ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းရှိ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်း၊ ဓာတ်ငွေ့သန့်စင် စက်ရုံတည်ဆောက်ရေး လုပ်ငန်း စသည်တို့ကို တာဝန်ယူထားသည့် တွဲဘက် ကန်ထရိုက် ကုမ္ပဏီများက ဒေသခံ အလုပ်သမား များကို တလနီးပါးအထိ လုပ်ခ ရှင်းမပေးသည့် ဖြစ်ရပ်များ ရှိနေကြောင်း ကြားသိရသည်။
“တပတ်ကို တကြိမ် လုပ်ခတွေ ရှင်းပေးခဲ့တယ်။ အခု လုပ်ခ ရှင်းမပေးတာ ၂၈ ရက်ရှိပြီ။ တခြား လုပ်စရာလည်း မရှိတော့ ဒီမှာပဲ ဆက် အလုပ်ဆင်းနေရတယ်။ တချို့ လစာမရလို့ ဆက်မလုပ်တော့ တာတွေလည်း ရှိတယ်” ဟု ကျောက်ဖြူ မြို့နယ် မလကျွန်း ကျေးရွာရှိ ပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းတွင် နေ့စားလုပ်နေသည့် ကိုခင်ရီက ပြောသည်။
နေ့စား အလုပ်သမားများသည် မနက် ခြောက်နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ အလုပ်ဆင်းရပြီး နေ့လယ်စာ စားချိန်နှင့် နားချိန်ကို မနက် ၁၁ နာရီခွဲမှ ၁ နာခွဲအထိ ရရှိကြောင်း သိရသည်။ အများအားဖြင့် မြေကျင်းတူး၊ မြေသယ် စသည့် အလုပ်များကို လုပ်ကိုင်ရပြီး လုပ်အားခအဖြစ် တရက်လျှင် ၃၅၀၀ ကျပ်နှုန်း ရရှိကြသည်။
“ကျနော်တို့က ဒီပိုက်လိုင်း စီမံကိန်းရဲ့ တစိတ်တပိုင်းကိုပဲ တာဝန်ယူထားတဲ့ တွဲဘက် ကန်ထရိုက်ဆိုတော့ ကျနော်တို့ အထက်က ကုမ္ပဏီကြီးတွေက ငွေရှင်းမှပဲ အလုပ်သမားခတွေ ပေးနိုင်ပါတယ်။ အခုလည်း ရစရာရှိတာ မရတော့ ကြန့်ကြာနေတာပါ” ဟု ပိုက်လိုင်း တည်ဆောက်ရေး တစိတ်တပိုင်းကို တာဝန်ယူထားသည့် MCC ကုမ္ပဏီမှ အလုပ်သမားရေးရာ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။
သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း သွယ်တန်းမှု စီမံကိန်းအတွက် ရခိုင်ပြည်နယ်အတွင်း ၂၀၂ ကီလိုမီတာ တည်ဆောက်ရန် တာဝန်ယူထားသည့် အိန္ဒိယ ကုမ္ပဏီတခုဖြစ်သည့် Punj Loid ကုမ္ပဏီမှ တာဝန်ရှိသူ တဦးကလည်း နေ့စား အလုပ်သမား များအတွက် လုပ်ခလစာများကို ၁၅ ရက်လျှင် တကြိမ်ထုတ်ပေးလေ့ရှိပြီး အကြောင်း အမျိုးမျိုးကြောင့် ကြန့်ကြာမှုများ ရှိနိုင်သည်ဟု ဖြေရှင်းပြောဆိုသည်။
ကျောက်ဖြူမြို့နယ်အတွင်းရှိ သဘာဝဓာတ်ငွေ့ တူးဖော်ရေး၊ ပိုက်လိုင်း တည်ဆောက်ရေး၊ ဓာတ်ငွေ့သန့်စင် စက်ရုံ တည်ဆောက်ရေး စသည့် လုပ်ငန်းများအတွက် ဒေသခံ များကို အလုပ်ပေးထား နိုင်သော်လည်း ဒေသခံ အများစုမှာ နေ့စား အလုပ်သမားများ အဖြစ်သာ ရပ်တည်နေရကြောင်း သိရသည်။
“ကျနော်တို့ ဓာတ်ငွေ့ သန့်စင်စက်ရုံ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ဒေသခံ ၃၀ ရာခိုင်နှုန်း ခန့်ထားပါတယ်။ အများဆုံးကတော့ မြေသယ်၊ ကျင်းတူးစတဲ့ အလုပ်ကြမ်းတွေမှာ ခန့်ထားတာပါ။ ကျနော်တို့ အနေနဲ့ ဒေသခံတွေကို ဒီထက်ပိုကောင်းတဲ့ အလုပ်အကိုင်တွေမှာ ခန့််ထားချင်ပေမယ့် ပညာအရည်အချင်း၊ လုပ်ငန်း ကျွမ်းကျင်မှုလိုအပ်ချက် တွေ အများကြီး ရှိတဲ့အတွက် အဲဒီလို မလုပ်နိုင်ပါဘူး” ဟု MGC ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဦးဇော်မင်းဦးက ဆိုသည်။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းနှင့် ဝင်ရောက်လာချိန်တွင် ဒေသခံများ၏ ပညာရေး အခြေအနေ နိမ့်ကျမှု၊ လုပ်ငန်း မကျွမ်းကျင်မှု၊ အရည်အသွေး မပြည့်မီမှုတို့သည် မြန်မာနိုင်ငံအတွက် ကြီးမားသော စိန်ခေါ်မှုများ ဖြစ်ကြောင်း ရွှေ သဘာဝဓာတ်ငွေ့လုပ်ငန်း ဆန့်ကျင် လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင် ဦးဝင်းအောင်က ဧရာဝတီနှင့် သီးသန့် တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့သည်။
ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို ၂၀၁၃ ခုနှစ်အတွင်း အပြီးသတ် ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်း ပြီးစီးပါက ထွက်ရှိမည့် သဘာဝဓာတ်ငွေ့ကို တရုတ်၊ အိန္ဒိယနှင့် ကိုရီးယား နိုင်ငံများနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့က ခွဲဝေ ရယူကြမည်ဖြစ်ကြောင်း သိရသည်။ ခွဲဝေယူရာတွင် တရုတ်နိုင်ငံမှ ရာခိုင်နှုန်း အများဆုံးအဖြစ် ၅၀ ဒဿမ ၉ ရာခိုင်နှုန်း ရရှိမည်ဖြစ်ကာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှရရှိမည့် သဘာဝဓာတ်ငွေ့ကို ရခိုင်ပြည်နယ်အတွက် အသုံးပြုမည်၊ မပြုမည်ကို တရားဝင် သတင်းထုတ်ပြန်မှု မရှိသေးပေ။