ကချင်ပြည်နယ်၌ တိုက်ပွဲများ ဆက်ဖြစ်နေစဉ်မှာပင် မြန်မာ့တပ်မတော်၏ လေးလပတ်အစည်းအဝေး (တပ်မှူးများ ညီလာခံ) ကို ယမန်နေ့က နေပြည်တော်တွင် စတင်ကျင်းပကြောင်း နေပြည်တော် စစ်ဘက်ဆိုင်ရာ အသိုင်းအဝန်းမှ သိရသည်။
ဤ လေးလပတ် အစည်းအဝေးသို့ ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ တပ်မမှူးများနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များ မည်သို့ချမှတ်သည်ကို မသိရသေးသော်လည်း လက်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ဖြစ်ပွားနေသော တိုက်ပွဲများ၊ တနှစ်နီးပါး ရှေ့တန်းသို့ ရောက်ရှိနေသည့် တပ်များ လဲလှယ်ရေး ကိစ္စရပ်များကို ဆွေးနွေးမည်ဟု စစ်ဘက်ဆိုင်ရာ အသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ဆိုသည်။
“တချို့တပ်တွေလည်း ကချင်မှာကြာပြီ။ ဒါကြောင့် အနားမရတဲ့ တပ်တွေကို တပ်မ (၁၁)၊ တပ်မ (၂၂)၊ စကခ လက်အောက်ခံ တပ်တချို့နဲ့ လဲလှယ်ဖို့ ကိစ္စတွေလည်း ပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
တိုက်ပွဲများ ပြင်းထန်သည့် ကချင်ပြည်နယ်တွင် ခြေမြန်တပ်မများဖြစ်သည့် (၃၃)၊ (၈၈)၊ (၄၄)၊ (၆၆)၊ (၉၉)၊ (၁၀၁) နှင့် စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) များဖြစ်သည့် စကခ (၃)၊ စကခ (၂၁) တို့၏ လက်အောက်ခံ တပ်များအပြင် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းတပ်ရင်းများပါ စစ်ဆင်ရေးအတွင်း အဓိက ပါဝင် လှုပ်ရှားလျက် ရှိကြောင်း သိရသည်။
ထို့အပြင် ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIA တပ်မဟာ (၄) လှုပ်ရှားရာနယ်မြေများကို ထိန်းချုပ်ရန် ကျောက်မဲအခြေစိုက် စကခ (၁) နှင့် သိန္ဒီအခြေစိုက် စကခ (၁၆) က တာဝန်ယူလျက်ပြီး တခြားသော တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် ဆက်စပ်မှု ဖြတ်တောက်ရန် စကခ (၁၀) လက်အောက်ခံတပ်များက တာဝန်ယူလှုပ်ရှား လျက်ရှိကြောင်း သိရှိရသည်။
၂၀၁၁ ခုနှစ် ဇွန်လက ရှမ်းပြည်မြောက်ပိုင်း တာပိန်ရေအားလျှပ်စစ် စီမံကိန်းအနီးရှိ KIA တပ်စခန်းများကို လုံခြုံရေးအရ ဖယ်ရှားရန် ကြိုးပမ်းရာမှ တိုက်ပွဲများ စတင်ခဲ့ရာ ယခုအခါ အစိုးရ တပ်များ၏ ထိန်းချုပ်မှုသည် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီးသို့ပင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
တနှစ်ကျော် ကြာပြီဖြစ်သော တိုက်ပွဲများအတွင်း နှစ်ဦးနှစ်ဖက် အပြန်အလှန် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ကြရာ မြန်မာ့တပ်မတော်ဘက်မှ ခုခံစစ်သာ ဆင်နွှဲသည် ဆိုသော်လည်း လေကြောင်း အပါအဝင် လက်နက်ကြီး ပစ်ကူများဖြင့် စခန်းသိမ်း တိုက်ပွဲများကို ဖော်ဆောင်သကဲ့သို့ KIA ဘက်မှလည်း ထောက်ပံ့ရေး လမ်းကြောင်းများ ဖြစ်သည့် မီးရထားလမ်းများ ဗုံးခွဲခြင်း၊ မြို့နယ်၊ ကျေးရွာ ရဲကင်းများကို ဝင်ရောက်စီးနင်းခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။
ထို့အတွက် ဒေသခံ ပြည်သူလူထုများမှာ စစ်ဘေးလွတ်ရာသို့ ရှောင်တိမ်းရပြီး စစ်ပြေးဒုက္ခသည် များပြားလာသည့် အပြင် လမ်းခရီး လုံခြုံရေးလည်း ကျဆင်းလာခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့ကမူ KIA ဌာနချုပ် လိုင်ဇာမြို့နှင့် ၇ မိုင်ခန့်သာ ကွာဝေးသည့် စစ်ရေး အချက်အချာကျသော လဂျားယန်စခန်းကို မြန်မာတပ်မတော်မှ သိမ်းပိုက်ပြီးသည့်နောက်တွင် သမ္မတ ဦးသိန်းစိန်က အပစ်အခတ် ရပ်စဲမည်ဟု ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။
ကြံ့ခိုင်ရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒု ဗိုလ်မှူးကြီးဟောင်း ဦးလှဆွေက KIA အား အပြုတ်တိုက်ရေး လွှတ်တော်အတွင်း ဆွေးနွေးခဲ့သော် ပြောဆိုသော်လည်း ကချင်အမျိုးသား တဦးဖြစ်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်ကမူ တတိယ အင်အားစုတခုမှ ဝင်ရောက်ဖြေရှင်းပေးရန် လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သည်။
သို့သော် ပြီးခဲ့သည့် ရက်ကပင် လိုင်ဇာမြို့ကို ထိန်းချုပ်နိုင်သည့် မဟာဗျူဟာအရ အရေးပါသော အမြင့်ဆုံး ခါယာ တောင်ကုန်းကို မြန်မာတပ်မတော်မှ သိမ်းယူခဲ့သည်။
လက်ရှိ အခြေအနေတွင် စစ်ရေးအကဲခတ်များ အဆိုအရ စစ်ရေးအရ အရေးပါသော နောက်ထပ် တောင်ကုန်းတကုန်း ကျန်သေးရာ မြန်မာတပ်မတော်က ထိုးစစ်ဆင်ပြီး သိမ်းပိုက်လာနိုင်ကြောင်း၊ ထိုတောင်ကုန်းကိုသာ သိမ်းပိုက်နိုင်ခဲ့လျှင် KIA ၏ လိုင်ဇာစစ်ဌာနချုပ်ကို ထိန်းချုပ်နိုင်ပြီဟု ယူဆနိုင်ကြောင်း ဆိုသည်။