ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို၌ တည်ဆောက်နေသော ရွှေသဘာဝဓာတ်ငွေ့ ဂက်စ်ပိုက်လိုင်း စီမံကိန်းသည် မေလတွင် ပြီးစီးမည်ဖြစ်ပြီး ဇွန်လတွင် လုပ်ငန်းစတင် လည်ပတ်တော့မည် ဖြစ်ကြောင်း သိရသည်။
စီမံကိန်း၏ မြန်မာဘက်အခြမ်းရှိ အစိတ်အပိုင်းအများစုမှာ ပြီးစီးလုနီးပါး ဖြစ်နေပြီး မေလ ၃၀ ရက်နေ့တွင် အပြီးသတ်၍ ဇွန်လတွင် လုပ်ငန်းများ စတင် လည်ပတ်နိုင်မည်ဟု တရုတ် အမျိုးသားပိုင် ရေနံကော်ပိုရေးရှင်း (China National Petroleum Corporation – CNPC) ကုမ္ပဏီ တာဝန်ရှိသူကို ကိုးကား၍ China Economic Review တွင် ရေးသားထားသည်။
ဓာတ်ငွေ့များ စတင်ပေးပို့ လည်ပတ်နိုင်ပါက တနှစ်လျှင် ၁၂ ဘီလီယံ ကုဗမီတာ ရှိမည်ဟု CNPC ကုမ္ပဏီက ဆိုသည်။ ဂက်စ်ပိုက်လိုင်းသည် ကီလိုမီတာ ၁၁၀၀ ရှည်လျားသည်။ တရုတ်နိုင်ငံသည် ၎င်းတို့၏ လောင်စာ စွမ်းအင် လိုအပ်ချက်အတွက် မြန်မာနိုင်ငံမှ ဂက်စ်များအပြင် အာဖရိကနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများမှလည်း ရေနံစိမ်းများ ဝယ်ယူနေရသည်။
အရှေ့အလယ်ပိုင်းမှ ဝယ်ယူသော ရေနံများကို အန္တရာယ်များပြားသည့် မလက္ကာ ရေလက်ကြားကို ဖြတ်သန်း သယ်ဆောင် နေရသည့်အတွက် ငွေကြေးအမြောက်အများ သုံးစွဲနေရသည်။ ကျောက်ဖြူရေနက် ဆိပ်ကမ်း ပြီးစီးသွားပါက မလက္ကာ ရေလက်ကြားကို ဖြတ်စရာမလိုတော့ဘဲ ကျောက်ဖြူဆိပ်ကမ်း မှတဆင့် တရုတ်နိုင်ငံသို့ တိုက်ရိုက်ပို့နိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံအတွက် အကျိုးရှိမည်ဖြစ်သည်။
ကျောက်ဖြူရေနက် ဆိပ်ကမ်းမှ ယူနန်ပြည်နယ်သို့ တနှစ်လျှင် ရေနံစိမ်းစည် ၄၀၀၀၀၀ တင်ပို့နိုင်မည် ဖြစ်ကြောင်း၊ ဂက်စ်ပိုက်လိုင်းနှင့်အတူ ရေနံပိုက်လိုင်း၊ မီးရထားလမ်း၊ မော်တော်ကားလမ်းတို့လည်း ပါဝင် မည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းလုပ်ငန်းများ ပြီးစီး၍ ဂက်စ်များ တရုတ်နိုင်ငံသို့ ပို့ဆောင်နိုင်တော့ မည်ဟု CNPC ကုမ္ပဏီက ပြောဆိုနေသော်လည်း ထိုစီမံကိန်းနှင့် ပတ်သက်၍ CNPC အပါအဝင် စီမံကိန်းတွင် ပါဝင် လုပ်ဆောင် နေကြသည့် ကုမ္ပဏီများနှင့် ဒေသခံတို့အကြား လုပ်အားခ အပြည့်အ၀ မရသေးခြင်း၊ ဒေသခံတို့၏ သိမ်းခံထားရသော လယ်ယာမြေများ လျှော်ကြေး မပေးခြင်း စသည့် အငြင်းပွားမှု ပြဿနာများလည်း ရှိနေဆဲဖြစ်သည်။
ရေနံပိုက်လိုင်း စတင်ရာ မဒေးကျွန်းပေါ်၌ ရေနက်ဆိပ်ကမ်း၊ ရေနံသိုလှောင်ကန်နှင့် တခြား စီမံကိန်းများတွင် လုပ်ဆောင်နေသည့် ဒေသခံများအား အဓမ္မခိုင်းစေခြင်း၊ လေးလံသည့်ပစ္စည်းများ သယ်ခိုင်း၍ မတော်တဆ ထိခိုက်ဒဏ်ရာရပါက တာဝန်မယူခြင်း စသည့်တို့ကို မကျေနပ်၍ အလုပ်သမား ၁၀၀ ကျော်သည် ယမန်နေ့က စ၍ အလုပ်မဆင်းရန် သဘောတူညီထားကြကြောင်း အလုပ်သမားခေါင်းဆောင် တဦးဖြစ်သူ ကိုထွန်းကြည်က ပြောသည်။
“ဘိလပ်မြေတွေ သယ်တော့ အမှုံတွေ ပါးစပ်၊ နှာခေါင်းတွေထဲ ဝင်တယ်။ ဒီတော့ ပါးစပ်၊ နှားခေါင်းစည်း ပေးဖို့ တောင်းဆိုတာလည်း ဂရုမစိုက်ဘူး။ သံထည်တွေ၊ ဂက်စ်အိုးလိုမျိုး အလေးတွေ မလို့ မတော်တဆ ဖြစ်သူတွေကိုလည်း ဘာမှတာဝန်ယူ ဆောင်ရွက်ပေးတာ မရှိတဲ့အပြင် ရိုင်းစိုင်းတဲ့ ပြောဆိုမှုတွေနဲ့ တုံ့ပြန်တာတွေ များလာလို့ အလုပ်ဆက်မလုပ်ဖို့ ဆုံးဖြတ်ကြတာပါ” ဟု ၎င်းက ဆိုသည်။
အလုပ်သမားကိစ္စ အပါအဝင် ပြဿနာတချို့အား ဖြေရှင်းပေးရန် အလုပ်သမား ဒု ဝန်ကြီး ဦးမြင့်သိန်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် ကျောက်ဖြူဒေသသို့ ယမန်နေ့က စတင်ရောက်နေကြောင်း ဒေသခံများက ပြောသည်။ အစိုးရတာဝန်ရှိသူများ မကြာခဏ လာရောက်သည့်တိုင် ထူးခြားတိုးတက်မှု တစုံတရာမရှိ သေးကြောင်း ဒေသခံများက ပြောသည်။
ဂက်စ်ပိုက်လိုင်းကြောင့် သိမ်းယူထားသည့် လယ်မြေများ လျော်ကြေးမရခြင်း၊ ပိုက်လိုင်းတလျှောက် ပျက်စီးနေသည့် လမ်းများ ပြုပြင်ပေးမှု မရှိခြင်း၊ လုပ်ငန်းခွင်မှ မြေပိုများကို လယ်ကွက်များထဲသို့ ပစ်ချ၍ လယ်ယာမြေများ စိုက်ပျိုးနိုင်မှု မရှိတော့ခြင်း စသည့်ကိစ္စများကို ဒေသအာဏာပိုင်များ၊ ပြည်နယ် အစိုးရ၊ လွှတ်တော် အသီးသီးနှင့် ဒေသခံ နိုင်ငံရေး ပါတီများကို တိုင်ကြားထားမှု ရှိသည့်တိုင် ယနေ့အထိ ဖြေရှင်းပေးမှု မရှိသေးပေ။
“လယ်တွေ သိမ်းတာ လွှတ်တော်တင်ပြတယ်။ လမ်းတွေပျက်တာ စွမ်းအင်ဝန်ကြီး ဦးသန်းဌေးကို ပြီးခဲ့တဲ့နှစ်ကတည်းက တင်ပြတော့ ဆောင်ရွက်ပေးမယ် ပြောတယ်။ ဒီနေ့အထိ ထိရောက်စွာ ဆောင်ရွက်ပေးထားတာတော့ မတွေ့ရသေးပါဘူး” ဟု ကျောက်ဖြူ ဒေသခံနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဆိုသည်။
၎င်းတို့သည် အာဏာပိုင် အဖွဲ့အစည်း မဟုတ်သည့်အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့များနှင့် လွှတ်တော်များသို့ တင်ပြရုံမှအပ လုပ်ပိုင်ခွင့် မရှိကြောင်းလည်း ဦးဘရှိန်က ဆိုသည်။
CNPC ကုမ္ပဏီနှင့် တရုတ်အစိုးရတို့က ပြောဆိုရာတွင် ၎င်းတို့အနေဖြင့် ဒေသခံများ၏ လယ်ယာမြေ လျော်ကြေးများကို မြန်မာအစိုးရ တာဝန်ရှိသူများ ကတဆင့် ပေးထားကြောင်း ပြောဆိုထားသည်။ ဒေသတွင်း ပျက်စီးသွားသည့် လမ်းများပြုပြင်ရေးနှင့် ဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက်ရန် အမေရိကန် ဒေါ်လာ ၁၀ သန်းကို မြန်မာအာဏာပိုင်များထံ ပေးထားကြောင်း CNPC က ပြောထားသည်။
ဒေသခံများက ပြောဆိုရာတွင် ထိုစီမံကိန်းများကြောင့် ၎င်းတို့၏ လူမှုဘ၀ အခြေအနေသည် တနေ့ထက်တနေ့ ဆိုးဝါးလာနေပြီး လယ်မဲ့ယာမဲ့ ဘဝဖြင့် အနာဂတ်မဲ့နေကြကြောင်း၊ နောက်ဆက်တွဲပြဿနာ အဖြစ် ဂက်စ်ပိုက်လိုင်းအပေါ် စိုးရိမ်မကင်းဖြစ် နေရကြောင်း၊ ဂက်စ် ပိုက်လိုင်းအား မြေကြီးထဲ၌ ၃ ပေ မှ ၅ ပေခန့်သာ မြှုပ်နှံထား၍ ဂက်စ်ယိုစိမ့်မှု၊ ပေါက်ကွဲမှု ဖြစ်လာမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။ နိုင်ငံအများစု၌ ဂက်စ်ပိုက်လိုင်းကို ၁၀ ပေမှ ၁၅ ပေအနက်ရှိ မြေထဲတွင် မြှုပ်နှံရ ကြောင်း သိရသည်။
ဂက်စ်ပိုက်လိုင်း စီမံကိန်းသည် တရုတ်နိုင်ငံနှင့် မြန်မာအစိုးရတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေကြောင်း မြန်မာအစိုးရက ပြောဆိုထားသည်။
တရုတ်နိုင်ငံသည် ရခိုင်ကမ်းလွန်ဒေသမှ ဂက်စ်များကို နှစ်ပေါင်း ၃၀ အထိ ထုတ်ယူခွင့် ရမည်ဖြစ်ပြီး မြန်မာအစိုးရသည် ဂက်စ်ပိုက်လိုင်း ဖြတ်သန်းခ၊ ရေနံပိုက်လိုင်းတို့မှ အခွန်အခ အကျိူးအမြတ်များ ရရှိမည်ဖြစ်ပြီး၊ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကိုလည်း နှစ်စဉ် ရရှိမည်ဖြစ်သည်။
ထိုပိုက်လိုင်းသည် ရခိုင်ပြည်နယ်မှတဆင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ အဆုံးသတ်မည်ဖြစ်သည်။ ရခိုင်ဒေသအပြင် ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း စသည့်ဒေသများမှ ကျေးရွာ အများအပြားနှင့် လယ်ယာမြေများ အဓမ္မ သိမ်းဆည်းခံထားရကြောင်း သိရသည်။