၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၆ နာရီခန့်က လားရှိုး – မူဆယ် အဝေးပြေးလမ်းမပေါ်ရှိ နမ့်အွန် ကျေးရွာ အဝင်တွင် ဖရဲသီး တင်ဆောင်လာသော ၁၂ ဘီးကားကို လက်နက်ကိုင် တစုက လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
“မူဆယ် ဘက်ကနေ မြန်မာ့တပ်မတော် စစ်ကား ၆ စီးက လားရှိုးဘက် ဆင်းတာ။ နမ့်အွန်နားမှာ အဲဒီ ဖရဲသီးကားနဲ့ ရှောင်တဲ့ အချိန် လက်ပစ်ဗုံးက စစ်ကားကို မထိဘဲနဲ့ ဖရဲသီးကား ခေါင်မိုးပေါ် ကျတယ်လို့ ကြားတယ်” ဟု မူဆယ်မြို့ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။
တိုက်ခိုက်မှုကြောင့် ယာဉ်မောင်း ဒဏ်ရာရပြီး မူဆယ်မြို့နယ် ဆေးရုံတွင် တက်ရောက် ကုသနေကြောင်း မြန်မာ့ တပ်မတော်ပိုင် မြဝတီ သတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသော်လည်း မူဆယ်ဆေးရုံသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ဆေးရုံက အတည်ပြုချက် မပေးခဲ့ပေ။
မြဝတီသတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် “KIA အကြမ်းဖက် သောင်းကြမ်းသူအဖွဲ့မှ အပြစ်မဲ့ ကုန်တင်ယာဉ် တစီးအား မိုင်းဆွဲ တိုက်ခိုက်” ဟု ရေးသားထားသည်။
အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သတ်ပြီး မူဆယ်မြို့နယ် ရဲတပ်ဖွဲ့စခန်း၊ မူဆယ်ခရိုင် ရဲတပ်ဖွဲ့ စခန်းများသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း တာဝန်ကျ တာဝန်မှူးများက ထိုတိုက်ခိုက်မှုကို မသိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့၏ သတင်း ထုတ်ပြန်ချက် (၃/၂၀၁၃) ထုတ်ပြန် ကြေညာ ခဲ့ပြီးနောက် နမ့်အွန် တိုက်ခိုက်မှုသည် ကချင်လွတ်မြောက်ရေး တပ်မတော်၏ စစ်ရေးနှင့် မသက်ဆိုင်သော အရပ်သား ပစ်မှတ်များကို (၉) ကြိမ်မြောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း မြဝတီသတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း မြစ်ကြီးနားမှ ပူတာအိုသို့ လူသုံးကုန် ပစ္စည်းများ ပေးပို့သည့် ယာဉ်တန်းအား ကချင်လွတ်မြောက်ရေး တပ်မတော်က တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတာဝန် ရှိသူတချို့ ဒဏ်ရာရရှိပြီး ယာဉ် ၁ စီး ပျက်စီးခဲ့ရကြောင်း သိရသည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံ ရွှေလီမြို့တွင် နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီးနောက် ၂ လအကြာတွင် စစ်ရေးအရှိန် ပြန်လည်မြင့်တက်လာပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် လဂျားယန် ဒေသရှိ ပွိုင့် ၇၇၁ တောင်ကုန်းကို မြန်မာ့ တပ်မတော်မှ လေကြောင်းပစ်ကူ တိုက်ခိုက်ခဲ့ပြီး စစ်ရေးအရှိန် ဆက်လက် မြင့်တက်နေခဲ့သည်။
ကေအိုင်အေ ဌာနချုပ်တည်ရှိရာ လိုင်ဇာနှင့် အနီးဆုံးဒေသဖြစ်သည့် လဂျားယန်တွင် မြန်မာ့ တပ်မတော်မှ ထိုးစစ်ဆင်မှု ရပ်ဆိုင်းလိုက်ကြောင်း ဇန်နဝါရီလ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ပြီးနောက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသကဲ့သို့ မီးရထားလမ်း ဖောက်ခွဲမှုများ၊ ယာဉ်တန်း တိုက်ခိုက်မှုများနှင့် ဖားကန့်ရှိ ကုမ္ပဏီများအား မီးရှို့ဖျက်စီးမှုများလည်း ဖြစ်ပွားနေဆဲ ဖြစ်သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖောင်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းမှုကို ကချင်လွတ်မြောက်ရေး တပ်မတော်မှ စစ်ရေး အရှိန် မြင့်တက်နေချိန်တွင် ၂ ဖွဲ့တည်း သီးသန့် မဆွေးနွေးလိုကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီအနေဖြင့်သာ ဆွေးနွေးလိုကြောင်း သတင်း ထုတ်ပြန်ထားသည်။