ရန်ကုန် – နေပြည်တော် အမြန်လမ်းမကြီးတွင် ဆိုင်ကယ်သွားလမ်းနှင့် လူသွားလမ်းများကို ဖောက်လုပ်သွားရန် စီစဉ် နေကြောင်း ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးစိုးတင့်က ဧရာဝတီသို့ပြောသည်။
အမြန်လမ်းမကြီး စတင်ဖွင့်လှစ်ခဲ့ချိန်မှစ၍ အနီးအနား ကျေးရွာများမှ ကျွဲ၊ နွား တိရစ္ဆာန်များနှင့် နွားလှည်းများ၊ ဆိုင်ကယ် များသည် လမ်းပေါ်သို့ တက်ရောက်မောင်းနှင် သွားလာနေကြသဖြင့် ယာဉ်မတော်တဆ ထိခိုက်မှုများ ဖြစ်ပွားနေသောကြောင့် ဆိုင်ကယ်လမ်းနှင့် လူသွားလမ်းများကို ဖောက်လုပ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း ဝန်ကြီးက ရှင်းပြသည်။
“အမြန်လမ်းပေါ်မှာ ဆိုင်ကယ်တွေ လူတွေမသွားဖို့တားမြစ်ထားပေမယ့် သွားလာနေကြတော့ သူတို့အတွက် လမ်းတွေ စီစဉ်ပေးရမယ်၊ ကားတွေက အရှိန်ပြင်း မောင်းနေတာနဲ့ကြုံရင် အန္တရာယ် အများကြီး ရှိနိုင်တယ်” ဟု ဝန်ကြီးက ဆိုသည်။
ယင်း လမ်းမကြီးပေါ်တွွင် ဖြတ်သန်းသည့် ကားများကို ကီလို ၁၀၀ အတွင်းသာ မောင်းနှင်ရန် သက်ဆိုင်ရာက ညွှန်ကြားထား သော်လည်း ကီလို ၁၄၀ မှ ၁၆၀ အကြားအထိ အရှိန်လွန် မောင်းနှင်မှုများရှိနေ၍ အနီးအနား ကျေးရွာများမှ ဆိုင်ကယ်နှင့် လူများ၊ တိရစ္ဆာန်များ လမ်းပေါ် တက်လာသည်နှင့်ကြုံကာ ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်နေကြောင်း သိရသည်။
ယခုအခါ ဆိုင်ကယ်နှင့် လူသွားလမ်းများ ဖောက်လုပ်ရန် ကုန်ကျစရိတ်ကို တွက်ချက်နေပြီး ၂၀၁၃ ခု နှစ်လည်ပိုင်းတွင် အကောင်အထည် ဖော်နိုင်ရန် စီစဉ်နေပြီ ဖြစ်သည်။
အမြန်လမ်းမကြီး တလျှောက်ပါဝင်သည့်် ရန်ကုန်၊ ပဲခူး၊ နေပြည်တော်နှင့် မန္တလေးမြို့များ အတွင်းရှိ ကျေးရွာများမှ ဆိုင်ကယ်များ လမ်းပေါ်တက်၍ စီးနင်းသည်ကို တွေ့ရှိပါက ဒဏ်ငွေ ၁၀၀၀၀ မှ ၄၀၀၀၀ အထိလည်းကောင်း၊ ထောင်ဒဏ် တလအထိ လည်းကောင်း အရေးယူလျှက် ရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေဝင်းက ဧရာဝတီသို့ ပြောသည်။
“ဆိုင်ကယ်ကြောင့် အမြန်လမ်းပေါ်မှာ ဖြစ်တဲ့ ထိခိုက်မှုတွေက အရမ်းကိုများနေတယ်။ လမ်း စဖွင့်ကတည်းက မစီးခိုင်းပေမယ့် မလိုက်နာတာကြောင့် အရေးယူနေရတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် တိုင်းဒေသကြီး လေးတိုင်းလုံးရှိ အမြန်လမ်းပေါ် စီးနင်းသော ဆိုင်ကယ်များ အရေးယူခြင်းကို တပြေးညီဖြစ်စေရန် သက်ဆိုင်ရာ တရားရေး ဌာနများနှင့် အမြန်လမ်း ရဲတပ်ဖွဲ့တို့ တိုင်ပင် ဆောင်ရွက်ရန် ရှိကြောင်း သိရသည်။
တချို့ ဆိုင်ကယ်များသည် အမြန်လမ်းပေါ်တွင် လမ်းပြောင်းပြန် စီးနင်းခြင်း၊ အရှိန်လွန် မောင်းနှင်ခြင်းနှင့် ကျွမ်းကျင်မှု မရှိဘဲ စီးခြင်းတို့ကြောင့် မောင်းနှင်လာသောကားနှင့် တိုက်မိကာ ယာဉ်တိုက်မှုများ၊ လူသေမှုများဖြစ်နေရ သည်ဟု ရဲမှူးကြီးက ရှင်းပြသည်။
လက်ရှိတွင် စည်းကမ်းမလိုက်နာဘဲ မောင်းနှင်သော ဆိုင်ကယ်များကြောင့် ယာဉ်တိုက်မှုဖြစ်စဉ် တလလျှင် ၁၀ မှု ခန့် ဖြစ်နေကြောင်း သိရသည်။
အမြန်လမ်းမကြီးပေါ်တွင် ကွပ်ကဲမှုရုံး ၁ရုံး၊ ရဲစခန်း ၁၄ ခုနှင့် ရဲကင်း ၄၀ တို့ဖြင့် လုံခြုံရေး ထားရှိသည်။