မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် မြန်မာဘက်မှ ခြံစည်းရိုးကာရံနေသော ဂျီအီးခေါ် စစ်မြေပြင် ဆောက်လုပ်ရေး အင်ဂျင်ယာတပ်မှ တပ်ဖွဲ့ဝင်များကို ယခုလ ၂၄ ရက်နေ့က အမည်မသိ လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်ခံခဲ့ရကြောင်း နယ်စပ်မှလာသော သတင်းများအရ သိရသည်။
ဒေသစံတော်ချိန် ညနေ ၅ နာရီခန့်တွင် လူ ၂၀ ခန့်ပါဝင်သော လက်နက်ကိုင် အဖွဲ့တဖွဲ့က ခြံစည်းရိုးလုပ်ရာမှ ပြန်လာသည့် ဂျီအီး တပ်ဖွဲ့များ စီးနင်းလိုက်ပါလာသော ကားကို ပစ်ခတ် တိုက်ခိုက်ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင်များ လွတ်မြောက်သွားသော်လည်း ကားတစီး မီးရှို့ခံရကြောင်း နယ်စပ်ရှိ ဗန္ဓုလ ကျေးရွာမှ အမည်မဖော်လိုသော ဂျီအီး တပ်ဖွဲ့ဝင်တဦးကပြောသည်။
“ဗန္ဓုလကျေးရွာအနီး မိုင်တိုင်အမှတ် ၄၉ အရောက်မှာ တောထဲကနေ လက်နက်ကိုင် လူ ၂၀ လောက် ထွက်လာပြီး ပစ်တာ။ ကျနော်တို့ လူတွေကတော့ ထွက်ပြေးလို့ လွတ်သွားတယ်။ ကျန်ခဲ့တဲ့ ဂျစ်ကားနဲ့ အဲ့ဒီအပေါ်မှာ ပါတဲ့ ပစ္စည်းတွေကို သူတို့က မီးရှို့လိုက်ကြတယ်” ဟု ဂျီအီး တပ်ဖွဲ့ဝင်တဦးက ပြောသည်။
အခင်းဖြစ်သော နေရာသည် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့ မြောက်ဘက် မိုင် ၄၀ ကျော်အကွာ နယ်စပ် မှတ်တိုင် ၅၀ အနီးတွင်ဖြစ်ပြီး ဒေသတွင်းရှိ လုံခြုံရေး တပ်ဖွ့ဲဝင်များ သွားရောက် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
အခုပစ်ခတ်မှုမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘင်္ဂလားဒေ့ရှ်ဘက်တွင် အခြေချလှုပ်ရှားနေသည်ဟု ယူဆနေသည့် RSO ခေါ် Rohingya Solidarity Organisation မှဖြစ်ကြောင်း နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေး တပ်ဖွဲ့ (နစက) က ယုံကြည်နေသည်။
နယ်စပ်ခြံစည်းရိုး ဆောက်လုပ်သည့် နေရာများသည် ကျေးရွာများနှင့် အလှမ်းဝေးကာ တောတွင်းရောက်ရှိနေပြီး လုံခြုံရေး အားနည်း သောကြောင့် ဝင်ရောက် နှောက်ယှက်နိုင်ခြင်းဖြစ်ကြောင်း သုံးသပ်မှုများရှိသည်။
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ကလည်း နစက နယ်မြေ ၁ ဗန္ဓုလ ကျေးရွာအနီး နယ်စပ်မှတ်တိုင် ၅၁ တွင် ခြံစည်းရိုးလုပ်ကိုင်နေသူ ဂျီအီး တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးပြီး အရပ်သားတဦးကို ပစ်သတ်ခဲ့ဖူးသည်။ ဖမ်းဆီးခံရသူများအား ယခုထိ ပြန်လည်ကယ်တင်နိုင်ခြင်း မရှိသေးရုံမက မည်သို့ အခြေအနေတွင် ရှိနေကြောင်း မသိရသေးပေ။