စင်ကာပူ ကဲ့သို့ ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာ အိမ်ရာနှင့် ဧရာဝဏ် အိမ်ရာ စီမံကိန်းအား ၃ နှစ်အတွင်း အခန်းပေါင်း ၁၇၀၀၀ ကျော် ပါဝင်သည့် တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်သွားရန် စီစဉ်နေကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှု ဦးစီးဌာန က ပြောသည်။
“ရတနာ နဲ့ ဧရာဝဏ် အိမ်ရာဟာ အခန်းပေါင်း ၁၇၄၈၀ ဆောက်ဖို့အတွက် ရည်ရွယ်ထားတယ်၊ အထပ်အမြင့်ကတော့ ၁၈ ထပ် အိပ်ခန်း နှစ်ခန်း ပါတယ်၊ အဆင့်မြင့်အိမ်ရာ အထပ်မြင့်အိမ်ရာ တန်ဖိုးအားဖြင့် အနည်းဆုံးနဲ့အများဆုံးကို တွက်တုန်းရှိပါသေး တယ်၊ ပညာရှင်တွေနဲ့ တိုင်ပင်နေတယ်၊ တန်ဖိုးကို တတ်နိုင်သလောက် လျှော့ချပြီးတော့ လုပ်မှာပါ၊ ဝင်ငွေနည်းတဲ့ ပြည်သူလူထု ကို ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်”ဟု မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှု ဦးစီးဌာန မြေခွန်မြေတိုင်း ညွန်ကြားရေးမှူး ဦးအောင်ကျော်ဦး က ပြောပြသည်။
ထိုစီမံကိန်းတွင် လူဦးရေ ၈၀၀၀၀ ကျော် နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရက ပုဂ္ဂလိက ဝန်ထမ်း၊ အစိုးရ ဝန်ထမ်း မည်သည့် ဝန်ထမ်းမဆို အရစ်ကျစနစ်ဖြင့် ၁၀ နှစ်မှ ၁၅ နှစ်အထိ ပေးသွင်းနိုင်ရန် စီစဉ် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နောက်ပိုင်းတွင် များပြားလာမည့် လူဦးရေအပေါ် မူတည်၍ ရန်ကုန်မြို့နှင့် စင်ကာပူတို့ကဲ့သို့ မြို့ြ့ပ စီမံကိန်းများလည်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ သို့သော် ကျူးကျော်နေထိုင်သူများကို ဖယ်ရှားရမည့်အခက်အခဲများ ရှိနေကြောင်း၊ လတ်တလောတွင်ပင် ကျူးကျော်နေထိုင်သည့် တဲ အလုံး ၁၀၀ နီးပါး ရှိနေကြောင်း၊ ထိုသူများကို အစားပြန်ပေးမည် မဟုတ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှု ဦးစီးဌာန စီမံကိန်း ဒုတိယ ညွှန်ကြားရေးမှူး ဦးရွှေဝင်း က ပြောသည်။
ဒဂုံ မြို့သစ် ၆၇ ရပ်ကွက်၌ နေထိုင်သည့် ဒေါ်ကြင်သိန်း ကမူ“ကျမတို့ ဒီနေရာမှာ နေလာတာ ၁၈ နှစ် နီးပါးရှိပြီ၊ အခု ရွေးကောက် ပွဲပြီး နောက်ပိုင်းမှာ အုပ်ချုပ်ရေးမှုးတွေက မြေ ရောင်းစားမှုတွေ ရှိလာတော့ ကျူးကျော်နေထိုင်သူတွေ တော်တော် များများဝင်လာ တယ်၊ ဒီစီမံကိန်းဖြစ်လာတော့ ကျမတို့လို နှစ်တွေအများကြီး နေထိုင်တဲ့သူတွေကို ထည့်စဉ်းစားပေးသင့်တယ်”ဟု ပြောဆိုသည်။
ယင်းသို့ ကျူးကျော်နေသူများစွာသည် ဆယ်စုနှစ် မကကြောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ရောင်းစားထားခြင်း ဖြစ်ကြောင်း၊ ထို အိမ်ရာ စီမံကိန်းများသည် အခြေခံ လူတန်းစားများအတွက်ပါ အခွင့်အရေးဖြစ်၍ ကျူးကျော်နေထိုင်သူများလည်း အိမ်ခန်း ဝယ် ယူခွင့် ရရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရသို့ တင်ပြထားကြောင်း ဒဂုံ ဆိပ်ကမ်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဌ ဦးအေးလွင် ကလည်း ပြောသည်။
ရပ်ကွက် အုပ်ချုပ်ရေးမှူး ၈ ဆက် ခန့် အဆက်ဆက် ကျူးကျော် နေထိုင်သူ ၁၀၀၀ နီးပါးရှိနေပြီ ဖြစ်ကြောင်း၊ နေရာ အစားပြန်မပေး ပါက လက်ရှိနေရာမှ ဖယ်ပေးနိုင်မည် မဟုတ်ကြောင်း၊ သက်ဆိုင်ရာသို့ တောင်းဆို ဆန္ဒပြမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ကျူးကျော် နေထိုင်သူတဦးက ပြောဆိုသည်။
ထို ရတနာ အိမ်ရာနှင့် ဧရာဝဏ် အိမ်ရာ စီမံကိန်းများအပြင် ရန်ကုန်မြို့ ဒဂုံမြို့သစ် အရှေပိုင်း ယုဇန ဥယျာဉ် အနီးတွင်လည်း အိမ်ရာစီမံကိန်း ဆောက်လုပ်ရန် စီစဉ်နေသကဲ့သို့ ရန်ကုန် ဟို တယ်ဇုန် အစီအစဉ်ဖြင့် မြေနေရာဧက ၂၀၀ ပေါ်တွင် ဟိုတယ်ဇုန် အသေး တည်ဆောက်သွားရန် စီစဉ်နေကြောင်းလည်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။