ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာအနီး ဖွန်းပျဉ်ဘွန် တောင်ကုန်းစခန်းကို အစိုးရ စစ်တပ်က အလုံးအရင်းဖြင့် ယနေ့ နေ့လယ် ၁၂ နာရီက စတင် ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။
“တိုက်ပွဲက ၁၂ နာရီလောက်က ဖြစ်တယ်။ သူတို့ ဖွန်းပျဉ်ဘွန်ကို ထိုးနေတယ်” ဟု KIA နှင့် ပူးတွဲ တိုက်နေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်းမှ ဗိုလ်မှူး မင်းဌေးက ဧရာဝတီသို့ ပြောသည်။
ယမန်နေ့ကလည်း KIO/KIA ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့သို့ အစိုးရ စစ်တပ်က အမြောက်လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ ကြောင်းလည်း သူက ဆက်ပြောသည်။
“မနေ့က လိုင်ဇာကို လက်နက်ကြီး ၈ လုံး ပစ်တယ်။ မနက် ၉ နာရီကနေစပြီးမှ အမြောက်တပ်ကနေ ၁၀၅ မမ ၃ လက်ကို တပြိုင်တည်းပစ်တာ ၃ လုံး တခါ၊ နောက် ၃ လုံး ပစ်တော့ ၆ လုံး။ သူတို့ ပြန်သိမ်းထားတဲ့ ပွိုင့် ၇၇၁ တောင်ကုန်းကနေ ၂ လုံး ပစ်တာ” ဟု ဗိုလ်မှူး မင်းဌေးက ဆိုသည်။
အဆိုပါ ပစ်ခတ်မှုများတွင် ထိခိုက်ဒဏ်ရာ ရသူမရှိကြောင်း၊ ပွိုင့် ၇၇၁ တောင်ကုန်းအား အစိုးရစစ်တပ်က ပြန်လည် သိမ်းယူပြီးနောက်ပိုင်း လိုင်ဇာမြို့အနီးရှိ အရေးပါသော တောင်ကုန်းစခန်းများကို သိမ်းပိုက်ရန် ယခုကဲ့သို့ ထိုးစစ်အပြင်းအထန် ဆင်နွှဲနေခြင်းဖြစ်ကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန်နှင့် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းတို့ကလည်း KIO/KIA ဌာနချုပ် လိုင်ဇာအား သိမ်းယူမည် မဟုတ်ကြောင်း မကြာသေးခင်က ပြောကြားချက်နှင့် ပတ်သက်၍ “သူတို့ ဒီလိုပြောတာဟာ စစ်ရေး နားမလည်တဲ့ ပြည်သူကို လိမ်ညာနေတယ်လို့ ပြောချင်တယ်။ သူတို့က လိုင်ဇာကို သိမ်းစရာ မလိုဘူးလေ။ လိုင်ဇာ ပတ်ပတ်လည်က တောင်ကုန်းတွေအားလုံး သိမ်းလိုက်ရင် လိုင်ဇာဆိုတာ အလိုလို ကျပြီးသား ဖြစ်နေပြီပဲ။ လိုင်ဇာမြို့ကို သူတို့ ဘာသိမ်းယူစရာ အကြောင်းရှိမှာလဲ” ဟု ဗိုလ်မှူး မင်းဌေးက ဆိုသည်။
သို့အတွက် KIA နှင့် ABSDF (မြောက်ပိုင်း) တပ်ဖွဲ့ဝင်များက ပွိုင့် ၇၇၁ တောင်ကုန်းအောက်ခြေသို့ ဇန်နဝါရီလ ၄ ရက်နေ့က တန်ပြန် ထိုးစစ်ဆင်ခဲ့ရာ ABSDF မှ တဦးကျဆုံးပြီး KIA ဘက်မှ ၃ ဦးကျဆုံးခဲ့ကြောင်း သိရသည်။
ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ကချင်လက်နက်ကိုင် အဖွဲ့များက စစ်ရေးနှင့် မသက်ဆိုင်သော ပစ်မှတ်များ၊ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေသော အစိုးရဌာနများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ကို တိုက်ခိုက်လာသဖြင့် တပ်မတော်အနေဖြင့် ပြည်သူများ၏ အသက် အိုးအိမ် လုံခြုံရေး ၊ လမ်းပန်းဆက်သွယ်မှု လုံခြုံ ချောမွေ့စေရေး၊ နယ်ေြမေဒေသ တည်ငြိမ်အေးချမ်းရေးတို့ အတွက် မိမိကိုယ်ကို ခုခံ ကာကွယ်မှုနှင့် စစ်ရေးအရ ပြန်လည် တုံ့ပြန်မှုများကို မလွဲသာ မရှောင်သာ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်များနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် ပြောကြားသည်။
ထို့အပြင် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က လက်တွေ့ မြေပြင်ဖြစ်ရပ်များနှင့် သတင်းမီဒီယာများ ဖော်ပြမှုသည် ကွာဟနေသည့်အတွက် KNU ခေါင်းဆောင်များ အနေဖြင့်လည်း ကိုယ်တိုင်သွားရောက် လေ့လာနိုင်ပါကြောင်းလည်း ပြောကြားခဲ့သည်။
KIO / KIA နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုသည် ၂၀၁၁ ခုနှစ် ဇူလိုင်လက စတင်ကျိုးပေါက်ခဲ့ပြီး ယနေ့အထိ တိုင် ၁၈ လ ဝန်းကျင်ကြာ တိုက်ပွဲများ ဖြစ်ပွားလာမှုကြောင့် အပြစ်မဲ့ အရပ်သား ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရမှု၊ အိုးအိမ် စွန့်ခွာ စစ်ပြေး ဒုက္ခသည်ဖြစ်မှုများ တိုးပွားလာနေသည်။
KIA မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်က ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများ အဆုံးသတ်ရေးအတွက် မည်သူမဆို ကြားဝင်ဆောင်ရွက်ပေးပါရန် တိုက်တွန်း နှိုးဆော်ထားသည်။
အလားတူ ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင်လည်းဖြစ်၊ စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်သူ ဦးယွပ်ဇော်ခေါင်ကလည်း ကချင်ပြည်နယ်အတွင်း စစ်ပွဲများ အရှိန်မြင့်လာမှု အဆုံးသတ်သွားစေရေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ကြားဝင်ကူညီပေးပါရန် လွန်ခဲ့သည့် စနေနေ့က မေတ္တာရပ်ခံ တောင်းဆိုထားသည်။
သို့သော် ကချင်ပြည်နယ် စစ်ပွဲများ အဆုံးသတ်ရေး ကြားဝင်စေ့စပ်ရန်ကိစ္စမှာ အစိုးရ အပေါ်တွင် မူတည်ကြောင်း ယမန်နေ့က ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။
ကချင်ဒေသတွင် အစိုးရတပ်က လေကြောင်းပစ်ကူ ထိုးစစ်များနှင့် စပ်လျဉ်း၍ AFP သတင်းဌာနက မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က “ဒီကိစ္စက အစိုးရ အပေါ်ပဲ မူတည်ပါတယ်။ ဒီအချိန်မှာ အစိုးရက ဒီကိစ္စကို ကိုင်တွယ်နေပါတယ်” ဟု ဖြေကြားခဲ့သည်။
ကျယ်ကျယ်ပြန့်ပြန့် ချီးမွမ်းခံနေရသည့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ပုံပေါ်လာစေရန် ပြည်တွင်းစစ်မီး အမြန်ဆုံး ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွင် ကြားဝင်စေ့စပ်ရေးမှာ တရားဝင် ဖိတ်ကြားခံရမှု ရှိရန် လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။
မကြာသေးမီက ကချင်ပြည်နယ် လိုင်ဇာမြို့သို့ သွားရောက်ခဲ့ပြီး KIA စစ်ဘက်ခေါင်းဆောင် ဗိုလ်ချုပ် ဂွန်မော်နှင့် ၂ ကြိမ်တိုင် ဆွေးနွေးခဲ့သူ ၈၈ မျိုးဆက်ကျောင်းသား တဦးဖြစ်သည့် ဦးမြအေးက လတ်တလော ကချင်ပြည်နယ်တွင် စစ်ရှိန်ကို လျှော့ချနိုင်ရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်စနိုင်မည့် လမ်းစကို ရှာဖွေသည့်အနေဖြင့် ဆွေးနွေးခဲ့ရာ KIO/ KIA ဘက်က နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်ဆောင်ရေးမူကို လက်ကိုင်ထားကြောင်း ဧရာဝတီသို့ ပြောသည်။
“လက်ရှိ အခြေအနေမှာ ဆွေးနွေးပွဲတွေ ပြန်စတင်ဖို့ဆိုရင် လက်ရှိ ဖြစ်ပေါ်နေတဲ့ စစ်ရှိန်ကို ချပေးဖို့လိုမယ်။ နောက် နိုင်ငံရေး ဆွေးနွေးပွဲမျိုးဖြစ်လာဖို့ တိကျခိုင်မာတဲ့ အာမခံချက်ပေးဖို့လိုမယ်။ ဒါဆိုရင် ဆွေးနွေးပွဲတွေ ပြန်ဖြစ်မှာပါ” ဟု သူက ဆက်ပြောသည်။
ဆွေးနွေးပွဲများ ပြန်လည်ဖြစ်ပေါ်လာပါက မြန်မာ့တပ်မတော်ဘက်မှ တာဝန်ရှိသူများ ပါသင့်သကဲ့သို့ KIA ဘက်ကလည်း စစ်ဘက်ခေါင်းဆောင် ဗိုလ်ချုပ် ဂွန်မော်လည်း တက်ရောက်ရေး တိုက်တွန်းခဲ့ကြောင်း၊ KIA တွင် ဖမ်းဆီး ထိမ်းသိမ်းထားသည့် သုံ့ပန်းများအရေး ဆွေးနွေးဖြစ်ကြောင်း ဦးမြအေးက ဆိုသည်။