အတုအယောင် နိုင်ငံရေး ခိုလှုံရန် ကြိုးစားမှုဖြင့် တောင်ကိုရီယား တရားရေး ဝန်ကြီးဌာနက ဖမ်းဆီး လိုက်သော နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံသား တချို့ ပါဝင်ကြောင်း သတင်းရရှိသည်။
မြန်မာ၊ သီရိလင်္ကာနှင့် နီပေါနိုင်ငံတို့မှ နိုင်ငံခြားသား ၂၁ ဦးကို တောင်ကိုရီယား တရားရေး ဝန်ကြီးဌာနက အတုအယောင် နိုင်ငံရေး ခိုလှုံရန် ကြိုးစားမှုဖြင့် ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း တောင်ကိုရီယား အခြေစိုက် Chosun သတင်းတပုဒ်အရ သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား အရေအတွက်၊ ၎င်းတို့၏ အမည်နာမများကို သိရှိရန် တောင်ကိုရီယား အခြေစိုက် ယခင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ ကိုနေထွန်းနိုင်က တရားရေး ဝန်ကြီးဌာန နှင့် လူဝင်မှုကြီးကြပ်ရေး အရာရှိများထံ သွားရောက်စုံစမ်းခဲ့သော်လည်း ထိမ်းသိမ်းခံထားရသူများ၏ လုံခြုံရေးအတွက် လူဦးရေနှင့် ကိုယ်ရေး အချက်အလက်များ အသိပေးခြင်း မရှိကြောင်း ဧရာဝတီသိ့ု ပြောသည်။
“ကျနော် အတည်ပြု ပြောနိုင်တာကတော့ သူတို့ဟာ ဒီ ကိုရီယားမှာ အခြေစိုက်တဲ့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့အဖွဲ့တွေထဲက မဟုတ်ဘူး ဆိုတာပါဘဲ။ သူတို့ဟာ တသီးပုဂ္ဂလ ဒုက္ခသည် လျှောက်ထားသူတွေ ဖြစ်ပါလိမ့်မယ်။ ကျနော့် အတွေ့အကြုံအရတော့ ကိုရီယားမှာ နိုင်ငံရေးခိုလှုံဖို့ အတုအယောင် လျှောက်ထားတဲ့ မြန်မာဆိုတာ နည်းနည်းလေးပါ။ ဒါကလည်း အမေရိကန်တို့ သြဇီတို့မှာလို တခြားနိုင်ငံတွေက အခြေအနေလိုမျိုးပေါ့” ဟု ကိုနေထွန်းနိုင်က ဆိုသည်။
တောင်ကိုရီယားနိုင်ငံတွင် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ အနေဖြင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူများ ရှိသော်လည်း အများစုမှာ သက်ဆိုင်ရာ အခြေစိုက် အဖွဲ့အစည်းများမှတဆင့် လျှောက်ထားကြကြောင်း၊ ကိုရီယားအစိုးရကလည်း အထူးသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေကို နားလည် သဘောပေါက်သည့်အတွက် မြန်မာနိုင်ငံသားများနှင့် ပတ်သက်လျှင် အလွန်အကျွံ ကိုင်တွယ်မှု ပြုလေ့မရှိကြောင်း သူက ဆက်ပြောသည်။
လတ်တလော တောင်ကိုရီးယား နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ မြန်မာနိုင်ငံသား ၁ ထောင် ဝန်းကျင် ခန့်ရှိနိုင်ပြီး ဒုက္ခသည်အဖြစ် နေထိုင်နေသူပေါင်း ရာဂဏန်းမျှ ရှိကြောင်း ကိုနေထွန်းနိုင်က ဆိုသည်။
အတုအယောင် နိုင်ငံရေးခိုလှုံခွင့် ရရန် ကြိုးစားသော နိုင်ငံခြားသားများကို တောင်ကိုရီယား လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် ဒုက္ခသည်အဖြစ် ရရှိရေးအတွက် ပွဲစားများကို ငွေ ကြေးပေးကာ ကြိုးစားလုပ်ဆောင်ခဲ့ကြောင်း Chosun သတင်းတွင် ဖော်ပြထားသည်။
၎င်းတို့အထဲမှ တချို့သည် ပါကစ္စတန် အတိုက်အခံ နိုင်ငံရေးအဖွဲ့မှဟု ဆိုပြီး တာလီဘန်များ၏ အသက်အန္တရာယ် ခြိမ်းခြောက်မှုကြောင့် တောင်ကိုရီယားနိုင်ငံတွင် နေထိုင်ခွင့်ရရန် လိမ်လည် လျှောက်ထားခဲ့ကြောင်း တောင်ကိုရီယား တရားရေး ဝန်ကြီးဌာနက ပြောဆိုခဲ့သည်။
သို့သော် တောင်ကိုရီယား လဝကမှ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာတွင် ၎င်းတို့သည် တောင်ကိုရီယား နိုင်ငံတွင် ဆက်လက်နေထိုင်ခွင့် ရရန် ကြိုးစားခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ပြီး ခိုလှုံခွင့် တောင်းသူများကလည်း နောက်ပိုင်း တွင် ဝန်ခံခဲ့သည်ဟု သိရသည်။
နိုင်ငံခြားသားများအနေဖြင့် ဒုက္ခသည်အဆင့် သတ်မှတ်ရေးအတွက် တောင်ကိုရီယား အစိုးရက တင်ပြလာသူများ၏ လျှောက်လွှာများကို စိစစ်၍ ပယ်ချခြင်း၊ သို့မဟုတ် တရားရုံးတခုတွင် အသနားခံခြင်း လုပ်ဆောင်နိုင်ခွင့် ရှိသည်ဟု သိရှိရသည်။
၁၉၉၇ ခုနှစ်တွင် တောင်ကိုရီယားနိုင်ငံ၌ ဒုက္ခသည်အဆင့် သတ်မှတ်ပေးခဲ့သူ ၁၂ ဦးရှိခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ်တွင် လူဦးရေ ၁၀၀ ကျော် အထိ ရှိလာခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၁၀ ဆအထိ မြင့်တက်လာလာကြောင်း တောင်ကိုရီးယား လဝကက ပြောဆိုထားသည်။
လဝက အရာရှိများ အဆိုအရ ဒုက္ခသည်လျှောက်ထားသည့် လျှောက်လွှာအများစုသည် သံသယဖြစ်စရာများ တွေ့ရကြောင်း ဆိုသည်။
“နိုင်ငံခြားသာတွေ ဒုက္ခသည်အဖြစ် လျှောက်ထားကြရင် သူတို့ရဲ့ လျှောက်လွှာကို လက်ခံသည်ဖြစ်စေ၊ ပယ်ချလိုက် ရင်ဖြစ်စေ သူတို့ဟာ တောင်ကိုရီယားမှာ ၁ နှစ်ကနေ ၂ နှစ်အထိ တရားဝင် ဥပဒေကြောင်းအရ ရှိနေပိုင်ခွင့် ရှိပါတယ်” ဟု တောင်ကိုရီယား လဝက အရာရှိ တဦးက Chosun သတင်းဌာနသို့ ပြောထားသည်။
အဆိုပါ တောင်ကိုရီယား ဥပဒေပါ အခွင့်အရေးကြောင့် လျှောက်ထားသူများ များပြားနေခြင်းဖြစ်ကြောင်း သူက မှတ်ချက်ပေးသည်။
“ဒုက္ခသည် လျှောက်ထားသူတွေဟာ ဒီမှာ နေထိုင်ခွင့်က ဆုံးဖြတ်ချက် တစုံတရာ မကျမချင်း နေလို့ရတယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်မှုရှိကြတာကြောင့် အခုလို လုပ်ကြတာပါ။ ကျနော်တို့ကလည်း သံသယဖြစ်စရာ လျှောက် ထားသူတွေကို စုံစမ်းစိစစ်မှုတွေ စလုပ်ပြီး လုပ်ထုံလုပ်နည်းအရ မလျော်ညီတာတွေ တော်တော်များများ ဖော်ထုတ် တွေ့ရှိလာဖွယ် ရှိပါတယ်” ဟု အဆိုပါ တောင်ကိုရီယား လဝက အရာရှိက ဆက်ပြောထားသည်။