စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နှင့် တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီတို့အား လက်ပံတောင်းတောင် ကြေးနီစီမံံကိန်းနှင့် ပတ်သက်၍ ဒေသခံလယ်သမားများက တရားလိုလုပ်ကာ တရားစွဲဆိုမည် ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးဒေသရှိ ကြေးနီစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ ဒေသခံ လယ်သမားများ၏ နစ်နာဆုံးရှှုံးမှု၊ မကြာသေးခင်က အကြမ်းဖက်ခံရမှုကြောင့် ဒဏ်ရာရသွားသည့် သံဃာတော်များနှင့် ဒေသခံပြည်သူများအတွက် တရားစွဲဆိုမည် ဖြစ်ကြောင်း ထိုအမှုကို လိုက်ပါ ဆောင်ရွက်ပေးမည့် အကျုးိဆောင် ရှေ့နေ ဦးရောဘတ်စန်းအောင်က ဧရာဝတီသို့ ပြောသည်။
ထိုအမှုကို ဒေသခံလယ်သမားများက တရားလို အဖြစ်ဆောင်ရွက်ကာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ ပုဒ်မ ၁၁ အရ သင်္ကြန်မတိုင်ခင် တရားစွဲဆိုမည်ဖြစ်ကြောင်း၊ တရားစွဲဆိုမှုကို ဒေသခံများနှင့်အတူ ၎င်းတို့ရှေ့နေအဖွဲ့က အခမဲ့ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း ဦးရောဘတ်စန်းအောင်က ဆိုသည်။
“ကျနော်တို့ တရားစွဲမှာက ထာဝရ တားဝရမ်းနဲ့ နစ်နာမှုတွေအတွက် ဖြစ်ပါတယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က လက်မခံရင် စစ်ကိုင်းတိုင်းဒေသကြီး တရားရုံးမှာ စွဲမှာပါ” ဟု ၎င်းက ဆက်ပြောသည်။
စီမံကိန်း ရပ်တန့်ရေးအတွက် သပိတ်စခန်းဆောက်၍ ဆန္ဒပြနေကြသော ဒေသခံများနှင့် သံဃာတော်များသည် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့၏ အကြမ်းဖက်ဖြိုခွင်းခြင်း ခံရပြီးနောက်ပိုင်း ထိုစီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းရေး ကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် စုံစမ်းစစ်ဆေးနေသည်။
ထိုစုံစမ်းရေး ကော်မရှင်၏ ထွက်ပေါ်လာမည့် အချက်အလက်များကို အခြေခံ၍ တရားစွဲဆိုရာတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း၊ စီးပွားရေး ဦးပိုင် ကုမ္ပဏီနှင့် ဝမ်ပေါင်ကုမ္ပဏီတို့ကို တရားစွဲဆိုရာတွင် မြန်မာနိုင်ငံမှ ရှေ့နေများသာမက တခြားနိုင်ငံများမှ ရှေ့နေများကလည်း ပါဝင်ကူညီမည်ဖြစ်ကြောင်း၊ ၎င်းတို့ထံမှ အကူအညီများ တောင်းခံထားကြောင်းလည်း ဦးရောဘတ်စန်းအောင်က ရှင်းပြသည်။
တရားစွဲဆိုရာတွင် ကြေးနီစီမံကိန်း ဒေသတဝိုက်ရှိ ကျေးရွာ ၂၆ ရွာမှ ဒေသေခံပြည်သူများ ပါဝင်မည်ဖြစ်ကြောင်း၊ စုံစမ်းရေး ကော်မရှင်၏ လုပ်ဆောင်မှုများကို ခေတ္တစောင့်ကြည့်နေပြီး ထူးခြားမှု တစုံတရာ ထွက်ပေါ်မလာပါက စီမံကိန်း လုံးဝရပ်ဆိုင်းသည်အထိ ဆက်လက်ဆန္ဒပြသွားမည် ဖြစ်ကြောင်း ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ ကိုသက်က ဧရာဝတီသို့ ပြောသည်။
ထိုကြေးနီ စီမံကိန်းသည် ဦးပိုင် ကုမ္ပဏီနှင့် တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီတို့က အကျိုးတူပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်သည်။ တရုတ်နိုင်ငံကမူ ထိုစီမံကိန်းအား ရပ်တန့်လိုသည့် ဆန္ဒမရှိကြောင်း သတင်းမီဒီယာများကို ပြောဆိုထားသည်။