အစိုးရ စစ်တပ်အနေဖြင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အပေါ် ထိုးစစ်ဆင်နေမှုအား ရပ်တန့်ခြင်း မပြုပါက အပစ်အခတ် ရပ်စဲထားသည့် လက်နက်ကိုင်အဖွဲ့များ အနေဖြင့် ထပ်မံဆွေးနွေးမည့် အစီအစဉ်များကို ပြန်လည် သုံးသပ်ရမည် ဖြစ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွ့ဲ ၁၀ ဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့တို့အကြား ပဏာမအဆင့် အပစ်ရပ်စဲထားပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးခြင်း၊ နိုင်ငံရေးအရ ဆွေးနွေးခြင်း စသည့် လုပ်ငန်းစဉ်များ ရှေ့ဆက် လုပ်ဆောင်ရန် သဘောတူထားကြောင်း၊ သို့သော် တခြားတဘက်တွင် ထိုးစစ်ဆင်နေသည့်အတွက် အစိုးရ၏ ပြောဆိုမှုအပေါ် သံသယရှိကြောင်း မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူးနှင့် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ပြောခွင့်ရသူ နိုင်ဟံသာက ပြောသည်။
“(၂၀၁၂) နိုဝင်ဘာလမှာ ဦးအောင်မင်းနဲ့ တွေ့တုန်းက အခု (၂၀၁၃) ဇန်နဝါရီလထဲမှာပဲ UNFC အဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးဖို့ သဘောတူထားကြတယ်။ အခု ကချင်ကို ထိုးစစ်တွေ ဆင်နေတော့ နိုင်ငံရေးအရ မဆွေးနွေးချင်တဲ့ သဘောလို့လည်း တဖက်က ယူဆလို့ရတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ကချင်ဒေသတွင်း ထိုးစစ်ဆင်နေမှုများအား ရပ်တန့်ပေးရန်နှင့် မရပ်တန့်ပေးပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ဆိုးကျိုးများအားလုံးသည် အာဏာရအစိုးရနှင့် မြန်မာ့တပ်မတော်၏ တာဝန်သာဖြစ်ကြောင်းလည်း ပြည်ပအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ခုအား စုပေါင်းဖွဲ့စည်းထားသည့် UNFC က ဇန်နဝါရီလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
အာဏာရ လူတစုသည် မိမိတို့ အကျိုးသာကြည့်ပြီး တခြားသော လူမျိုးများအပေါ် နိုင်ငံရေး၊ စစ်ရေး နည်းပေါင်းစုံဖြင့် ဖိနှိပ်၍ စစ်ရေးအရ လုပ်ဆောင်နေခြင်းကြောင့် နှစ်ပေါင်း ၆၀ ကျော်အထိ ပြည်တွင်းစစ် ဖြစ်ပွားနေရကာ ပြည်သူများ ဒုက္ခရောက်နေသည်ကို သင်ခန်းစာမယူဘဲ စစ်ရေးအရ ဖြေရှင်းနေခြင်းသည် မိုက်မဲသည့် လုပ်ရပ်သာ ဖြစ်ကြောင်းလည်း ကြေညာချက်က ဆိုထားသည်။
“အစိုးရအဖွဲ့နဲ့ စစ်တပ်ဆိုတာက သူတို့အားလုံးက အတူတူပဲလေ။ ဒီတော့ တဘက်က ငြိမ်းချမ်းရေး စကားပြောပြီး တဘက်က ထိုးစစ်ဆင်နေတာကိုက ရိုးသားမှု မရှိဘူး” ဟု နိုင်ဟံသာက ဆိုသည်။
ကချင်အပါအဝင် တိုင်းရင်းသား ဒေသတချို့၌ တိုက်ပွဲများ ဖြစ်ပွားနေရခြင်းသည် အစိုးရအဖွဲ့နှင့် မြန်မာ့တပ်မတော် တို့အနေဖြင့် သဘောတူညီထားသည့် စည်းကမ်းချက်များကို လိုက်နာမှုမရှိသည့်အတွက် ဖြစ်ကြောင်း၊ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ပဏာမအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားသည်မှာ တနှစ်ရှိပြီ ဖြစ်သော်လည်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေကြောင်း ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောင်ဝ်ဆိုင်းက ဧရာဝတီသို့ ပြောသည်။
ကချင်ဒေသတွင်း ထိုးစစ်ဆင်မှုများနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဖက် ပြေလည်စေမည့် နည်းလမ်းကို မသုံးဘဲ စစ်ရေးအရ အင်အားသုံး ဖြေရှင်းပါက အားလုံးမျှော်မှန်းထားသည့် ငြိမ်းချမ်းရေးလမ်းစဉ်များ အောင်မြင်မည် မဟုတ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ကချင်က နိုင်ငံရေးဆွေးနွေးချင်တယ်၊ ဒါပေမယ့် အစိုးရက နိုင်ငံရေး မဆွေးနွေးချင်ဘဲ စစ်ရေးပဲ ပြောနေတယ်။ စစ်ရေးက အရင်ကလည်း ဆွေးနွေးပြီးပြီပဲ။ ဒါပေမယ့် ပြန်တိုက်နေရတာပဲ။ ဒီတော့ စစ်ရေးက ဆွေးနွေးစရာ မလိုတော့ဘူးလို့ ထင်တယ်” ဟု ဗိုလ်မှူး စိုင်းလောင်ဝ်ဆိုင်းက ဆိုသည်။
ဝန်ကြီး ဦးအောင်မင်းနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့ ၂၀၁၂ နှစ်၊ နှောင်းပိုင်းတွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံစဉ် အစိုးရဘက်က စစ်ရေးနှင့် နိုင်ငံရေး နှစ်မျိုးစလုံး ဆွေးနွေးရန် သွားရောက်ခဲ့သော်လည်း KIO က နိုင်ငံရေးအရသာ ဆွေးနွေးမည်ဟု ပြောဆို၍ ဆွေးနွေးပွဲ အားနည်းခဲ့ရကြောင်း ဦးအောင်မင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့တွင် ပါဝင်ခဲ့သူတဦးက ဧရာဝတီကို ပြောသည်။
ဦးအောင်မင်းသည် KIO နှင့် ထပ်မံဆွေးနွေးရန် ကမ်းလှမ်းထားသော်လည်း KIO က အကြောင်းပြန်ကြားမှု မရှိသေးကြောင်း၊ ဦးအောင်မင်း အနေဖြင့် ဆွေးနွေးပွဲများ ဖြစ်ပေါ်ရေးအတွက် အင်တိုက်အားတိုက် လုပ်ဆောင်မည်ဟု မီဒီယာများကို ပြောဆိုထားကြောင်း ဝန်ကြီး ဦးအောင်မင်း၏ ကိုယ်ရေးအရာရှိ ဦးဝေဖြိုးကျော်က ဧရာဝတီသို့ ပြောသည်။
၎င်းက “ဦးအောင်မင်းက ကမ်းလှမ်းပေမယ့် KIO က အကြောင်းပြန်တာ ဒီနေ့အထိ မရှိသေးပါဘူး။ ဝန်ကြီးကတော့ ဆက်ကြိုးစားမယ် ပြောထားတယ်” ဟု ဆိုသည်။
KIO နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဦးအောင်မင်းက ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် အကြောင်းစာပေးပို့ပြီး၊ ၁၄ ရက်နေ့တွင် စစ်တပ်အင်အားတိုးချခဲ့ကြောင်း၊ ယခုလည်း အစိုးရ စစ်တပ်က ထိုးစစ်ဆင်နေမှုများကြောင့် ဆွေးနွေးပွဲများ ဖြစ်လာနိုင်ခြေ နည်းပါးကြောင်း၊ ဦးအောင်မင်း အပေါ်လည်း ယုံကြည်မှု နည်းပါးသွားကြောင်း KIA ပြောခွင့်ရသူ ဦးလနန်က ဧရာဝတီကို ပြောသည်။
ယနေ့ထုတ် အစိုးရသတင်းစာများက ရေးသားထားရာတွင် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေး ချမ်းရေးအတွက် လဂျားယန် စခန်းသို့ ရိက္ခာပို့လမ်းကြောင်းကို ပိတ်ဆို့ထား၍ KIA ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း၊ KIA ၏ အဓိက ကင်းထောက်စခန်းတခုမှ လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ရေးသားဖော်ပြထားသည်။
လဂျားယန်ဒေသသည် KIA ဌာနချုပ်ရှိရာ လိုင်ဇာဒေသနှင့် နီးသည့် နယ်မြေတခုလည်း ဖြစ်သည်။
ကချင်ပြည်နယ်အတွင်း အစိုးရစစ်တပ်၏ လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်မှုများအပေါ် စိုးရိမ်ကြောင်း အမေရိကန်နှင့် ကုလသမဂ္ဂအဖွဲ့ကလည်း ပြောဆိုလိုက်ပြီး ထိုးစစ်များ အမြန်ဆုံးရပ်တန့်၍ အကောင်းဆုံး နည်းလမ်းများရှာဖွေ တွေ့ဆုံဆွေးနွေး အဖြေရှာကြရန်လည်း တိုက်တွန်းထားသည်။