ကမ္ဘာလှည့်ခရီးသွား လာရောက်မှုများသော နေရာတခုဖြစ်သည့် တောင်သမန်အင်းကို မူလအတိုင်း နွေမိုးဆောင်း သုံးရာသီအလှ ပြန်လည်ရရှိစေရန် ဒေသခံများဖြင့် ဖွဲ့စည်းထားသည့် သဘာ၀ ဝန်းကျင်နှင့် လူမှုကွန်ယက် (အမရပူရ) ကြိုးပမ်းမည်ဟု သတင်းရသည်။
ယခင်က တောင်သမန်အင်းမှာ မိုးရာသီ၌သာ ရေရှိပြီး ဆောင်းနှင့် နွေတွင် ရေကျဆင်းကာ ဆောင်းသီးနှံ စိုက်ပျိုးခင်းများကြောင့် ကမ္ဘာလှည့် ခရီးသွားများကို ပိုမိုစွဲဆောင်နိုင်ခဲ့ကြောင်း၊ နောက်ပိုင်း ငါးမွေးမြူရေး လုပ်ငန်းများကြောင့် ရေသွင်းရေထုတ် ရပ်ဆိုင်းပြီး ရေညစ်ညမ်းကာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ဖြစ်ပေါ်နေသည့်အတွက် မူလအခြေအနေ ပြန်လည်ရရှိရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း လူမှုကွန်ယက် အဖွဲ့ဝင်တဦးဖြစ်ပြီး တောင်သမန်အင်းတဝိုက် ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်နေသည့် ဗိသုကာ ပညာရှင် ကိုငြိမ်းဝင်းက ဆိုသည်။ “ရေအမြဲလှောင်ထားတော့ ညစ်ညမ်းမှုကြောင့် ကျန်းမာရေးလည်း ထိခိုက်နိုင်သလို၊ ဗိသုကာပညာရပ်ဘက်က ကြည့်ရင်လည်း တိုင်တွေက ရေအမြဲမြုပ်နေတော့ ဆွေးလွယ်တယ်၊ အပျက်အစီးမြန်တယ်” ဟု ၎င်းက ဆိုသည်။
အာဏာပိုင်များက ငါးမွေးမြူရေး တခုတည်းကိုသာ လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းကြောင့် အင်းအတွင်း ရေကျချိန် လယ်ယာလုပ်ငန်း လုပ်ကိုင်သည့် ဒေသခံများလည်း နစ်နာမှုများ ဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားများ နှစ်သက်သည့် အနေအထားများလည်း ပျက်စီးခဲ့ရသည်ဟု ကိုငြိမ်းဝင်းက ဆက်လက်ပြောသည်။
ထိုသို့ ကမ္ဘာလှည့်ခရီးသွားများကို စွဲဆောင်နိုင်သည့် နေရာတခု ဖြစ်သည့် တောင်သမန်အင်း မပျက်စီးရေးကို တခြားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ပြည်သူ့လွှတ်တော်တွင်လည်း တင်ပြဆွေးနွေးရန် လုပ်ဆောင်မည်ဟု သိရသည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ် တက်လာပြီးနောက်ပိုင်းတွင် ရှမ်းပြည်တောင်ပိုင်း အင်းလေး၊ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ပုဂံနှင့် မန္တလေး၊ အင်းဝ၊ ငပလီ၊ ငွေဆောင် စသည့် ဒေသများသို့ ကမ္ဘာလှည့်ခရီးသွား အများအပြား လာရောက်ကြရာ အမရပူရရှိ
တောင်သမန်အင်းလည်း အပါအဝင်ဖြစ်သည်။
တောင်သမန် အင်းစောင်းတွင် ကမ္ဘာလှည့် ခရီးသွားများ အများအပြား လာရောက်သည့် မဟာဂန္ဓာရုံ ဘုန်းတော်ကြီးကျောင်းနှင့် ထိုင်းလူမျိုးများ နှစ်စဉ်လာရောက်သည့် ကုန်းဘောင်ခေတ်က မြန်မာနိုင်ငံသို့ သုံပန်းအဖြစ် ခေါ်ဆောင်ခြင်းခံရသူ သဖန်းပွင့်မင်းသား ဘွဲ့ခံ ထိုင်းဘုရင် ကျောက်ဘွားဒေါက် မဒူဝါး၏ ဂူလည်းရှိသည်။
“တောင်သမန်အင်းရဲ့ နေဝင်ချိန်အလှကို လာကြည့်တဲ့ ခရီးသွားတွေ၊ ထိုင်းဘုရင်အုတ်ဂူကို လာတဲ့သူတွေ ဒီနှစ် အရမ်းများတယ်။ ဒါကြောင့် ဈေးဆိုင်တွေလည်း အရောင်းအဝယ် ကောင်းတယ်” ဟု ကိုငြိမ်းဝင်းက ပြောသည်။
အစိုးရအဆက်ဆက်က တောင်သမန်းအင်းအတွင်း ရေပြည့်ချိန် မိုးရာသီတွင်သာ ငါးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့သော်လည်း စစ်အစိုးရ တက်လာပြီးသည့် နောက်ပိုင်းမှ စတင်ကာ ဆယ်နှစ်ရာသီ ငါးလုပ်ငန်း လုပ်ကိုင်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။
မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်ကလည်း “ဟိုတုန်းက နွေဆို အလယ်မှာ ချောင်းလေးသာသာ ရေစီးနေ၊ ကိုင်းသမား ယာသမားတွေ နွားတွေနဲ့ ထွန်ယက်၊ အလယ်မှာက တံတားကြီး ကမ္ဘာလှည့်ခရီးသွားက အမြင်မှာ အရမ်းသဘောကျတော့ လာကြတယ်” ဟု ပြောသည်။
တောင်သမန်းအင်းကို ရေအမြဲမပြတ်သွင်းကာ ငါးလုပ်ငန်း လုပ်ကိုင်ခွင့် ပြုခဲ့သည့်အတွက် ဦးပိန်တံတား၏ ကြံ့ခိုင်မှုမှာ စိုးရိမ်ဖွယ်ရာ ဖြစ်သကဲ့သို့ တောင်သမန် အင်းစောင်းရှိ နှစ်ပေါင်းရာချီကာ တည်ရှိသည့် မယ်ဇယ်ပင်ကြီးမှာလည်း ရေဒဏ်ကြောင့် သေဆုံးခဲ့ရကြောင်း၊ ထို့အတွက် တောင်သမန်အင်းအား သုံးရာသီအလှ ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်မှုများကို ကြိုဆိုကြောင်း ဆရာ ဆူးငှက်က ဆိုသည်။
စစ်အစိုးရ တက်လာပြီးသည့် နောက်ပိုင်း မန္တလေးဒေသ တဝိုက်တွင် စက်မှုဇုန်များ ဖော်ဆောင်ရာ တောင်သမန်အင်း အနီးတွင် သကြားစက်၊ အရက်ချက်စက်များ တည်ဆောက်လာသည့်အတွက် ယင်းစက်ရုံများမှ ရေဆိုးများမှာ အင်းအတွင်းသို့ စီးဆင်းမှုများလည်း ရှိနေသည်ဟု သိရသည်။
တောင်သမန်အင်း ရေတိုးသည့် မြင်ကွင်း ဓာတ်ပုံများ ကြည့်ရှုရန်