ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်ရာတွင် ကျင့်သုံးရမည့် စုံစမ်းစစ်ဆေးရေး စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ထားရှိရေး အဆိုတင်သွင်းမှုကို ကန့်ကွက်လိုက်ကြောင်း သိရှိရသည်။
ယနေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတ၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပြည်ထောင်စု စာရင်းစစ်ချုပ်တို့ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွှတ်တော် ကိုယ်စားလှယ်များက စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်း၍ ကျင့်သုံးရမည့် စုံစမ်းစစ်ဆေးရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ထားသင့်ကြောင်း ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းသည့် အဆိုတင်သွင်းခဲ့ရာ သူရဦးရွှေမန်းက ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သူရဦးရွှေမန်းက ဦးအောင်ဇင် တင်သွင်းသော အဆိုသည် ဥပဒေပြုရေး လွှတ်တော်နှင့် အုပ်ချုပ်နေသော အစိုးရအကြား နားလည်မှု လွဲမှားစေနိုင်သည်ဟု တရားဝင် ရှင်းလင်းပြောဆိုခဲ့သဖြင့် ဦးအောင်ဇင်က အဆိုကို ပြန်လည် ရုပ်သိမ်းသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။
“သူရဦးရွှေမန်းက ဦးအောင်ဇင် အဆိုကို သဘောမတူဘူး။ အဆိုတင်သွင်းချိန်မှာ ဥက္ကဋ္ဌက ဒီအဆိုကြောင့် ဘာတွေ ဖြစ်နိုင်တယ်ဆိုတာ သေသေချာချာ ရှင်းပြတယ်။ ကန့်ကွက်တယ်ဆိုတာက မင်းအဆိုကို ကန့်ကွက်တယ်ဆိုပြီး ပြောတာမျိုး မဟုတ်ဘူး။ အဲဒီအဆို တင်သွင်းတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ကို ဒီအဆိုက လွှတ်တော်နဲ့ အုပ်ချုပ်ရေး အာဏာပိုင်တွေကြားမှာ နားလည်မှု လွဲမှားစေနိုင်တယ်ဆိုတာ ရှင်းပြတယ်။ မဲခွဲမယ်ဆိုရင်လည်း ဦးရွှေမန်းက ကန့်ကွယ်မယ်ဆိုတာကို အထင်အရှား ပြောတယ်။ အဲဒီတော့ ဦးအောင်ဇင်က သူ့အဆိုကို ပြန်ရုပ်သိမ်းသွားတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ရှင်းပြသည်။
ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး မစတင်ခင် နံနက် ၉ နာရီခန့်ကလည်း သူရဦးရွှေမန်းက ဦးအောင်ဇင် အပါအဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးကို သီးသန့်ခေါ်ယူတွေ့ဆုံပြီး အဆိုများ တင်သွင်းရာတွင် ဒီမိုကရေစီအနှစ်သာရ မသွေဖီရေး၊ တိုင်းပြည်၏ မဏ္ဍိုင်များအကြား နားလည်မှု မလွဲမှားစေရေး ခေါ်ယူရှင်းပြသည်ဟု သိရှိရသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်ကမူ အဆိုတင်သွင်းရခြင်းမှာ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် သမ္မတနှင့် အစိုးရအဖွဲ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်လိုပါက စည်းမျဉ်းစည်းကမ်းများ ထားရှိစေလိုခြင်းကြောင့် ဖြစ်ကြောင်း ရှင်းပြသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သေသေချာချာ ပြဋ္ဌာန်းထားတာ မရှိသေးလို့ ကျနော် ဒီအဆိုကို တင်တာပါ။ ဒါပေမယ့်လည်း အချိန်ကာလအားဖြင့် မကိုက်ညီသေးတာ၊ အချက်အလက်တွေ လိုနေသေးတာတွေကြောင့် ကျနော် ပြန်ရုပ်သိမ်းပါတယ်။ နောက်ပြီး ဥက္ကဋ္ဌကြီးကလည်း ဒီအဆိုနဲ့ ပတ်သက်လို့ နားလည်မှု မလွဲမှားစေချင်ဘူးဆိုတာလည်း ရှင်းပြပါတယ်” ဟု ဦးအောင်ဇင်က ဆိုသည်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းများနှင့် ပတ်သက်ပြီး သမ္မတ၏ ပြင်ဆင်ချက်များကို လွှတ်တော်က ပယ်ချပြီး လွှတ်တော်၏ မူလအတည်ပြုထားသည့်အတိုင်း ဥပဒေအဖြစ် သတ်မှတ်ပြဋ္ဌာန်းလိုက်ရာ သမ္မတနှင့် လွှတ်တော်အကြား အားပြိုင်နေသည့် သဘောရှိလာကြောင်း၊ လွှတ်တော်နှင့် အစိုးရအကြား သဘောထား မတူညီမှု များစွာရှိနေသည်ကို သိသိသာသာ တွေ့လာရသည်ဟု နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။