မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက် မစ်ချဲလ်သည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်သို့ ပထမဆုံးအကြိမ် သွားရောက်ကြောင်း အမေရိကန် သံရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ဇန်နဝါရီ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ ခရီးစဉ်တွင် အဆိုပါဒေသများရှိ အစိုးရအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ် စားလှယ်များ၊ ဘာသာရေး အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ဒေသခံများကြုံတွေ့နေသော ကိစ္စရပ်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးမှုများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ဇန်နဝါရီ ၁၂ ရက်နေ့ ည ၇ နာရီ၌ မော်လမြိုင်မြို့ပေါ်ရှိ ကမ်းနားဟိုတယ်တွင် ပြုလုပ်မည့် ညစာစားပွဲတွင် အမေရိကန်သံအမတ်နှင့် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီတို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီမှ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်တလညီက ပြောသည်။
“ကျနော်တို့ရဲ့ နိုင်ငံရေးမူကတော့ တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီရဲ့ မူအတိုင်းပါပဲ။ အခုလောလောဆယ် ကျနော်တို့တဖွဲ့တည်းနဲ့ နိုင်ငံရေးဆွေးနွေးမှုမျိုးကို မလုပ်ဘူး။ အဓိက အားလုံးပါဝင်လာနိုင်တဲ့အခါကြမှ ဆွေးနွေးမယ်”ဟု ၎င်းက ဆိုသည်။
အစိုးရက တနိုင်ငံလုံး ငြိမ်းချမ်းရေးရလိုပါက ကချင်ပြည်နယ်တွင် တိုက်ခိုက်နေမှုများကို ရပ်တန့်ရန် လိုအပ်ကြောင်း အမေရိကန် သံအမတ်နှင့် တွေ့ဆုံစဉ် ပြောကြားသွားမည်ဖြစ်ကြောင်းလည်း နိုင်တလညီ က ဆက်ပြောသည်။
အမေရိကန် သံအမတ်အနေဖြင့် မိမိတို့နှင့် ညစာစားရုံတင် လာရောက်ခြင်း မဖြစ်နိုင်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဖြစ်ပျက်နေသော လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် ဆွေးနွေးခွင့်ရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း မွန်ဒီမိုကရေစီပါတီ၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်း က ပြောဆိုသည်။
“လက်ရှိ အစိုးရနဲ့ အရင်အစိုးရက ဘာမှ သိပ်မကွာပါဘူး၊ အဝတ်အစားတွေ ပြောင်းသွားတာလောက်ပဲ ရှိသေးတယ်”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ရေရှည်တည်တံ့သော ထာဝရငြိမ်းချမ်းမှုမျိုး လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး မရှိဘဲနှင့် နိုင်ငံရေး ဆွေးနွေးမှုမျိုး မဖြစ်နိုင်ကြောင်း၊ လက်ရှိကာလတွင် အစိုးရ လုပ်ဆောင်နေမှုများသည် ရိုးသားမှုမရှိသေးဟု ထင်မြင်မိကြောင်း မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်း က ပြောဆိုသည်။
“ကချင်ပြည်သူတွေကို ကျနော် သနားမိတယ်။ သူတို့က ပညာရေးမှာလည်း ကောင်းကောင်း သင်ကြားခွင့် ရတာမဟုတ်ဘူး။ အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ နေနေရတယ်။ အစိုးရကလည်း အရင်ထဲက အဲဒီလူတွေအတွက် ဘာမှလုပ်ပေးခဲ့တာမဟုတ်ဘူး။ အဲလူတွေကို သွားတိုက်ခိုက်နေတာ ဘာထူးမှာလဲ”ဟုလည်း ၎င်းက ဆိုသည်။
အစိုးရအနေဖြင့် ငြိမ်းချမ်းရေး အစစ်အမှန်လိုချင်လျှင် ယခု ကချင်ပြည်နယ်တွင် တိုက်ခိုက်နေမှုများကို ရပ်တန့်ရန်လိုအပ်ကြောင်း၊ တစ်ဖက်တွင် ငြိမ်းချမ်းရေးကိုအကောင်အထည်ဖော်နေသလို တစ်ဖက်တွင်လည်း တိုက်ခိုက်နေမှုများပြုလုပ်နေခြင်းက မလုပ်သင့်သော လုပ်ရပ်တခုဖြစ်ကြောင်း နိုင်ငွေသိမ်းက ဆက်ပြောသည်။
အမေရိကန် သံအမတ်အနေဖြင့် မွန်ပြည်နယ်တွင် တရက် နေမည်ဖြစ်ပြီး ကရင်ပြည်နယ် ဘားအံမြို့၌ ကရင်လူမျိုးခေါင်း ဆောင်များနှင့် ဇန်နဝါရီ ၁၃ ရက်နေ့တွင် ဆက်လက်တွေ့ဆုံ သွားမည်ဖြစ်ကြောင်း သိရသည်။