အစိုးရ စစ်တပ်က ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်နေမှုသည် တိုင်းရင်းသားများနှင့် တန်းတူနေထိုင်ရေးမူ မဟုတ်ဘဲ အမြစ်ဖြုတ်ရေး အခြေအနေ သက်ရောက်နေသဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အမေရိကန် အစိုးရ၏ စီးပွားရေး ပိတ်ဆို့မှု ဖြေလျော့ပေးခြင်းများကို သုံးသပ်ပြီး ပိတ်ဆို့မှု ပြန်လည်ပြုလုပ်ရန် ထိုင်းနိုင်ငံရောက် ကချင်တိုင်းရင်းသားများက ယနေ့ ဆန္ဒပြ တောင်းဆိုလိုက်ကြသည်။
ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ တရုတ်သံရုံးနှင့် အမေရိကန်သံရုံး ရှေ့တို့တွင် ကချင်တိုင်းရင်းသား ၁၀၀ ကျော်က “ထိုးစစ်တွေရပ်ပါ”၊ “အပြစ်မဲ့ဒေသခံတွေကို သတ်ဖြတ်မှုရပ်တန့်ပါ”၊ “ဒုက္ခသည်တွေကိုကူညီပါ” စသည့် စာတန်းများကို ကိုင်ဆောင်ကာ ဆန္ဒပြတောင်းဆိုကြပြီး အမေရိကန်သံရုံးသို့ ပေးပို့ခဲ့သော ၎င်းတို့ ထုတ်ပြန်ချက်ထဲတွင် စီးပွားရေး ပိတ်ဆို့မှု ပြန်ထားပေးရန်ပါ ထည့်သွင်း တောင်းဆိုခဲ့သည်ကို တွေ့ရသည်။
လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ၌ အစိုးရ စစ်တပ်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို ထိုးစစ်ဆင် ချေမှုန်းနေသည့် တချိန်တည်းတွင် အပြစ်မဲ့ ဒေသခံများကို အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ အဓမ္မ ပြုကျင့်ခြင်းများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်နေသည့် အတွက် ယင်းသို့ တောင်းဆိုကြခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲ စီစဉ်သူ မဆိုင်းဇင်က ဧရာဝတီသို့ ပြောသည်။
“မြန်မာအစိုးရ ပြုပြင်ပြောင်းလဲနေတယ်လို့ သတ်မှတ်ပြီးမှ အမေရိကန်က Sanction ကို ပြန်ရုတ်သိမ်းပေးခဲ့တယ်။ အဲဒီအချက်က ကျမတို့ တိုင်းရင်းသားတွေအတွက် လူအခွင့်အရေး ချိုးဖောက်မှုကို ဖြစ်စေတယ်။ အဲဒါတွေကို ကျမတို့က မလိုလားဘူး။ ဒါကြောင့် သူတို့ သတ်မှတ်ထားတဲ့ Sanction ကို ပြန်ပြီးတော့ စဉ်းစားစေချင်တယ်။ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု အစစ်ရောက်မှ Sanction ကို ပြန်ဖွင့်ပေးဖို့ ကျမတို့က တောင်းဆိုရခြင်း ဖြစ်ပါတယ်” ဟု မဆိုင်းဇင်က ပြောသည်။
လိုင်ဇာမြို့ အနီးတဝိုက်ရှိ ဒုက္ခသည်စခန်းများ အပါအဝင် တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ ဒုက္ခသည်စခန်းများသို့ လူသားခြင်း စာနာထောက်ထားမှု အကူအညီများ ပို့ဆောင်ပေးရန်နှင့် တရုတ်အစိုးရအား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ဖွင့်လှစ်၍ ကချင်ဒုက္ခသည်များကို အကူအညီပေးခွင့်ရရေး တိုက်တွန်းပေးရန် အမေရိကန် အစိုးရကို တိုက်တွန်းထားသည်။
ထို့အပြင် အမေရိကန်အနေဖြင့် ကချင်တိုင်းရင်းသားများ အရေးအပေါ် နှုတ်ဆိတ်နေခြင်းမပြုဘဲ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အလေးထား ဆွေးနွေးမှု ဖြစ်လာစေရန်နှင့် တပြည်လုံးဆိုင်ရာ စစ်မှန်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို မြန်မာအစိုးရအနေဖြင့် မှန်မှန်ကန်ကန် အကောင်ထည်ဖော် ဆောင်ရွက်ပေးရန် တိုက်တွန်းပေးရေးလည်း တောင်းဆိုထားသည်ကို တွေ့ရသည်။
ဆန္ဒပြ ကချင်တိုင်းရင်းသားများက တရုတ်သံရုံး ရှေ့သို့လည်း သွားရောက်ပြီး မြန်မာအစိုးရကို နိုင်ငံရေးနည်းလမ်းအရ အဖြေရှာပေးရေး တိုက်တွန်းပေးရန်၊ တရုတ်နိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံလာကြသော စစ်ပြေးဒုက္ခသည်များကို လွတ်လပ်စွာ ခိုလှုံခွင့်ပေးရန်နှင့် နိုင်ငံတကာ အကူအညီများ လွတ်လပ်စွာ ဝင်ရောက် ကူညီခွင့်ပြုရန်၊ ကချင်ဒုက္ခသည်များကို ကူညီမည့် အဖွဲ့အစည်းများကို လမ်းအသုံးပြုခွင့်ပေးရန် တရုတ်အစိုးရကို တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြသူများ၏ သဘောထား ထုတ်ပြန်ချက်များကို သက်ဆိုင်ရာ သံရုံးများမှ တာဝန်ရှိသူများက လက်ခံယူပေး သကဲ့သို့ ဆန္ဒပြ သူများ၏ သဘောထားများနှင့် လုပ်ဆောင်ရသည့် အကြောင်းအရင်းများကို သံရုံးတာဝန်ရှိသူများကလည်း လက်ခံ နားထောင်ပေးခဲ့သည်။
ပြည်ထောင်စု တိုင်းရင်းသား နယ်မြေဖြစ်သော ကချင်ပြည်နယ်ကို အရပ်သားအစိုးရ လက်ထက်တွင် သဲသဲမဲမဲ တိုက်ခိုက်နေခြင်းအပေါ် နားမလည်နိုင် ဖြစ်မိသော်လည်း စစ်ပွဲများကြောင့် ဒုက္ခရောက်နေရသူများကို ကိုယ်ချင်းစာနာမှုဖြင့် ပါဝင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲကို လာရောက်သည့် တိုင်းရင်းသူ မအားဝမ်က ပြောသည်။
“ဒီစစ်နဲ့ ပတ်သက်ပြီးတော့ အထဲမှာ ဒုက္ခသည်တွေက ခံစားနေရတယ်။ ကျမတို့နိုင်ငံခြားမှာ ရောက်နေတဲ့ သူတွေက ဒါငါတို့နဲ့ မဆိုင်ဘူးဆိုပြီး နေတာမျိုး မဟုတ်ဘဲနဲ့ ငါတို့လည်း နင်တို့နဲ့ ညီအစ်ကိုမောင်နှမတွေလိုမျိုး ထပ်တူခံစားရတယ် ဆိုတာမျိုးနဲ့ ပူးပေါင်းပါဝင်ခြင်းဖြစ်ပါတယ်” ဟု သူက ပြောသည်။
ကချင်ပြည်နယ်အတွင်း အစိုးရတပ် ထိုးစစ်ကြောင့် စစ်ဘေးသင့် ကချင်လူထုနှင့် စစ်ဘေးဒုက္ခသည် အကြပ်အတည်းများ အမြန်ကောင်းမွန်စေရန်နှင့် စစ်ပွဲများ အေးချမ်းသွားစေရန် ယခုလ ၂၂ ရက်နေ့က သြစတြေးလျ နိုင်ငံရောက် ကချင်တိုင်းရင်းသားများကလည်း ဆစ်ဒနီမြို့တွင် ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင် စစ်ပွဲများငြိမ်းအေးရန် ကချင်တိုင်းရင်းသားများနှင့် နိုင်ငံတကာက တောင်းဆိုနေချိန်တွင် ယမန်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော်၍ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက KIA ကို အပြီးသတ် ချေမှုန်းပြီးမှသာ ငြိမ်းချမ်းရေး တည်ဆောက်သင့်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။
ယင်းအဆိုနှင့် ပတ်သက်ပြီး မဆိုင်းဇင်က “တိုင်းရင်းသားတွေအတွက် မစဉ်းစားပေးတဲ့ ဘယ်လွှတ်တော်မဆို ကျမတို့က ကန့်ကွက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့က တန်းတူရေးဖြစ်ပါတယ်။ အမျိုးသားတန်းတူရေးနဲ့ နိုင်ငံရေး တန်းတူရေး ဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတိုင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးဖြစ်ပါတယ်။ ဒီအခွင့်အရေးကို မရဘဲနဲ့ ကျမတို့ တိုင်းရင်းသားတွေကို အမြစ်ဖြတ် ချေမှုန်းမယ်ဆိုတဲ့ စကားဟာ လွှတ်တော်အမတ် တယောက်ရဲ့ ထွက်ဆိုသင့်တဲ့ စကားမဟုတ်ဘူးလို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
၁၉၉၄ ခုနှစ်က KIA နှင့် အစိုးရတို့အကြား ချုပ်ဆိုခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ၂၀၁၁ ခုနှစ် ဇွန်လထဲတွင် ပျက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားမှုကြောင့် ဒေသခံ စစ်ပြေးဒုက္ခသည် ၁ သိန်းကျော်အထိ ရှိနေပြီဖြစ်သည်။