ပြောကြားချက်ကို ကိုးကား၍ ယနေ့ထုတ် ကောက်စ်ဘဇား သတင်းစာတွင် ရေးသားထားသည်။
ဘင်္ဂလားဒေ့ရှ် ဘက်က ဖမ်းဆီးကာ ပြန်ပို့ခြင်းများ နေ့စဉ် ရှိကြောင်း၊ သို့သော် နောက်ရက်တွင် ဘင်္ဂလားဒေ့ရှ်သို့ တခြားတနေရာမှ ပြန်ခိုးဝင်ခြင်းဖြင့် သံသရာလည်နေကြောင်း The Desh Bedesh သတင်းစာမှ သတင်းထောက် အာလန်က ပြောသည်။
ဒီဇင်ဘာ ၁၂ ရက်နေ့ အစည်းအဝေးတွင် BGB ဘက်က အချက် ၅ ချက် တင်ပြဆွေးနွေးခဲ့ပြီး မြန်မာဘက်ကလည်း မြန်မာစစ်သား ၃ ဦး ဖမ်းဆီးခံရမှုကို ရှာဖွေးပေးရေး ထပ်မံတောင်းဆိုခဲ့ကြောင်း အစည်းအဝေးတက်ခဲ့သူ နစက တဦးက ပြောသည်။
၎င်းက “GE (စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်း) က ၃ ယောက်ကိစ္စကို ကျနော်တို့ဘက်က ပြောတဲ့အခါ ဘင်္ဂလားဒေ့ရှ်ဘက်က အဲ့ဒီ ၃ ယောက်က သေသွားပြီးလို့ ပြောတယ်။ ကျနော်တို့ဘက်က သေသွားတယ်ဆိုရင်လည်း အလောင်းကို ပြန်ပေးပါလို့ တောင်းထားပါတယ်။ သူ (ဘင်္ဂလားဒေ့ရှ်ဘက်က) တို့ ဘက်ကပြောတာကတော့ ကြိုးစားပေးပါ့မယ်လို့ပဲ ပြောတယ်” ဟု ဆက်ပြောသည်။
နိုဝင်ဘာလ ၅ ရက်နေ့တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံရေးလုပ်ငန်းခွင်မှ စစ်မြေပြင် ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ဖွဲ့ဝင် စစ်သား ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အရပ်သားတဦးကို ပစ်သတ်ခဲ့သည်။