ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းအလုပ်သမားအရေးကို နှစ်ဖက်အစိုးရများက ပူးပေါင်းဆောင်ရွက်မှုအားနည်းနေခြင်း ကြောင့် လူကုန်ကူးမှုနှင့် တရားမဝင် အလုပ်သမားပြဿနာ များပြားလာနိုင်ကြောင်း လူ့အခွင့်အရေး၊ ပညာပေးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
“အလုပ်သမား ပြဿနာတွေကို တိုင်ကြားတာများပေမယ့် ဝန်ထမ်းအင်အားမမျှတော့ ပြဿနာဖြေရှင်းရာမှာ နည်းနည်း အားနည်း နေတယ်၊ အစိုးရနှစ်ဘက်ကလည်း ပူးပေါင်းဆောင်ရွက်မှုအားနည်းတော့ တရားမဝင်အလုပ်သမား ကိစ္စတွေများလာတယ်၊ ဖိနှိပ် ဆက်ဆံခံရတာ၊ လူကုန်ကူးနဲ့ ခေါင်းပုံဖြတ်ခံရတာတွေ များနေတယ်”ဟု ၎င်းကပြောဆိုသည်။
မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများစွာ လိုအပ်ချက်များရှိနေခြင်းကြောင့် မြန်မာအလုပ်သမား အများစုသည် အခြေခံ လစာ ပိုမိုရရှိသည့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းများမှ တဆင့် ဝင်ရောက်၍ ငါးဖမ်းလုပ်ငန်း၊ အိမ်ဖော်၊ ဈေးဆိုင်နှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ကြကြောင်း သိရသည်။
ဦီးထူးချစ်က ဆက်လက်၍“ထိုင်း အလုပ်သမား ဥပဒေတွေက မြန်မာ လုပ်သားတွေအတွက်လည်း အကျုံးဝင်တယ်ဆိုပေမယ့် ခေါင်း ပုံဖြတ်တာ၊ အနိုင်ကျင့်တာ ခံရတဲ့မြန်မာလုပ်သားတွေက တိုင်ဖို့ ကြောက်တာ၊ ဘာသာစကား အားနည်းတာတွေနဲ့ အစိုးရဘက် က ထိထိရောက်ရောက် လုပ်ပေးဖို့လိုအပ်တာတွေကြောင့် လုပ်သားပြဿနာတွေကိုမဖြေရှင်းနိုင်တာတွေ ရှိတယ်”ဟု ပြောသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားအများစုသည် ယာယီ နိုင်ငံသားကတ် ရှိသော်လည်း ဖမ်းဆီးခံရမှု ၄၂ ရာခိုင်နှုန်း ရှိနေပြီး တရား မဝင် ဝင်ရောက်မှုကြောင့် ၅၈ ရာခိုင်နှုန်းကျော် ဖမ်းဆီးခံနေရကြောင်း၊ ထို့အပြင် နေရပ်သို့ ပြန်လည်အပို့ခံရသည့် အလုပ်သမား အများစုမှာ လမ်းခရီးတွင် လုံခြုံရေးစနစ်အားနည်းခြင်း၊ ကျန်းမာရေး၊ စားသောက်ရေး တို့တွင်လည်း အားနည်းသည့်အတွက် သေ ဆုံးမှု၊ နာမကျန်းမှု များစွာဖြစ်နေကြောင်း မဲခေါင်ဒေသဆိုင်ရာ ရွှေ့ပြောင်းအလုပ် သမားကွန်ရက်မှ သိရသည်။
“ကလေးတွေလည်း မိဘက အဖမ်းခံရရင် တခါတည်းပါသွားတယ်ဆိုတော့ ကလေးတွေအတွက်စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိတယ်၊ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်နေချိန်မှာ တဖက်နိုင်ငံက ဖမ်းဆီးပြန်ပို့တာတွေက နိုင်ငံတွင်း မငြိမ်မသက်မှုတွေအပြင် အလုပ်လက်မဲ့ပြဿနာတွေပါ ရှိလာနိုင်တယ်”ဟု မဲခေါင်ဒေသဆိုင်ရာ ရွေ့ပြောင်းအလုပ်သမား ကွန်ရက်မှ တာဝန်ရှိသူ တဦး က ပြောသည်။
ယနေ့ ကုန်သည်ကြီးများ ဟိုတယ်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ်ပြသ သော “အဖေ့ကျောင်း” ရုပ်ရှင် ဇာတ်ကား ပြပွဲတွင် ပြောကြားခြင်း ဖြစ်သည်။
ရွှေ့ပြောင်း အလုပ်သမားများကို ပြန်ပို့သည့် ပြဿနာများကြောင့် ဆိုးကျိုးများစွာ ရှိလာနိုင်ကြောင်း၊ ယင်းကဲ့သို့ ဖြစ်ရပ်များကြောင့် ရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် ပျော်ရွှင်ခြင်းရှိမည်လည်း မဟုတ်ကြောင်း၊ ထိုင်း အစိုးရအနေဖြင့် ရွှေ့ပြောင်း အလုပ်သမားများအပေါ် အကာအကွယ်ပေးနိုင်သည့် စနစ်တခု လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း လည်း မဲခေါင်ဒေသဆိုင်ရာ ရွေ့ပြောင်းအလုပ်သမား ကွန်ရက်မှ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
“ရွှေ့ပြောင်း လုပ်သားတွေအတွက် ပုဂ္ဂလိကဘဏ်တွေက အထူးရန်ပုံငွေတွေ၊ ချေးငွေတွေ ဆောင်ရွက်ပေးသင့်တယ်၊ ဟိုဘက် နိုင်ငံ ကို သွားတုန်းကတော့ တရားဝင်ပေမယ့် တရားမဝင်ဖြစ်သွားတာတွေ အများကြီးပဲ”ဟု Today Top Star ပြည်ပ အလုပ် အကိုင် အေဂျင်စီမှ မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာ ဒေါ်ဝါဝါစိန်က ပြောဆိုသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ခွဲခြားဆက်ဆံမှုများ ရှိနေကြောင်း၊ ထိုင်းနိုင်ငံ၏ အလုပ်သမား ဥပဒေသည် အခြားနိုင်ငံများထက် ကောင်းမွန်သော်လည်း လူဝင်မှုကြီးကြပ်ရေး ဥပဒေက ထိန်းချုပ်ထားကြောင်း၊ ရွှေ့ပြောင်း အလုပ်သမားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသော်လည်း ဂရုစိုက်ဖြေရှင်းပေးမှုအားနည်းကြောင်း၊ အမျိုးသမီးများမှာလည်း အိမ်တွင်း အကြမ်းဖက်မှုများနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ခံနေရကြောင်း သိရသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမား ၈၀ ရာခိုင်နှုန်းမှာ မြန်မာအလုပ်သမားများဖြစ်နေပြီး ၄ သန်း ကျော်ရှိ ကြောင်း အလုပ်သမား အရေး ကူညီနေသူများက ပြောသည်။
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့ အတွက် ရည်ရွယ်၍ ဒီဇင်ဘာ ၁၈ ရက်၌ ရန်ကုန်မြို့ကုန်သည်ကြီးများဟို တယ် တွင် ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရိုက်ကူး၍ ဇာတ်ညွှန်း တူးတူးသာ ရေးသားသော “အဖေ့ကျောင်း”အမည်ရှိ ရုပ်ရှင်ပြပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။