အဲပုဂံ လေယာဉ်ပျက်ကျမှု မျိုးသည် နိုင်ငံတိုင်းတွင် တွေ့ကြုံရလေ့ရှိေသော အနေအထားဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအပေါ် ထူးထူးခြား ခြား အကျိုးသက်ရောက်မှု ရှိနိုင်မည်မဟုတ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှိုင်မြင့်ကပြောသည်။
နိုင်ငံခြား ခရီးသည်များသည် သဘာဝအရ ဖြစ်ပျက်နိုင်ချေများကို နားလည်ပြီးဖြစ်သကဲ့သို့ ခရီးသွား ကုမ္ပဏီမှတဆင့် လာရောက်ကြသူများ ဆိုလျှင်လည်း ၎င်းတို့ မလာခင် ကတည်းက မည်သည့်လေယာဉ် အမျိုးအစားဖြင့် သွားလာမည်ကို ကြိုတင်စုံစမ်းပြီး စိတ်တိုင်းကျ ဖြစ်မှ လာရောက်ကြခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
“ထိုက်သင့်တဲ့ အကျိုးသက်ရောက်မှုတော့ ရှိပါတယ်။ ထူးထူးခြားခြားတော့ မရှိပါဘူး။ ဖြစ်ချိန် နောက်ပိုင်းမှာလည်း ဧည့်သည်တွေ တိုးနေတာ မျက်မြင်ပဲလေ။ ဘယ်နိုင်ငံမှာမဆို ဖြစ်တတ်ပါတယ်။ ဖြစ်လာလို့ ဘယ်လို အကူအညီ ပေးလဲဆိုတာက အဓိက ပဲလေ။ သွားလာနေတာကလည်း ဒီလေယာဉ် တစီးတည်းမှ မဟုတ်တာ။ လေကြောင်းလိုင်းတွေက လည်းအများကြီးပါ” ဟု ၎င်းက ဆိုသည်။
သို့ရာတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် ထိုဖြစ်ရပ်ကြောင့် လေယာဉ်များကို မည်သို့ လုပ်ဆောင်ရမည် ဆိုသည့် ညွှန်ကြားချက် ထုတ်၍မရကြောင်း၊ သို့သော် နိုင်ငံတော်၏ ပုံရိပ်အရ အစိုးရအနေဖြင့် ထိုက်သင့်သလို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဦးလှိုင်မြင့်က ပြောသည်။
ထိုဖြစ်ရပ်ကြောင့် ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်မှုနှုန်း ကျမသွားသည့်အပြင် နောက်နှစ်တွင် ယခုနှစ်ထက် ၅၀ ရာခိုင်နှုန်းနီးပါးခန့် ထပ်တိုးလာနိုင်မည်ဟု ၎င်းတို့ဝန်ကြီး ကိုယ်တိုင် မျှော်မှန်းထားကြောင်း သူက ဆက်ပြောသည်။
“ထိုင်းမှာ ဆူနာမီဖြစ်တုံးက နိုင်ငံခြားသား တော်တော်များများ ပါသွားတယ်။ ဒါပေမယ့်လည်း လာနေကြတာပဲလေ။ ဒီလိုမျိုး တွက်နေလို့မရဘူး။ ဥပမာ – ဒီနေရာမှာ ဒီလိုဖြစ်နိုင်ခြေရှိတယ်ဆိုတာမျိုးကို သူ့နိုင်ငံအလိုက် ကြေညာတာပဲ။ မသွားရ ဘူးလို့ အမိန့် မထုတ်ပေမယ့် သတိထားပါ ဆိုတာမျိုးပေါ့။ ဒါပေမယ့် မကြောက်တဲ့ သူကတော့ သွားနေတာပဲလေ။ ၂၀၀၇ ရွှေဝါရောင် ဖြစ်ပြီးခါစက ကမ္ဘာလှည့်ခရီးသည်တွေ တော်တော်လေး လျော့သွားတယ်။ အန္တရာယ်ရှိတယ်လို့ ပြောတဲ့အချိန်မှာ မလာကြဘူး” ဟု ၎င်းက ပြောသည်။
ကမ္ဘာလှည့် ခရီးသည်များ မြန်မာနိုင်ငံသို့ လာရောက်စဉ် လေယာဉ်ပျံများနှင့် ပတ်သက်ပြီး တုံ့ပြန်ပြောဆိုမှုများ မကြာခဏ ကြားရကြောင်း လုပ်သက် ၁၂ ရှိပြီဖြစ်သော ဧည့်လမ်းညွှန်များအသင်းမှ မသန္တာဦးက ဆိုသည်။
ကမ္ဘာလှည့် ခရီးသွားများသည် နိုင်ငံတကာအဆင့်မီ လေယာဉ်များကို အများဆုံး အသုံးပြုခဲ့ကြသူများ ဖြစ်သောကြောင့် လေယာဉ်စီးသည့် အခါတွင် ထိတ်လန့်ခြင်းမျိုး ရှိကြကြောင်း ၎င်းက ဆက်ပြောသည်။
“စိုးရိမ်စိတ်တော့ ရှိကြတာပေါ့။ သူတို့တွေမပြောနဲ့ ကျမတို့တွေလည်း စိုးရိမ်တာပါပဲ။ သူတို့တွေက မြန်မာနိုင်ငံကို လာလည်ရင် အလွန်ဆုံး ၄ ခေါက်၊ ၅ ခေါက်ပဲ စီးသွားရတာ။ ကျမတို့က ကိုယ့်ခရီးသွားလုပ်ငန်း အချိန် ၆ လအတွင်းမှာ အခေါက် ၄၀၊ ၅၀ စီးရတယ်” ဟု သူက ဆိုသည်။
ယခုလက်ရှိ လေယာဉ်ပျံသန်းမှုတွင် တရက်လျှင် အချိန်မည်မျှ ပျံသန်းရမည့် သတ်မှတ်ချက်မျိုး မရှိကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်မှူး ဦးတင်နိုင်ထွန်းက ပြောသည်။ ထိုသို့ အခေါက်ရေ သတ်မှတ်ချက် မထားမှသာလျှင် လေကြောင်းလိုင်းများ အတွက် စီးပွားရေးအရ တွက်ချေကိုက်မည်ဖြစ်ကြောင်း ၎င်း၏ အဆိုအရ သိရသည်။
“တနေ့ကို ဘယ်နှနာရီပဲ ပျံရမယ်ဆိုတာ လေယာဉ်လောကမှာ မရှိပါဘူး။ လေယာဉ်ဆိုတာ ကောင်းနေရင် လေထဲမှာ နေတာပါ။ တနှစ်မှာ ဘယ်နှနာရီ ပျံသန်းခဲ့တယ် ဆိုတဲ့ ပျံသန်းချိန်ကိုသာ ကြည့်တာ” ဟု သူက ပြောသည်။
ထိုသို့ လေယာဉ်ပျံသန်းမှုကို တရက်လျှင် အချိန် မည်မျှသာ ပျံသန်းရန် သတ်မှတ်လိုက်လျှင် ယခုထက်ပိုမို ကောင်းမွန်မည်ဟု ထင်မြင်ကြောင်း ဧည့်လမ်းညွှန်များ အသင်းမှ မသန္တာဦးက ဆိုသည်။
“ဘာဖြစ်လို့လဲဆိုတော့ အနောက်နိုင်ငံတွေမှာ ကားမောင်းတဲ့သူက တနေ့ကို ၈ နာရီထက် ပိုမမောင်းရဘူးလေ။ အဲဒါကြောင့် ဒီလိုအရေးကြီးတဲ့ လေယာဉ်မှာ သတ်မှတ်ချက် တခုခု ရှိသင့်တယ်လို့ ထင်တယ်” ဟု သူက ပြောသည်။