စစ်အစိုးရက ဒီမိုကရေစီ အရေးလှုပ်ရှားသူများကို အရေးယူရာတွင် အဓိက အသုံးပြုခဲ့သည့် အီလက်ထရွန်းနစ် ဥပဒေမှ ပြစ်မှုနှင့် ပြစ်ဒဏ်များကို ပြင်ဆင် ပယ်ဖျက်ပေးသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောသည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က အီလက်ထရွန်းနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို တင်သွင်းစဉ် ဒုဝန်ကြီး ဦးသောင်းတင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
စစ်အစိုးရလက်ထက်တွင် ထုတ်ပြန်ခဲ့သော အီလက်ထရွန်းနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေသည် အခန်း ၁၃၊ ပုဒ်မ ၅၂ တွင် ပါဝင်ပြီး အဓိကအားဖြင့် နည်းပညာပိုင်းပြဋ္ဌာန်းချက် များဖြစ်သည့် အီလက်ထရွန်းနစ် နည်းပညာဖြင့် ဆက်သွယ် ဆောင်ရွက်ရာတွင် ယုံကြည်စိတ်ချမှု ရှိစေရန် သက်သေခံ လက်မှတ်ထုတ်ပေးသည့် ပြဋ္ဌာန်းချက်နှင့် အီလက်ထရွန်းနစ် နည်းပညာအသုံးပြု ကျူးလွန်သည့် ပြစ်မှုများအတွက် ပြဋ္ဌာန်းချက်များ ပါဝင်ကြောင်း၊ အခန်း ၁၂ တွင် ပါဝင်သည့် ပြစ်မှုနှင့် ပြစ်ဒဏ်များသည် ခေတ်နှင့် မလျှော်ညီတော့သဖြင့် ပြင်ဆင်ပယ်ဖျက်သင့်ကြောင်း ဦးသောင်းတင်၏ အဆိုအရ သိရှိရသည်။
“အခန်း ၁၂ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေက နိုင်ငံတော်လုံခြုံရေး၊ သတင်းအချက်အလက် နည်းပညာကို အသုံးပြုပြီး ကျူးလွန်တဲ့ ပြစ်မှုတွေက ကာကွယ် တားဆီးနိုင်ရေးအတွက် အဓိက ထားရေးဆွဲခဲ့တာဖြစ်တဲ့အတွက် ယနေ့ သတင်းအချက်အလက်ကို ပိုမို ပွင့်လင်းစွာ စီးဆင်းစေချိန် Free flow of Information၊ လွတ်လပ်စွာပြောဆိုခွင့် Freedom of speech တို့ရဲ့ ရှုထောင့်များမှ ကြည့်ပါက ပြင်ဆင်ပယ်ဖျက်ရန် လိုအပ်တဲ့ ပြဋ္ဌာန်းချက်များပါဝင်နေပါတယ်” ဟု ဦးသောင်းတင်က ပြောသည်။
မြန်မာနိုင်ငံတွင် ခေတ်နှင့်လျှော်ညီသော အီလက်ထရွန်းနစ် ဆက်သွယ်ရေးနည်းပညာ ဥပဒေသစ်တရပ် ရေးဆွဲ သွားမည် ဖြစ်ပြီး ဥပဒေသစ် ထွက်ရှိလာပါက ဥပဒေအဟောင်းကို ပယ်ဖျက်မည်ဖြစ်ကြောင်း၊ ဥပဒေသစ် မပေါ်မီ ကာလအတွင်းတွင်မူ ဥပဒေတွင် ပါဝင်နေသည့် ပြစ်မှုပြစ်ဒဏ်များကို ပြင်ဆင်ရေးဆွဲသင့်ကြောင်း ဦးသောင်းတင်က ဆိုသည်။
အီလက်ထရွန်းနစ်ဥပဒေ၊ အခန်း ၁၂ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ ပုဒ်မ ၃၃ တွင် နိုင်ငံတော် လုံခြုံရေးထိပါးစေသော အီလက်ထရွန်းနစ် နည်းပညာ အသုံးပြုမှုများအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်း ထားပြီး ယင်းဥပဒေဖြင့်ပင် ၈၈ မျိုးဆက်ကျောင်းသားများ၊ သတင်းသမားများ အပါအဝင် ဒီမိုကရေစီအရေး၊ နိုင်ငံရေး ပါဝင်လှုပ်ရှားသူများကို စစ်အစိုးရက နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးသောင်းတင်၏ တင်ပြချက်အပေါ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က သဘောတူညီခဲ့ပြီး အီလက်ထရွန်းနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်ထားရှိရန် ဆုံးဖြတ်ခဲ့သည်။
စစ်အစိုးရက ပြဋ္ဌာန်းခဲ့သည့် အီလက်ထရွန်းနစ်ဥပဒေကို ပြင်ဆင်ပယ်ဖျက်မည့် အပေါ် ပြည်တွင်းနိုင်ငံရေး အသိုင်းအဝိုင်းက ကြိုဆိုလိုက်ကြသည်။
သမဂ္ဂဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ ကိုဇော်သက်ထွေးက “ကျနော့်ကို ထောင်ချတုန်းက အီလက်ထရွန်းနစ် ဥပဒေ ပုဒ်မ ၃၃ (က) အရ အီးမေးလ် တစောင်အတွက် ထောင် ၁၅ နှစ်ချတယ်။ အဲဒီလိုပဲ ၈၈ ကျောင်းသား ခေါင်းဆောင်တွေကိုလည်း အီးမေးလ်တစောင်ကို ထောင်ဒဏ် ၁၅ နှစ်နဲ့ အီးမေးလ် ၄စောင် အတွက် ထောင်ဒဏ် နှစ် ၆၀ ချခဲ့တယ်။ အခု ဒီဥပဒေကို ပြင်ဆင်တော့မယ်၊ အသစ်ရေးဖို့ လုပ်နေပြီဆိုတော့ ဒီမိုကရေစီကို ဦးတည်တဲ့၊ ကောင်းတဲ့ အခြေအနေတွေ ဖြစ်ထွန်းနေတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်အစိုးရက အီလက်ထရွန်းနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ၂၀၀၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ကြေညာချက် အမှတ် ၅/၂၀၀၄ ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။