နိုဝင်ဘာလ ၁၁ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ပျက်စီးသွားသည့် ကျေးရွာများအတွက် အနုပညာ ဖျော်ဖြေပွဲများ ပြုလုပ်ကျင်းပကာ ရန်ပုံငွေများ ရှာဖွေလှူဒါန်းခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၅ ရက်နေ့က လူရွှင်တော် ၃၀ ကျော် စုပေါင်းလုပ်သည့် ငလျင်ရန်ပုံငွေ ပွဲတွင် အလှူငွေ ကျပ် ၄၅ သိန်းကျော် ရရှိပြီး ယင်းအလှူငွေများကို သပိတ်ကျင်းမြို့နယ်ရှိ ငလျင်ဒဏ် ခံခဲ့ရသော ကျေးရွာ နှစ်ရွာကို လှူဒါန်းခဲ့ကြောင်း ယင်းပွဲကို စီစဉ်သူ လူရွှင်တော် ဦးပါပါလေးက ဧရာဝတီကို ပြောသည်။
စေတနာလူရွှင်တော်များ အမည်ရသည့် ရန်ကုန်နှင့် မန္တလေးရှိ လူရွှင်တော် ၃၀ ကျော်တို့သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့က လှုပ်ခတ်သွားသည့် ငလျင် ဒဏ်ကြောင့် ပျက်စီးသွားသည့် သပိတ်ကျင်းမြို့နယ်ရှိ မလယ်ကျေးရွာနှင့် ရွှေစကာကျေးရွာများသို့ သွားရောက်လှူဒါန်း ခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ လူရွှင်တော်ဝတ်စုံတွေ ဝတ်ပြီး သွားလှူခဲ့တာပါ။ ဒေသခံတွေကလည်း ကျနော်တို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ကျနော်တို့လည်း ဒီလို လှူဒါန်းရတဲ့အတွက် အများကြီး ဝမ်းသာရပါတယ်” ဟု သပိတ်ကျင်းမြို့နယ်သို့ သွားရောက် လှူဒါန်းရာတွင် လိုက်ပါခဲ့သည့် လူရွှင်တော် ပန်းသီးက ပြောသည်။
စေတနာ လူရွှင်တော်များသည် ဇန်နဝါရီလ ၁၅ ရက်နေ့ မနက် ၈ နာရီမှ စတင်ကာ မန္တလေးမြို့အနှံ့ လှည့်ပတ်ပြီး လူရွှင်တော် ဝတ်စုံများနှင့် အလှူငွေများ လှည့်လည် ကောက်ခံခဲ့သည်။ လမ်းလျှောက် ကောက်ခံပြီး ရရှိသည့် အလှူငွေမှာ ကျပ် ၁၅ သိန်း ၂ သောင်း ဖြစ်သည်။ ယင်းနေ့ညပိုင်းတွင် ဘုရားကြီး ဝင်းအတွင်းတွင် အငြိမ့်ဖြင့် ဖျော်ဖြေကာ ရန်ပုံငွေပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။
“ရန်ကုန်မှာ လူရွှင်တော် ဝတ်စုံဝတ်ပြီး လမ်းလျှောက် အလှူခံဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ မန္တလေးက လူတွေက တော်တော်ကို ဖော်ရွေကြပါတယ်။ အနုပညာကိုလည်း တကယ်မြတ်နိုးကြတယ်။ ငလျင်ဒဏ်အတွက် ကျနော်တို့
အခုလိုလာပြီး ရန်ပုံငွေပွဲလေး လုပ်ရတာ ဝမ်းသာပီတိ ဖြစ်မိပါတယ်။ နောက်ပိုင်း အလျဉ်းသင့်ရင်လည်း ကချင် စစ်ဘေးအတွက်ပါ ကြိုးစားသွားပါအုံးမယ်” ဟု လူရွှင်တော် ကြယ်သီးက ပြောသည်။
မန္တလေးရှိ သတင်းထောက်လူငယ်များနှင့် စာရေးဆရာများ ပူးပေါင်းကာ ငလျင်ဘေးအတွက် ရန်ပုံငွေ ရှာဖွေသည့် ပွဲကို
ဇန်နဝါရီလ ၅ ရက်နေ့က မန္တလေး အမျိုးသား ကဇာတ်ရုံတွင် ကျင်းပခဲ့သေးသည်။
ယင်းရန်ပုံငွေပွဲတွင် မြို့မ တူရိယာအသင်း၊ မန္တလေးရှိ အနုပညာရှင်များ၊ လူရွှင်တော်များ၊ နိုင်ငံကျော် မြန်မာသံစဉ် အဆိုတော် များနှင့် မန္တလေး သတင်းထောက် လူငယ်များ ပါဝင် ကပြ ခဲ့ကြသည်။
ငလျင်ဒဏ်ခံ ဒေသများအတွက် ရရှိသည့် ရန်ပုံငွေမှာ ငွေကျပ် ၂၂၈ သိန်းကျော် ဖြစ်ပြီး သပိတ်ကျင်း မြို့နယ်ရှိ အမက ကျောင်းတကျောင်းကို ပြန်လည် တည်ဆောက်ရန် အတွက် လှူဒါန်းသွားမည် ဖြစ်ကြောင်း ယင်းရန်ပုံငွေပွဲကို ဦးဆောင် ကျင်းပသည့် ကိုစန်းယုကျော်က ဧရာဝတီကို ပြောသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ ငလျင်ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီး အတွင်းမှ စစ်ကိုင်း၊ ရွှေဘို၊ ကျောက်မြောင်း၊ ခင်ဦး၊ မန္တလေး၊ အမရပူရ၊ စဉ့်ကူး၊ ကျောက်ဆည်နှင့် သပိတ်ကျင်းမြို့နယ် တို့တွင် ပျက်စီးမှု တချို့နှင့် ထိခိုက် သေဆုံးမှု တချို့ ရှိခဲ့ကြောင်း သိရသည်။