နယ်စပ် ကုန်သွယ်ရေး ဇုန်များတွင် ဒေသခံ ကုန်သည်ငယ်များနှင့် လုပ်ငန်းရှင်များ အတွက် တဦးချင်း အနည်းဆုံး သိန်း ၅၀ အထိ တင်ပို့၊ တင်သွင်းခွင့် ရှိသည့် သွင်းကုန် ထုတ်ကုန် လိုင်စင်ကတ်များကို ဒီဇင်ဘာ ၁ ရက်နေ့မှ စ၍ ထုတ်ပေးလျှက် ရှိကြောင်း သိရသည်။
“ကျနော်တို့ဆီ ရောက်လာတဲ့ သွင်းကုန်ပစ္စည်း အားလုံး တရားဝင်လိုင်စင်နဲ့ သတ်မှတ်ထားတဲ့အခွန် ပေးဆောင်ပြီး သွားနေတယ်။ ဒေသ အနေအထား အရ လမ်းကြောင်း အသီးသီးကနေ သွားနေတာကိုတော့ မထိန်းချုပ်နိုင်ဘူး” ဟု မြဝတီနယ် စပ်ကုန်သွယ်ရေး ဇုန်မှ ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ရန်နိုင်ထွန်းက ဧရာဝတီသို့ ပြောသည်။
နိုင်ငံတော်က လိုင်စင်အပိုင်း၊ ကုန်ပစ္စည်းအပိုင်း များနှင့် ပတ်သက်၍ ဖြေလျှော့ပေးမှုများ ရှိသော်လည်း ကုမ္ပဏီ လုပ်ငန်းရှင် တချိူ့သည် အခွန်ရှောင်ရန် တရားမဝင် လမ်းကြောင်း အမျိုးမျိုးမှ ကွင်းရှောင် သယ်ပို့နေကြောင်း၊ သွင်းကုန်များတွင် စက်သုံးဆီ အများဆုံး ဖြစ်ပြီး အရက်၊ ဘီယာနှင့် ဆေးလိပ်များ ပါဝင်ကြောင်း၊ ယင်းကုန်ပစ္စည်းများကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ ကူးသန်း) က တရားဝင် ခွင့်ပြုသွားရန်ရှိကြောင်း ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး ဖြစ်သော မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန်ကို ဖြတ်၍ စက်သုံးဆီ၊ စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများ တင်သွင်းပြီး ရေနှင့် လယ်ယာ ထွက်ကုန်များ ပြန်လည် တင်ပို့လျှက် ရှိသည့် ယင်းဇုန်၏ တနေ့တာ ဝင်ငွေသည် အနည်းဆုံး အမေရိကန် ဒေါ်လာ ၂ သန်း နီးပါး ရှိကြောင်း သိရသည်။
“လိုင်စင်ဂျူတီ အပိုင်းကို ကုန်သည်က ပေးဆောင်ရတယ်။ လိုင်စင် မရှိတဲ့ သူတွေက ကုမ္ပဏီတွေနဲ့ ပေါင်းပြီး လုပ်ပေါ့။ ဒီမှာ အေးဂျင့်တွေ အများကြီး ရှိတယ်” ဟု ကုန်စည် စီးဆင်းမှု အတွက် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ တခုမှ ကိုညီညီအောင်က ပြောသည်။
အသေးစား သွင်းကုန် ထုတ်ကုန် လုပ်ငန်းရှင်များသည် ယင်းဒေသရှိ ကုမ္ပဏီ အေးဂျင့်များနှင့် ကုန်စည် သယ်ယူမှုများ ပြုလုပ်လျှက်ရှိပြီး ရန်ကုန်အထိ ကုန်စည်သယ်ယူ ပါက ၁၂ ဘီးကား တစီးလျှင် စရိတ် ၁၀ သိန်းခန့် ကုန်ကျကြောင်း သိရသည်။
ထိုင်းနိုင်ငံထုတ် စားသောက်ကုန်ပစ္စည်းများ တင်သွင်းနေသည့် ကုန်သည်တဦးက “ကျမတို့ အခွန်ပေးဆောင်ရတာ
တွေ များနေတယ်။ အခု တရားဝင် လမ်းကြောင်းပေါ် အကုန်နီးပါး ရောက်နေပြီလေ။ အခွန် နှုန်းထားတွေ ထပ်ချပေး သင့်တယ်” ဟု ဆိုသည်။
မြဝတီ – ကော့ကရိတ် လမ်းကြောင်းတွင် ကုန်တင်ကုန်ချ ပြုလုပ်နေသည့် ယာဉ်မောင်း ဦးဝင်းရွှေက “လမ်းမှာပိတ်ဆို့မှု ဖြစ်တယ်။ စည်းကမ်းမရှိ မောင်းနှင်တာကြောင့် လမ်းမှာ တစီးနဲ့တစီး တိုက်မိတာတွေ ရှိတယ်။ အခတ်အခဲ တွေကတော့ အများကြီးပဲ။ ဒီလမ်းကို ဒါထက် ကောင်းအောင် ပြင်ပေးရင် စီးပွားရေး လမ်းကြောင်း ပိုပြီးတော့ ပွင့်လင်းမယ်လို့ ထင်တယ်။ ခိုးလမ်းက အများဆုံးသွားတဲ့ သူတွေရှိတယ်” ဟု သူကပြောသည်။
ကုန်တင်ကားများ အတွက် လမ်းကြောင်း ချပေးသည့် အဖွဲ့အစည်းများကို ပေးရပြီး လမ်းဂိတ်များတွင်လည်း ကျပ် ၅၀၀၊ ၁၀၀၀ စသည်ဖြင့် သတ်မှတ်ကြေးမရှိဘဲ တောင်းသည့်အတိုင်း ပေးနေရသေးကြောင်း ကားသမား များထံမှ သိရသည်။
နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများတွင် အဖွဲ့စုံပါဝင်သည့် Mobile Team ဖြင့် အကောက်ခွန် စည်းကြပ်မှုများ ပြုလုပ်သည့်အတွက် ကုန်သည်များ အခွန်ပေးဆောင် စရိတ် မြင့်တက်ပြီး ကုန်ဈေးနှုန်း ကျဆင်းမှုမှာ မဖြစ်နိုင်သေးကြောင်း ကုန်သည်များက ပြောသည်။
ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ဖြစ်သည့် မြဝတီ၊ တာချီလိတ်၊ ကော့သောင်းနှင့် မြိတ် လမ်းကြောင်း များတွင် အခွန်အကောက် စည်းကြပ်နိုင်သည့် Mobile Team များ ဖွဲ့စည်းကာ တရားဝင် တင်သွင်းခွင့် မပြုထားသည့် ကုန်စည်များ စစ်ဆေးတွေ့ရှိပါက သိမ်းဆည်းပြီး မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ၎င်းအဖွဲ့တွင် ပါဝင်သည့် နယ်စပ်ကုန်သွယ်ရေး ဌာန တာဝန်ရှိသူတဦးက ဆိုသည်။