ရန်ကုန်ဆေးရုံကြီး ပြုပြင်မွမ်းမံရန်နှင့် အဆင့်မြှင့်တင်ရန် အတွက် ဒေါ်အောင်စုဆန်းကြည် အပါအဝင် ပြည်သူ့လွှတ်တော် ကျန်းမာ ရေး မြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ နှင့် ပညာရှင်များ၊ ပါမောက္ခများသည် ယနေ့နံနက်က ရန်ကုန်ဆေးရုံကြီးသို့ လာရောက်ကြည့်ရှုလေ့လာသည်။
အဆိုပါ လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ပြည်သူ့လွှတ်တော်၌ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်သည့် ကြီးကြပ်ရေး ကော်မတီဖွဲ့ပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
“ဒီဆေးရုံကြီး မွမ်းမံဖို့အတွက် ဘယ်လိုလုပ်မယ်ဆိုတာ လာဆွေးနွေးတာ။ ဆေးရုံရဲ့ ဖွဲ့စည်းပုံ၊ အနာဂတ်မှာ တိုင်းပြည်အတွက်
သူနာပြုတွေ ဆရာဝန်တွေ လုံလောက်မှုရှိမရှိ ဆွေးနွေးပါတယ်။ သန့်ရှင်းရေးကိစ္စတွေ၊ လူနာနဲ့ ခုတင်နဲ့ မျှမမျှ ဒီနေ့တော့ အရှိအတိုင်း တွေ့သွားတာပေါ့”ဟု ပြည်သူ့ လွှတ်တော် ကျန်းမာရေးမြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်မြင့်က ပြော
သည်။
ရန်ကုန် ဆေးရုံကြီး၏ လတ်တလော အခြေအနေကို သိရှိနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စား လှယ် များ နှင့် ပညာရှင် ပါမောက္ခကြီးများက လူနာများနှင့် ဆေးရုံတာဝန်ကျ ဆရာဝန်များ၊ အလုပ်သင် ဆရာဝန်များကို တွေ့ဆုံ မေးမြန်းကြသည်။
ရန်ကုန်ဆေးရုံကြီး ဆေးကုသဆောင် ၉-၁၀ တွင် တာဝန်ကျနေသည့် ဆရာဝန်မ တဦး က“ဆေးရုံကြီးက လိုအပ်နေတဲ့ ဟာတွေကို ပြန်ပြီးတော့ ပြုပြင်ပေးနိုင်ရင်ကောင်းမှာပဲ။ အခုဆိုနိုင်ငံတော်အနေနဲ့ ဆေးပညာနဲ့ပတ်သက်လို့ ပံ့ပိုးပေးထားတာ နည်းနေသေး တယ်။ လူနတွေအတွက်ကိုပံ့ပိုးပေးထားတာနည်းနေသေးတယ်။ အရေးပေါ်ဘက်ကို သွားကြည့်သင့်တယ်။ ဆေးရုံကြီးက ဒီထက် ဒီထက် အများကြီး လိုအပ်နေသေးတယ်။ အဲ့ဒါတွေ ပံ့ပိုးပေးနိုင်ရင် ကောင်းမှာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ဆရာဝန်များ အနေနှင့် ငွေရှာခြင်းထက် စေတနာ ပိုထားရန် ပြောကြားသည်။
လုပ်သက် ၃၇ နှစ်ရှိ စစ္စတာ ဒေါ်တင်ဝင်းရွှေကလည်း“သန့်ရှင်းရေးကို အနိုင်အနင်းဆုံးဖြစ်အောင်တော့ လုပ်တယ်။ များပြားလာတဲ့ လူနာဦးရေနဲ့ သူ့ရဲ့အနောက်မှာ ပါလာတဲ့ လူနာရှင်များ အတွက် အားလုံးက အရင်တုန်းကထက် ၂ဆ ၃ဆ လောက် ဖြစ်လာ တယ်။ တချို့နေရာတွေမှာ ဝန်ထမ်းအင်အားနည်းတဲ့ အခါမှာ အားနည်းချက်လေးတွေ ရှိတယ်”ဟု ပြောသည်။
ရန်ကုန်ဆေးရုံကြီး ကြီးကြပ်ရေးကော်မတီကလည်း သန့်ရှင်းရေးအပိုင်းများ စောင့်ကြည့်သွားမည်ဟု ဆိုသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အဖွဲ့သည် လူနာများကိုလည်း ကြည့်ရှု အားပေး သွားသည်။
ဒီဇင်ဘာ ၁၃ ရက်ကလည်း ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်ဆေးရုံကြီးသို့ သွားရောက်၍ မုံရွာ လက်ပံတောင်းတောင် ဒေသ မှ လာရောက် ဆေးကုသမှု ခံယူနေသော ကလေး ၄ ဦးကို ကြည့်ရှုအားပေးမှု ပြုလုပ်သေးသည်။