ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားနေရသော စစ်ဘေးသင့် ဒုက္ခသည်များ ရာနှင့်ချီနေပြီး တချို့နေရာများတွင် သေဆုံးမှုများအထိ ရှိလာကြောင်း သိရသည်။
ယခု ဇန်နဝါရီလဆန်းပိုင်းက စတင်ပြီး ဝမ်းပျက်ဝမ်းလျှောမှုများ ဖြစ်လာကာ မကြာသေးခင်က လိုင်ဇာအနီးရှိ ဒုက္ခသည်စခန်းမှ ကလေး ၂ ဦး သေဆုံးသွားခဲ့ကြောင်း၊ ဆေးရုံသို့ သွားရောက်ကြည့်ရှုတိုင်းတွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်နေသည်ကိုသာ တွေ့နေရကြောင်း ဒုက္ခသည်များ ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆက ပြောသည်။
“လိုင်ဇာအနီးက ဂျဲယန်စခန်းမှာ လူဦးရေ ၇ ထောင်ကျော် ရှိတယ်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ လူ ၁၅၀ ကျော်ရှိနေပြီ။ မိုင်တိုင် ၆ မှာရှိတဲ့ ဒုက္ခသည် စခန်းမှာလည်း အဲဒီလိုဖြစ်နေတဲ့သူတွေ တော်တော်များများ ရှိနေတယ်” ဟု သူက ဆိုသည်။
ဇန်နဝါရီ လဆန်းပိုင်းမှစပြီး လိုင်ဇာမြို့ ပြည်သူ့ဆေးရုံတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်နေပြီး အခြေအနေ ဆိုးလာသဖြင့် ဆေးရုံ တက်ရောက် ကုသမှု ခံယူရသူ လူ ၃၀ ကျော်ရှိကြောင်း၊ မည်သည့်အကြောင်းအရင်းကြောင့် ထိုသို့ ဖြစ်ပျက်ရသည်ကို ကျန်းမာရေးဌာနက စုံစမ်းလျှက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
မိုင်ဂျာယန်ရှိ ဒုက္ခသည်စခန်းများတွင်လည်း ဖောယောင်ခြင်း၊ ယားယံခြင်းများ ဖြစ်ပွားနေကြောင်း၊ စစ်ဘေး ဒုက္ခသည်များအတွက် အဓိက အခက်အခဲမှာ ကျန်းမာရေးကိစ္စ ဖြစ်ကြောင်း သိရသည်။
“ဘာကြောင့် ဒီလိုပြောရလဲဆိုရင် ဒီဒုက္ခသည်တွေဟာ စိတ်ရော ကိုယ်ပါ ဖိစီးမှုကို ကာလကြာရှည်စွာ ခံစားလာရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့ဆီမှာ ရောဂါပေါင်းစုံလည်း ရှိနေတယ်” ဟု ပါကထောင် ဒုက္ခသည်စခန်း ဥက္ကဋ္ဌ ဆိုင်းလီက ပြောသည်။
တချို့ ဒုက္ခသည်စခန်းများသည် သွားရေးလာရေး အလွန်ခက်ခဲသော တောတွင်းနေရာများတွင် ရှိနေသောကြောင့် အစားအစာနှင့် ကျန်းမာရေးလိုအပ်ချက် များစွာရှိကြောင်း မိုင်ဂျာယန်မြို့ရှိ ဒုက္ခသည်များကို ကူညီနေသည့် လူထု အလင်းကော်မတီမှ ဒေါ်မေရီသောင်က ဆိုသည်။
ထို့အပြင် နမ့်ခမ်းမြို့နယ် မန်ဝိန်းကြီးမြို့ရှိ ဒုက္ခသည် စခန်းများတွင်လည်း ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ရှိနေကြောင်း သိရသည်။
မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲပြန်ဖြစ်ပွားသော တနှစ်ကျော် ကာလအတွင်း စစ်ဘေးရှောင်ရင်း ကလေးမီးဖွားမှုများလည်း ရှိခဲ့ကြောင်း RCM စိန့်ဘုရားကျောင်းရှိ ဒုက္ခသည်စခန်းတွင် ကျန်းမာရေး စောင့်ရှောက်ပေးနေသည့် ဆရာဝန်မ တဦးက ရှင်းပြသည်။
“လက်ရှိအချိန်အထိ မန်ဝိန်းကြီးတဝိုက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ မီးဖွားခဲ့တာ ၁၀ ဦးမကရှိနေပြီ။ တချို့က ကိုယ်ဝန်ကြီးနဲ့ ထွက်ပြေးလာတာ။ ဒီရောက်မှ မွေးကြတာ” ဟု ၎င်းက ပြောသည်။
ထို့အပြင် ရောဂါတခုခုဖြစ်လာလျှင် ဆေးကုသရန် ဆေးဝါးများလည်း မလုံလောက်ကြောင်း၊ အထူးသဖြင့် အစား အသောက်ကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ မကြာခဏ ဖြစ်နေကြောင်း မန်ဝိန်းကြီးရှိ KBC ဒုက္ခသည်စခန်းမှ ဒေါ်ဇောင်းဆိုင်း က ဆိုသည်။
တချို့ ဒုက္ခသည်များသည် အနီးတဝိုက်ရှိ တောင်ယာ၊ လယ်၊ ကြံခင်းများတွင် အလုပ်လုပ်ကိုင်ခွင့် ရသောကြောင့် ဟင်းစရိတ်အတွက် အထောက်အပံ့ ရကြသော်လည်း တချို့မှာ ထိုသို့ လုပ်ခွင့်မရသောကြောင့် ဟင်းကို ဖြစ်သလို စားသောက်နေရကြောင်း ၎င်းက ဆက်ပြောသည်။
“စခန်းက ပေးနိုင်တာက ဆန်နဲ့ဆီလောက်ပဲ ပေးနိုင်တာ။ ဟင်းကတော့ ကိုယ့်ဘာသာ ဝယ်စားရတာ။ အလုပ်ရှိတဲ့ သူတွေကတော့ ဝယ်စားဖို့ ပိုက်ဆံနည်းနည်း ဝင်ငွေရှိတာပေါ့” ဟု သူက ရှင်းပြသည်။
KIA ထိန်းချုပ်ထားသည့် နေရာများတွင် ဒုက္ခသည်ဦးရေ ၆၇၀၆၃ ရှိကြောင်း ဇန်နဝါရီ ၂၄ ရက်နေ့အထိ ပြုစုထားသော စာရင်းများအရ သိရသည်။
တိုက်ပွဲများသည် တဖြည်းဖြည်း လိုင်ဇာမြို့နှင့် နီးကပ်လာသည့် အတွက် လိုင်ဇာမြို့ခံများကိုလည်း ဒုက္ခသည် စာရင်း သွင်းတော့မည် ဖြစ်ရာ ဒုက္ခသည် အရေအတွက် ပိုမိုတိုးပွားလာတော့မည် ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။
ဧရာဝတီသတင်းထောက် လဖိုင် ပူးပေါင်းရေးသားသည်။