ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာ့တပ်မတော်အကြား ဖြစ်ပွားနေသော စစ်ပွဲများ အမြန်ဆုံး ပြေငြိမ်းရေး၊ ဒေသတွင်း လုံခြုံမှု ရရှိရေးနှင့် ကုန်ဈေးနှုန်းကျဆင်းရေး တို့အတွက် မြန်မာအစိုးရ တပ်မတော်နှင့် KIA တို့ကို ပူတာအိုဒေသခံများက တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
“KIA အနေနဲ့ လမ်းတံတားဖျက်တာတွေ၊ အကြမ်းဖက်မှုတွေ ထပ်မလုပ်ဖို့လည်း ဆန္ဒထုတ်ဖော်ကြတယ်လို့ ပြောတယ်။ ကျနော်လည်း မြစ်ကြီးနား ရောက်နေလို့ အတိအကျတော့ မသိသေးဘူး” ဟု ကချင်ပြည်နယ် ပူတာအို မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလီပေါ်ရဲက ဧရာဝတီကို ပြောသည်။
ပူတာအို ဒေသခံ အင်အား ၃၀၀ နီးပါးခန့်သည် ယနေ့ နံနက် ၈ နာရီခန့်မှ စတင်ပြီး ဟိုခိုရပ်ကွက်မှ ပူတာအို မြို့မဈေး အနီးအထိ ချီတက်ကာ ဆန္ဒ ထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“လမ်းပန်းဆက်သွယ်ရေး ကလည်း အရမ်းခတ်ခဲလို့ ဆန္ဒထုတ်ဖော်ကြတာ။ မြစ်ကြီးနားကို သွားချင်တဲ့ သူတွေက ပူတာအိုမှာ ပုံနေတယ်။ မြစ်ကြီးနားကနေ လာမယ့်သူမရှိဘူး။ လေယာဉ်ခကလည်း ကျပ် ၆ သောင်း၊ မှောင်ခိုဈေးနဲ့ ဝယ်ရင် ၂ သိန်းဆိုတော့ အရမ်းခက်ခဲနေတယ်။ ၆ သောင်းနဲ့ ဝယ်ဖို့ စောင့်ရင်လည်း တလခွဲ နှစ်လ လောက်စောင့်မှ လက်မှတ်ရတယ်” ဟု ပူတာအို ဒေသခံ ဒေါ်တီတီစန်းက ပြောသည်။
KIA နှင့် မြန်မာအစိုးရတို့ ငြိမ်းချမ်းရေး ယူထားစဉ် ကာလက ပူတာအိုနှင့် မြစ်ကြီးနား အကြား ကားများ၊ မော်တော် ဆိုင်ကယ် များဖြင့် ဆက်သွယ်ခဲ့ကြ သော်လည်း ၂၀၁၁ ခုနှစ် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားချိန်မှ စတင်ပြီး မြစ်ကြီးနား ပူတာအို လမ်းပိုင်းကို လုံး၀ မသုံးနိုင်တော့ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ ၂ ပတ်က ယာဉ်တန်း ရောက်လာလို့ နည်းနည်း ချောင်လည်သွားတယ်။ အဲဒီအရင်က ဆားပါ ပြတ်သွားတာ။ နည်းနည်း ချောင်လည်တယ် ဆိုပေမယ့် အခု ကျပ် ၁ ထောင်ကို ဆန် နို့ဆီဘူး ၃ ဘူးပဲ ရတယ်။ စပါးသစ် ပေါ်ပြီဆိုပေမယ့် စပါး ရှိသူတွေကလည်း ထုတ် မရောင်းရဲဘူး။ အစစအရာရာ ဈေးကြီးနေတယ်” ဟု ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။
ပူတာအို ဒေသသည် ကချင်ပြည်နယ် မြောက်ဘက်စွန်း ဒေသတွင် ရှိပြီး စစ်ပွဲများ ပြန်လည် ဖြစ်ပွားချိန်မှ စတင်၍ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက် ကာ လေကြောင်း ဖြင့်သာ ဆက်သွယ်နေ ရသည့်မြို့ ဖြစ်သည်။
ပြီးခဲ့သည့်နှစ် မေလ ခန့်မှ စတင်ပြီး ပူတာအိုဒေသတွင် ဆန် ပြတ်လပ်မှုနှင့် တွေ့ကြုံနေရသဖြင့် သီတဂူ ဆရာတော် ကြီးနှင့် တခြား ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ကချင်ပြည်နယ် အစိုးရတို့က လေယာဉ်များ ငှားရမ်း၍ ဆန်အိတ်များ ထောက်ပံ့ ခဲ့ရသည်။
ယင်းနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင် လွတ်မြောက်ရေး တပ်မတော်တို့ တရုတ်နိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံစဉ် မြစ်ကြီးနား ပူတာအိုလမ်းကို လုံခြုံမှု ပေးရန် အတွက် မြန်မာအစိုးရက တောင်းဆိုခဲ့ သော်လည်း မအောင်မြင်ခဲ့ပေ။
ယမန်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ အထိ မြစ်ကြီးနား ပူတာအို လမ်းကြောင်း တလျှောက် KIA မှ အရပ်သား ယာဉ်တန်းများကို တိုက်ခိုက်ခြင်း ၁၅ ကြိမ် မက ဖြစ်ပွားခဲ့ကြောင်း မြန်မာ့တပ်မတော်ပိုင် မြဝတီ သတင်းစာတွင် ဖော်ပြထားသည်။