မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ၏ နောက်ဆုံးပညာရေးဝန်ကြီး၊ ရန်ကုန်တက္ကသိုလ် စိတ်ပညာပါမောက္ခဟောင်း၊ စာရေးဆရာကြီး ဒေါက်တာကျော်စိန် (၈၁) နှစ်သည် ယမန်နေ့ နံနက် ၁၁ နာရီ ၂၂ မိနစ်၌ ရန်ကုန်မြို့တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားသည်။
“ရောဂါကတော့ ထွေထွေထူးထူးမရှိဘူး၊ လွန်ခဲ့တဲ့ ၄ လလောက် သွေးတိုးပြီး လှေကားပေါ်က ကျတယ်။ အဲဒီမှာ ဦနှောက်ကို နည်းနည်း ထိခိုက်သွားတော့ ဆေးပြနေရင်းကနေ ဆုံးတာပါ” ဟု သားဖြစ်သူ မော်လမြိုင်တက္ကသိုလ် ဒု ပါမောက္ခချုပ် ဒေါက်တာ အောင်မြတ်ကျော်စိန်က ဆိုသည်။
ဆရာကြီး ဒေါက်တာ ကျော်စိန်၏ ကြွင်းကျန်သည့် ရုပ်ကလာပ်ကို လာမည့် သောကြာနေ့ မွန်းတည့် ၁၂ နာရီတွင် ရေဝေးသုသာန်၌ သင်္ဂြိုဟ်မည်ဖြစ်သည်။
ပဲခူးဇာတိဖြစ်သော ဒေါက်တာ ကျော်စိန်သည် ၁၉၅၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ စိတ်ပညာဘာသာရပ်ကို စတင်လေ့လာဆည်းပူးခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် အမေရိကန်နိုင်ငံ ကိုလံဘီယာ တက္ကသိုလ်မှ လူမှုစိတ်ပညာ ပါရဂူဘွဲ့ ရရှိခဲ့သည်။
စိတ်ပညာပါမောက္ခဖြစ်သူ စာရေးဆရာ တက္ကသိုလ် ဘုန်းနိုင်တို့နှင့် ခေတ်ပြိုင်ဟု ဆိုနိုင်ပြီး ဒေါက်တာ ကျော်စိန်သည် ရန်ကုန်တက္ကသိုလ်၌ စိတ်ပညာဘာသာရပ်ကို သင်ကြားနေစဉ်ကတည်းကပင် ရှုမဝ၊ ငွေတာရီစသည့် မဂ္ဂဇင်းများတွင် စိတ်ပညာဆိုင်ရာ ဆောင်းပါးများ ရေးသားနေသူဖြစ်သည်။
ဆရာကြီး ဒေါက်တာ ကျော်စိန် ရေးသားခဲ့သည့် စာအုပ်များမှာ ဘာသာရပ်ပေါ်တွင် အခြေခံကာ အသိပညာပေး စိတ်ပညာဆိုင်ရာ စာအုပ်များဖြစ်ပြီး စာသင်သားများသာမက ပြင်ပစာဖတ်သူများကပါ ကြိုက်နှစ်သက် လက်စွဲထား လေ့လာရခဲ့ကြရသည်။
စစ်တွေတက္ကသိုလ် စိတ်ပညာဌာနမှုး ဒေါက်တာ သက်လွင်က “ကျနော် ဘာသာရပ်မှာ ဆရာကြီး ဒေါက်တာ ကျော်စိန်လို ရိုးရိုးစာပေမှာရော ပညာရပ်ပိုင်းမှာပါ နှစ်မျိုးစလုံး အားကောင်းတယ်သူ ရှားတယ်။ ဆရာကြီးတက္ကသိုလ် ဘုန်းနိုင်တို့ပဲ ရှိတယ်” ဟု ဆိုသည်။
၁၉၇၃ ခုနှစ် စာပေဗိမာန် စာပေဆုရ “သင့်ဘဝအတွက် အသုံးချစိတ်ပညာ” သည် စာအုပ်ကောင်းတအုပ်ဖြစ်ပြီး စိတ်ပညာနှင့် အနုစာပေဆိုင်ရာ အပါအဝင် ဆရာကြီး ဒေါက်တာ ကျော်စိန် သုတေသနပြု ရေးသားခဲ့သည့် ကိုယ်ရည်ကိုယ်သွေး စစ်ဆေးလွှာများသည်လည်း စိတ်ပညာ ဘာသာရပ်တွင် အသုံးချတန်ဖိုးရှိကြောင်း ဒေါက်တာ သက်လွင်က ရှင်းပြသည်။
လက်ဝဲစာရေးဆရာ ဗန်းမော်တင်အောင်မှာ ဒေါက်တာ ကျော်စိန် အကြိုက်ဆုံး စာရေးဆရာဖြစ်ခဲ့ပြီး၊ ဗန်းမော်တင်အောင် ရေးသားခဲ့သည့် စာစုများကို နှုတ်တိုက်ကျက်မှတ် ရွတ်ဆိုသည့်အထိ သရုပ်မှန်စာပေကို နှစ်သက်သူဖြစ်သည်ဟု သိရသည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ဥက္ကဋ္ဌ ဦးနေဝင်း၏ ချစ်ခင်ရင်းနှီးမှုကို ရယူနိုင်သူအဖြစ် ပညာရေးလောကတွင် လူသိများသော်လည်း ရိုးရှင်းစွာပင် နေထိုင်ခဲ့သူဖြစ်သည်။ မဆလအစိုးရ၏ နောက်ဆုံးအချိန်ဖြစ်သည့် ၁၉၈၈ ခုနှစ် နှစ်ဦးပိုင်းတွင် ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။
သို့သော် ဝန်ကြီးသက်တမ်းမှာ ၃ လခန့်သာ ကြာမြင့်ခဲ့ပြီး မဆလ အစိုးရ ပြုတ်ကျခဲ့သည့်နောက်ပိုင်း ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနတွင် ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။ သို့သော် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ကိုယ်စားပြု၍ ရန်ကုန်တိုင်း သင်္ကန်းကျွန်းမဲဆန္ဒနယ်မှ ဝင်ရောက်အရွေးခံခဲ့ရာ ရှုံးနိမ့်ခဲ့သည်။
စိတ်ပညာဆိုင်ရာ စာအုပ် ၃၀ ခန့်ရေးသားခဲ့ရာ ခေတ်သစ်စိတ်ပညာ၊ စိတ်ပညာ ရှုဒေါင့်အထွေထွေ၊ သင့်ဘဝအတွက် အသုံးချစိတ်ပညာ၊ စိတ်ပညာဆောင်းပါး ပေါင်းချုပ်၊ စိတ်ပညာသမိုင်းကျမ်း၊ ဆရာဇော်ဂျီ စာပေ အထုပ္ပတ္တိ (ဇော်ဋီကာ)၊ လူငယ်လမ်းညွန်၊ ဖခင်ဘ၀ ဇတ်လမ်းစုံ စသည့် စာအုပ်များမှာ ထင်ရှားသည်။
ဆရာကြီး ဒေါက်တာ ကျော်စိန်သည် အမျိုးသားစာပေ တသက်တာဆုနှင့် ပခုက္ကူ ဦးအုံးဖေ တသက်တာစာပေဆုရှင်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်တင်တင်အေးနှင့် သားသမီး ၃ ဦး၊ မြေး ၇ ဦးကျန်ရစ်သည်။