မန္တလေး – မြစ်ကြီးနား ရထားခရီးစဉ်များအား ဇန်နဝါရီလ ၂၅ ရက်နေ့မှ စတင်ပြီး အချိန်ပြောင်းလဲ ပြေးဆွဲမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မန္တလေးမှ မြစ်ကြီးနားသို့ အဆန် ခရီးစဉ်များတွင် ၄၃ အဆန်ကို မနက် ၅ နာရီ ၅ မိနစ်၊ ၄၁ အဆန် ရထားကို မွန်းတည့် ၁၂ နာရီ၊ ၅၇ အဆန်ရထားကို ည ၈ နာရီ၊ ၃၃ အဆန်ကို ညနေ ၅ နာရီ ၅၅ မိနစ်၊ ၃၇ အဆန်ကို ညနေ ၄ နာရီ ၃၀၊ ၅၅ အဆန်ကို ညနေ ၇ နာရီ ၁၅ သို့ အသီးသီးပြောင်းလဲ ပြေးဆွဲမည် ဖြစ်ကာ မြစ်ကြီးနားမှ မန္တလေးသို့ အစုန် ခရီးစဉ်များကို မနက်ပိုင်းသို့ ပြောင်းလဲ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
“ကချင်ပြည်နယ်ကို နေ့ပိုင်းမှာပဲ ဖြတ်ဖို့ စီစဉ်လိုက်တယ် ထင်ပါတယ်။ လမ်းက ဘူတာတွေမှာတော့ ၂၅ ရက်နေ့ နောက်ပိုင်းမှာ ရထား ဘယ်အချိန်တွေ ဆိုက်မယ်ဆိုတာ ကြေညာထားတယ်” ဟု ကချင်ပြည်နယ် မိုးညှင်း ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။
မန္တလေး – မြစ်ကြီးနား ရထား လမ်းပိုင်းတွင် မြစ်ကြီးနားမှ မန္တလေးသို့ အဆန်ရထား ၆ စီး၊ မြစ်ကြီးနားမှ မန္တလေးသို့ အစုန် ရထား ၅ စီးနှင့် မြစ်ကြီးနား – နဘား လော်ကယ်ရထားတို့ နေ့စဉ်ပြေးဆွဲနေကြောင်း သိရသည်။
မြစ်ကြီးနားမှ မန္တလေးအစုန် ရထားခရီးစဉ်များအနက် ၃၈ အစုန်နှင့် ၃၄ အိပ်စင်ရထားများကို အချိန်မပြောင်းလဲဘဲ ယခင် အချိန်များအတိုင်း ပုံမှန်ထွက်မည် ဖြစ်ကြောင်း သိရသည်။
“အတတ်နိုင်ဆုံး ပြေလည်အောင် ကြိုးစားနေပါတယ်။ ရထားလမ်း တလျှောက်က တံတားတိုင်း လိုလိုမှာ မြန်မာ့ တပ်မတော် က တာဝန်ယူထားပါတယ်။ မသွားမဖြစ်၊ မလာမဖြစ်တဲ့ သူတွေကတော့ သွားရ လာရမှာပဲ။ စိုးရိမ် ကြောင့်ကြမှုတော့ ရှိကြမှာပဲ။ ဒါပေမယ့် ကျနော်တို့ ဘက်က လုံခြုံမှုရှိအောင်တော့ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမယ်” ဟု ကချင်ပြည်နယ် အစိုးရလမ်းတံတား ဝန်ကြီး ဦးကမန်းဒူနော်က ဧရာဝတီကို ပြောသည်။
ကချင်ပြည်နယ် တခုလုံးသည် မန္တလေး – မြစ်ကြီးနား ရထားလမ်းကိုသာ အားထား သွားလာနေရသည့် အတွက် ယခုနှစ် ပွင့်လင်းရာသီမှ စတင်ပြီး မန္တလေး – မြစ်ကြီးနား ကားလမ်းကို ပြင်ဆင် အဆင့်မြှင့်တင်နေကြောင်း ၎င်းက ဆက်ပြောသည်။
မန္တလေး – မြစ်ကြီးနား ရထားလမ်းသည် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းကို အဓိက ဆက်သွယ်ပေးနေသည့် လမ်းကြောင်း တခုဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လဆန်းပိုင်းက စတင်ဖြစ်ပွားခဲ့သည့် ကချင်လွတ်မြောက်ရေး တပ်မတော်နှင့် မြန်မာ့ တပ်မတော်တို့၏ ပဋိပက္ခများတွင် အကြိမ်ကြိမ် မိုင်းခွဲ ဖျက်စီးခံခဲ့ရသည်။ တိုက်ပွဲများ စတင်ဖြစ်ပွားချိန်မှ စတင်ပြီး လက်ရှိအချိန်ထိ မန္တလေး – မြစ်ကြီးနား ရထားလမ်းပိုင်းအား ကချင်လွတ်မြောက်ရေး တပ်မတော်မှ မိုင်းခွဲတိုက်ခိုက်မှု ၅၆ ကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက် ၃/ ၂၀၁၃ တွင် ဖော်ပြထားသည်။