ကယား ပြည်နယ်တွင် နေထိုင်ကြသည့် တိုင်းရင်းသား မျိုးနွယ်စုတချို့၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ ပျောက်ကွယ်လု နီးပါး ရှိနေကြောင်း ယင်း တိုင်းရင်းသား မျိုးနွယ်စုများ က ပြောသည်။
ကယား ပြည်နယ်တွင် ကယား၊ ဇယိမ်း၊ ကယန်း (ပဒေါင်)၊ ဂေခို၊ ဂေဘား၊ ပရဲ (ကယော)၊ မနူးမနော်၊ ယင်းတလဲ၊ ယင်းဘော် စသည့် လူမျိုးစုများ နေထိုင်လျက်ရှိပြီး ကယား (ဒူးကြီး)၊ ကယန်း (ပဒေါင်)၊ ဂေခို၊ ဂေဘား တိုင်ရင်းသား မျိုးနွယ်စုတို့ ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများ ပျောက်ကွယ်လုနီးပါး ဖြစ်နေကြောင်း သိရသည်။
“ပျောက်ကွယ်သွားမှာ စိုးရိမ် ရတယ်။ အစားထိုး စရာလည်း မရှိဘူး။ အလွယ်တကူ ဝယ်လို့လည်း မရဘူး။ သူတို့ ဝတ်ထားတဲ့ ဟာတွေက သူတို့သေသွားရင် ထည့်ပေးလိုက်ရတာလေ။ မြို့နဲ့နီးတော့ ဝန်ကြီးက ဝတ်ခိုင်းတဲ့ အခါမှ ဝတ်တယ်”ဟု ကယန်းလူမျိုးများ ဝတ်ဆင်သည့် ကြေးကွင်းများနှင့် ပတ်သက်ပြီး လွိုင်ကော် မြို့နယ် အနီး ဆန်းဘွန်း ကျေးရွာမှ ကယန်း (ပဒေါင်) လူငယ် မူဟုန်းက ပြောသည်။
ကယန်း (ပဒေါင်) လူမျိုးများသည် ကယား ပြည်နယ် အတွင်း ဟိုဝမ်း၊ ဆောင်ဒူး၊ လိုပူး၊ ပန်ပက် ကျေးရွာများတွင် အများဆုံး နေ ထိုင်ကြပြီး လွိုင်ကော်မြို့နယ်အနီး ဆန်းဘွန်းကျေးရွာကိုမူ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ လောက်က စတင် တည်ထောင်ခဲ့ကြောင်း သိရသည်။
လည်ပင်းတွင် ကြေးကွင်း စွပ်ကြသည့် ကယန်း (ပဒေါင်) တိုင်းရင်းသားများ ၏ ရိုးရာ ဝတ်စုံများသည် ယနေ့လူငယ်များ အတွက် ခေတ်နှင့် ဆီလျော်မှု မရှိခြင်း၊ ရိုးရာဝတ်စုံ အတွက် အလွယ်တကူ ဝယ်ယူ၍ မရနိုင်ခြင်းတို့ကြောင့် ခေတ်သစ် ဝတ်စုံကိုသာ ဝတ်ဆင် ကြသည်ကို တွေ့ရသည်။
“ကျနော်တို့ ဒေသမှာ ရှိတဲ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာတွေ ပျောက်ကွယ်ဖို့ ရှိနေတယ်။ ဒေသမှာ ရှိတဲ့ အဖွဲ့အစည်း အားလုံး အပေါ်မှာ တာဝန်ရှိသလို အစိုးရမှာလည်း တာဝန်ရှိတယ်”ဟု ကယားပြည်နယ် ၈၈ မျိုးဆက် လူမှုအကျိုးပြု ကွန် ရက်မှ ကိုဖိုးခွား က ပြောသည်။
တိုင်ရင်းသားများ ၏ အခွင့်အရေး နှင့် ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများ ပြန်လည် ထိန်းသိမ်းနိုင်ရန် အတွက် ကယားပြည်နယ်ကို ကရင်နီပြည်နယ်ဟု ပြန်လည်ခေါ်ဆို သတ်မှတ်ခြင်းသည် အဓိက ကျကြောင်း၊ ယင်း တိုင်ရင်းသား မျိုးနွယ်စုများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများ မပျောက်ကွယ်ရေးအတွက် အစိုးက အထောက်အပံ့ပေးရန် လိုအပ်ကြောင်းလည်း ကယား ပြည်နယ်တွင် နေထိုင်ကြသည့် တိုင်းရင်းသား တချို့က ပြောဆိုသည်။
“လူမျိုးတိုင်းမှာ ကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှုတွေ ဆက်လက်ထိန်းသိမ်းရန် ရှိသလို၊ ခေတ်မမီ တော့တဲ့ ဝတ်စား ဆင်ယင်မှုတွေ၊ နေ ရထိုင်ရ ခတ်တဲ့ ဝတ်စား ဆင်ယင်မှုတွေ အားတော့ မပေးဘူး”ဟု ကယန်း စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ အထူးအကြံပေး ဦးခူးယူဂျင်းက ဧရာဝတီသို့ ပြောသည်။
နိုင်ငံရေး အသိအမြင် ရှိသည့် မျိုးနွယ်စုများ တွင် ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများ၊ စာပေများ ပြန်လည် ထိန်း သိမ်းကြသော်လည်း တချို့ မျိုးနွယ်စုများသည် လုပ်ကိုင် စားသောက်ရန် လွယ်ကူသည့် နေရာများသို့ ပြောင်းရွှေ့ နေထိုင်ကြရ သည့် အတွက် ရှိရင်းစွဲ ရိုးရာ ယဉ်ကျေးမှုများ တစတစ ပျောက်ကွယ်ခဲ့ရကြောင်း သမိုင်း သုတေသီ တချို့က ဆိုသည်။
ယခင် စစ်အစိုးရလက်ထက်က မူဝါဖြစ်သည် ဒို့တာဝန် အရေး ၃ ပါး တွင် တိုင်ရင်းသား စည်းလုံး ညီညွတ်ရေး ဟု ပါဝင်သော် လည်း တိုင်ရင်းသား ရေးရာများနှင့် ဆိုင်သည့် ကိစ္စရပ်များကို ကိုင်တွယ် ဖြေရှင်း ဆောင်ရွက်ရန် တိတိ ကျကျ တာဝန်ပေးထားခြင်း မရှိသေးကြောင်း ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။