အင်းလေး ဟိုတယ်ဇုန်အသစ်အတွက် အသိမ်းခံထားရသည့် ဘုန်းကြီးကျောင်း ၁၃ ကျောင်း၏ ထင်းစိုက်ခင်းများနှင့်ပတ်သက်ပြီး ဒီဇင်ဘာ ၃၀ ရက်တွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ စီမံဘဏ္ဍာဝန်ကြီးနှင့် သံဃာတော်များ တွေ့ဆုံ ညှိနှိုင်းခဲ့သော်လည်း ပြေလည် မှု မရခဲ့ကြောင်း သိရသည်။
သံဃာတော်များအနေဖြင့် သာသနာ့ နယ်မြေ ဖြစ်သောကြောင့် ဟိုတယ်တည်ဆောက်မှုကို လက်မခံနိုင်ဟု ဝန်ကြီးအားပြောကြား ကြောင်း၊ ဝန်ကြီးကလည်း ဟိုတယ်ဇုန်ကို ဆက်လက်ဆောက်လုပ်ရန် ပြင်ဆင်နေကြောင်း ပြောကြားခဲ့သည်ဟု နမ့်ပန်ကျောင်း ဆရာတော် ဥူးဇာနက ကမိန့်ကြားသည်။
“ဝန်ကြီးကတော့ ဆက်လုပ်မယ့်အကြောင်းပြောသွားတယ်။ ဒါ နိုင်ငံတော်စီမံကိန်းပဲဆိုပြီး ရှင်းပြတာလောက်ပဲရှိတယ်။ ဘုန်းကြီး တွေက လုံးဝလက်မခံနိုင်တဲ့အကြောင်း ပြောကြတယ်။ အစားထိုးပေးဖို့က ဘယ်နေရာကိုပေးမယ်ဆိုတာ မပြောဘူး။ အထက်ကိုတင်ပြပေးမယ်လို့ပဲ မရေမရာ ပြောသွားတယ်”ဟုလည်း အထက်ပါ ဆရာတော်က ဆက်ပြောသည်။
ရှမ်းပြည်နယ် အင်းလေးကန်၏ အရှေ့ဘက် တောင်ခြေတွင် တည်ဆောက်မည့် ဟိုတယ်ဇုန်သစ် စီမံကိန်း အတွက် မြေဧက ၆၂၂ ဧက ကို ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းက စတင် သိမ်းယူခဲ့ခြင်း ဖြစ်သည်။
ယင်း စီမံကိန်းနယ် အဖြစ် သတ်မှတ်ထားသည့် ဧက ၆၂၂ ဧကတွင် အင်းလေးကန်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်း ၁၃ ကျောင်း ၏ ထင်းစိုက်ခင်း ဧရိယာ ဧက ၃၀၀ ကျော်နှင့် ဒေသခံများ၏ စိုက်ခင်းများလည်း ပါဝင်သည်ဟု ဒေသခံ သံဃာတော်များက မိန့်ဆို သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ အင်း တိုင်းရင်းသား ဝန်ကြီး ဦးဝင်းမြင့်က ထိုဘုန်းကြီးကျောင်း ၁၃ ကျောင်း၏ ထင်းခြံများနှင့်ပတ်သက်ပြီး သင့်လျော်သော နေရာတွင် ပြန်အစားပေးရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ အကြံပြုတင်ပြထားပြီးဖြစ်ကြောင်း ပြော သည်။
ထို့အပြင် ၎င်းဟိုတယ်ဇုန်အသစ်အတွက် မြေသိမ်းယူမှုတွင် ပါဝင်နေသော ဒေသခံများ၏ စိုက်ခင်းများ၊ နေအိမ်ခြံဝင်းများနှင့် ပတ် သက်ပြီး နိုဝင်ဘာ ၂၅ ရက်နေ့ကတည်းက ရှမ်းပြည်နယ်ဝန်ကြီးချုပ်က သင့်လျော်သော လျော်ကြေးငွေများ ပေးအပ်မည်ဟု ပြော ဆိုထားပြီးဖြစ်ကြောင်း၊ ထိုလျော်ကြေးငွေကို ဟိုတယ်များတည်ဆောက်ရန် သွင်းငွေများ ပေးအပ်သည့်အချိန်တွင် သင့်လျော်သလို ပေးအပ်သွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်ဟုလည်း အင်း တိုင်းရင်းသား ဝန်ကြီးက ဆိုသည်။
“အခုအချိန်မှာက ဟိုတယ်ဇုန်သွင်းငွေတွေ မရသေးဘူး။ ရတဲ့အချိန်ကြရင်တော့ များရင်များသလောက် လျော်ကြေးငွေများမယ်။ နည်းရင်တော့ သင့်သလောက်ရမယ်။ ကျနော် ကြားတာတော့ ဟိုတယ်တွေက ခေတ်ကာလနှုန်းထားအတိုင်း သွင်းငွေတွေသွင်း မယ်ဆိုတော့ ဒေသခံတွေ မနစ်နာရပါဘူးလို့ ကျနော် ထင်ပါတယ်”ဟု ဝန်ကြီးက ဆက်ပြောသည်။
ဒေသခံများအပိုင် သစ်ပင် ဝါးပင်နှင့် စပါးစိုက်ခင်းက ဧက မည်မျှရှိသည်ကို တောင်သူများနှင့် မြေစာရင်းမှ တာဝန်ရှိသူ များစုပေါင်းပြီး ထပ်မံတိုင်းတာ သတ်မှတ်လိုက်သည့်အတွက် ယခင်က မြေစာရင်းကွာဟမှုများကြောင့် အငြင်းပွားမှုများလည်း ပပျောက်သွားပြီဖြစ်ကြောင်း သိရသည်။
“အဲဒီ တွက်လို့ရတဲ့အပေါ်မှာ လျော်ပေးမယ်ဗျ။ တချို့တွေကတော့ အစိုးရက အခုအထိ မလျော်ပေးသေးတာကို စိုးရိမ်ပြီး တွေပြော ဆို နေကြတာ။ ဝန်ကြီးချုပ်ကလည်း တောင်သူတွေကို နစ်နာအောင် မလုပ်ပါဘူး၊ ငွေရှင်ကြေးရှင်တွေကလည်း မလုပ်ပါဘူး၊ စိတ်ချမ်းချမ်းသာသာနဲ့ နေကြပါလို့ ဝန်ကြီးချုပ်ကိုယ်တိုင် ပြောထားပြီးသားပါ”ဟု အင်း တိုင်းရင်းသား ဝန်ကြီးက ပြောသည်။
အင်းလေးကန် အရှေ့ဘက် အင်ကြင်းကုန်းရွာမှ ကိုအောင်ကျော်မျိုးကမူ လက်ရှိအချိန်တွင် ဒေသခံများက လျော်ကြေးငွေပမာဏနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့ထံ မည်မျှပေးရမည်ဆိုသည့် တောင်းဆိုမှုများမရှိသေးသော်လည်း စပါးစိုက်တောင်သူများအနေဖြင့် တခြားစိုက်ခင်းများထက် ဝင်ငွေရရှိမှုများသောကြောင့် လျော်ကြေးငွေ နည်း ပါးမည့်အရေးကို စိုးရိမ်နေကြကြောင်း ပြောသည်။
ထို့အပြင် ဟိုတယ်ဇုန် တည်ဆောက်မှုကြောင့် ဒေသခံများအနေဖြင့် အောက်ခြေသိမ်း အလုပ်အကိုင်များသာရရှိနိုင်ပြီး တခြား သော အခွင့်အလမ်းများ ရနိုင်ခြေနည်းပါးသည်ဟုလည်း ဆိုသည်။
ယင်း ဟိုတယ်ဇုန်အသစ် တည်ဆောက်မည့်နေရာတွင် အင်းလေးဒေသ၏ သောက်ရေ အကောင်းဆုံးထွက်သည့် ညောင်ဝန်း ရေ ထွက်ပေါက်နှင့် အလွန်နီးကပ်စွာ ရှိနေခြင်းကြောင့် သောက်ရေ အခက်အခဲကြုံတွေ့ရမည့်အရေးကိုလည်း အင်းလေး ဒေသခံများက စိုးရိမ်နေကြသည်။
သို့ရာတွင် ရှမ်းပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး၏ ပြောဆိုချက်အရ အဆိုပါနေရာတွင် ရေထွက် ၆ ခုရှိပြီး ရေ လုံး၀ မခန်းစေရန် ဟိုတယ်ဇုန် ဆောက်လုပ်ရေးအဖွဲ့မှ တာဝန်ယူမည် ဖြစ်ကြောင်း၊ လိုအပ်လျှင် အပေါ်ပိုင်းတွင် ရေကာတာ တည်ဆောက်၍ ရေမပြတ်စေရန် စီစဉ်ပေးမည်ဖြစ်ကြောင်း၊ အဆိုပါ ရေထွက်ကိုလည်း ဟိုတယ်များက ယူသုံးမည်မဟုတ်ကြောင်း သိရသည်ဟု အင်းတိုင်းရင်းသားဝန်ကြီး ဦးဝင်းမြင့်က ပြောဆိုသည်။