မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှု တိုးတက်လာသော်လည်း ခရီးသွား လုပ်ငန်း ရေရှည် တိုးတက် ရေးအတွက် စိန်ခေါ်မှုများစွာ ရှိနေသေးကြောင်း ခရီးသွား လုပ်ငန်း လုပ်ဆောင်သူတို့ထံမှ သိရသည်။
စိန်ခေါ်မှုများမှာ အခြေခံအားဖြင့် အဆောက်အအုံ၊ လမ်းပန်းဆက်သွယ်ရေး၊ ငွေကြေး လဲလှယ်မှုများနှင့် လူသား အရင်းအမြစ် ဖြစ်သည့် ဝန်ဆောင်မှုလုပ်ငန်းများသည် အဓိက ကျနေကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဦးတင်ထွန်းအောင်က ဧရာဝတီသို့ ပြောသည်။
“လတ်တလော အဆောက်အအုံတွေ တည်ဆောက်တဲ့အခါ ဘယ်လောက် လုပ်ဆောင်နိုင်မလဲ၊ ငွေကြေးလှဲလှယ်မှု ကောင်တာတွေရော၊ ဘဏ်လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ လိုအပ်နေသေးတယ်။ Home Stay နေထိုင်ဖို့ကိုလည်း ခွင့်ပြုပေးသင့်ပါတယ်” ဟု ဦးတင်ထွန်းအောင်က ဆိုသည်။
ဟိုတယ် လုံလောက်မှု မရှိသည့်အတွက် ဟိုတယ်ဈေးနှုန်းများ မြင့်တက်လာကြောင်း၊ ငွေလဲလှယ်သည့်် ကောင်တာများ၏ အားနည်းချက်များကြောင့် မသမာသည့် ငွေလဲလှယ်မှုများလည်း ရှိလာကြောင်း၊ ဘဏ်များ ယခင်ထက် ပိုမို တိုးတက်မှသာ
ခရီးသွားလုပ်ငန်းများ အနေဖြင့် အိမ်နီးချင်း နိုင်ငံများနှင့် အမီလိုက်နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ဟိုတယ်ဈေးနှုန်းတွေကို တောင်းချင်သလောက် တောင်းပြီးတော့ ဝန်ဆောင်မှုတွေ ကောင်းကောင်း မပေးနိုင်သရွေ့ ခရီးသွားက တိုးတက်မှာ မဟုတ်ဘူး။ ဟိုတယ်တွေ မလုံလောက်မှုပေါ့။ အခုဆိုရင် မြန်မာပြည်က ဝင်ငွေများတဲ့သူတွေမှ လာလို့ရတဲ့ တိုင်းပြည် ဖြစ်နေပြီ” ဟု ဂျပန်ဘာသာ ဧည့်လမ်းညွန် တဦးဖြစ်သည့် ဒေါ်တင်နွယ်အေးက ဆိုသည်။
ခရီးသွားဧည့်သည်များသည် နယ်ဒေသများကို သွားရောက် လည်ပတ်သည့်အခါ ဒေသထွက်ကုန်များ၊ ရှေးဟောင်း ပစ္စည်းများကို အတုလုပ်ကာ ဈေးတင် ရောင်းချခံနေရကြောင်း၊ အရည်အသွေး ညံ့သည့် ပစ္စည်းများကို ရောင်းချမှုကြောင့်
နောင်တချိန်တွင် ကမ္ဘာ့နိုင်ငံများအကြား မျက်နှာပျက်ဖွယ်ရာ ဖြစ်လာနိုင်ကြောင်း ၎င်းက ဧရာဝတီသို့ ပြောသည်။
“အခုဆိုရင် အဲပုဂံ လေယာဉ်ပျက်ကျပြီး ကတည်းက ဧည့်သည်တွေ လေယာဉ်စီးတာ နည်းလာတယ်။ အုပ်စုလိုက် ဖွဲ့ပြီး
ကားနဲ့ပဲ သွားကြတယ်။ ဒါပေမယ့် ကားလမ်းပေါ်မှာ အိမ်သာမရှိတာ ခက်တယ်” ဟု ဒေါ်တင်နွယ်အေးက ဆိုသည်။
မြန်မာနိုင်ငံတွင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ကုမ္ပဏီ ၁၀၃၆ ခု ရှိပြီး နိုင်ငံခြားမှ လာရောက် ရင်းနှီးမြှုပ်နှံထားသည့် ဟိုတယ် ၁၀ ခု ရှိကြောင်း သိရသည်။
ယခု ၂၀၁၂ ခုနစ်မှ စတင်ကာ ခရီးသွားများ ပိုမို များပြားလာပြီး အခန်း မလုံလောက်မှုများနှင့် အခန်းခ ဈေးနှုန်း မြင့်တက်မှုများ ရှိလာရာ ယင်းအချက်များသည် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအတွက် အဟန့်အတား တခု ဖြစ်ကြောင်း Joyful Jupiter Tourism Co. ltd. ပိုင်ရှင် ဦးတင်စိုးက ပြောသည်။
“ဟိုတယ် အခန်းခတွေက အရင်ကဆိုရင် ဒေါ်လာ ၆၀ လောက်ပဲရှိတယ်။ အခုဆိုရင် ဒေါ်လာ ၂၃၀ လောက်အထိ
တောင်းလာကြတော့ ကျနော်တို့ ကုမ္ပဏီတွေ အခက်အခဲ အများကြီး တွေ့ရတယ်။ ဟိုတယ်တွေ ဝန်ဆောင်မှု ညံ့နေသရွေ့တော့ ခရီးသွားတိုးတက်မှု နှောင့်နှေးနေဦးမှာပါ” ဟု သူက ဆိုသည်။
ဟိုတယ် ဈေးနှုန်းများကို အစိုးရ သက်ဆိုင်ရာမှ သတ်မှတ်ထားသော်လည်း ထိရောက်မှုမရှိသေးကြောင်း၊ တခြား နိုင်ငံများ၏ ဝန်ဆောင်မှုများကို ယှဉ်မည်ဆိုပါက နောက်ကျနေသေးကြောင်း၊ မြန်မာအစိုးရ အနေဖြင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း
ကို စနစ်တကျ စီမံ လုပ်ကိုင်သင့်ကြောင်း၊ နိုင်ငံသားပိုင် ခရီးသွား ကုမ္ပဏီများနှင့် နိုင်ငံခြားသားပိုင် ကုမ္ပဏီများ အကြား ဟန်ချက်ညီသည့် အခွင့်အလမ်း ပေးသင့်ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ပြောဆိုကြသည်။
၂၀၁၂ ခုနှစ်တွင် ရန်ကုန်လေဆိပ်မှ ဝင်ရောက်လာသည့် နိုင်ငံခြား ခရီးသွားဧည့်သည် ၆ သိန်း၊ နယ်စပ်မှ ဝင်ရောက်သူပေါင်း ၄ သိန်းဖြင့် စုစုပေါင်း ၁ သန်းကျော်ရှိကြောင်း သိရသည်။
“မြန်မာပြည် ခရီးသွားတွေက တနှစ်ထက် တနှစ် များလာဖို့ပဲရှိတယ်။ ခရီးသွား ဧည့်လမ်းညွန်တွေ၊ ဟိုတယ် ဝန်ဆောင်မှု လုပ်ငန်းတွေ လုပ်ကိုင်နေသူတွေကို နိုင်ငံတကာနဲ့ ယှဉ်ပြိုင်လို့ရတဲ့ သင်တန်းတွေ ပေးသင့်တယ်” ဟု ဦးတင်ထွန်းအောင်က ပြောသည်။
မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာန၏ စာရင်းအရ လိုင်စင်ရ ဧည့်လမ်းညွှန်ပေါင်း ၃၃၅၃ ဦး ရှိကြောင်း၊ ဖော်ပြထားပြီး လိုင်စင်သက်တမ်း ကုန်သွားသူများ ပြန်လည် လုပ်ကိုင်နိုင်ရန် မွမ်းမံ သင်တန်းများ
ပေးနေကြောင်းလည်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံ အနှံ့တွင် တိုင်းရင်းသားပိုင်နှင့် နိုင်ငံခြားသားပိုင် ဟိုတယ် စုစုပေါင်း ၇၄၆ လုံးရှိနေပြီး အခန်းပေါင်း ၂၇၀၀၀ ကျော်ရှိကာ ကြယ်ပွင့်အဆင့် သတ်မှတ်ထားသော ဟိုတယ် ၁၄၁ လုံးရှိကြောင်း၊ ထပ်မံဆောက်လုပ်ရန် လျှောက်လွှာ တင်ထားသည့် တိုင်းရင်းသားပိုင် ဟိုတယ် ၂ လုံး ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန စာရင်းများက ဖော်ပြသည်။
နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှုမှာ ၂၀၁၁ ခုနှစ်တွင် ၄၁၀၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၁၂ ခုနှစ်ကုန်ပိုင်းတွင် ၆၀၀၀၀၀ ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း၊ လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဝင်ပေါက်တခုတည်းမှ ပြည်ပဧည့် ဝင်ရောက်နှုန်းမှာ တနေ့လျှင် ဦးရေ ၁၀၀၀ နှင့် ၁၅၀၀ ကြားရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ
သိရသည်။
ဧရာဝတီသတင်းထောက် လင်းသန့် ပူးပေါင်း ရေးသားသည်။