ရန်ကုန်မြို့မှ ကချင်ပြည်နယ် လိုင်ဇာမြို့နယ်အထိ ငြိမ်းချမ်းရေး လမ်းလျှောက်နေသူများနှင့် လိုက်ပါ၍ သတင်းမှတ်တမ်း ရယူသည့် ပြင်သစ်နိုင်ငံသားတဦးကို ယနေ့ညနေ ပိုင်းတွင် မြန်မာနိုင်ငံမှ ပြည်နှင်ဒဏ် ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
တောင်ငူမြို့နယ်တွင် ရောက်ရှိနေသည့် ငြိမ်းချမ်းရေး လမ်းလျှောက်သူများအကြောင်း လိုက်လံ မှတ်တမ်းယူနေသော ပြင်သစ်နိုင်ငံသား Mr. Christofa ဆိုသူကို ယနေ့ နေ့လယ်ပိုင်းတွင် အာဏာပိုင်များက သူတည်းခိုနေရာ တောင်ငူမြို့ အမေ့အိမ် တည်းခိုခန်းမှ လာရောက်ခေါ်ဆောင်သွားပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တဆင့် ယနေ့ညနေပိုင်းတွင် ပြည်နှင်ဒဏ် ပေးမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး လမ်းလျှောက်သူတဦး ဖြစ်သည့် မမြနန္ဒာက ပြောသည်။
“ပြင်သစ်နိုင်ငံသားက မနေ့ကတည်းက ကျွဲပွဲကနေ တောင်ငူအထိ တနေကုန် သတင်းမှတ်တမ်း လိုက်ယူတယ်။ ကျမတို့ကိုလည်း သူက အင်တာဗျူးတွေဘာတွေ လုပ်တယ်။ သူက ဖေဖော်ဝါရီ ၈ ရက်နေ့ အထိ ဗီဇာ ရထားပြီးသားလို့ ပြောတယ်။ ဗီဇာကတော့ ကမ္ဘာလှည့်ခရီးသွား ဗီဇာအမျိုးအစား၊ ဒီနေ့ နေ့လယ် ၁၂ နာရီမှာ သူတည်းနေတဲ့ ဟိုတယ်ကနေ တောင်ငူမြို့နယ် လဝကမှူး ဦးစန်းဝင်းနဲ့ အာဏာပိုင်တွေက သူ့ရဲ့ အထုပ်အပိုးတွေကို ကားပေါ်တင်ပြီး ရန်ကုန်ကို ပို့မယ်၊ လေဆိပ်ကနေ ဒီညနေ ပြည်နှင်မယ်လို့ ပြောတယ်” ဟု မမြနန္ဒာက ဆိုသည်။
တောင်ငူမြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနရုံးမှ တာဝန်ရှိသူ တဦးကလည်း ပြင်သစ်နိုင်ငံသား Mr. Christofa ကို ဦးစီးအရာရှိ ဦးစန်းဝင်းကိုယ်တိုင် ရန်ကုန်မြို့သို့ ပြန်လည်ခေါ်ဆောင်သွားပြီ ဖြစ်ပြီး တိုင်းဦးစီးဌာန၏ ညွှန်ကြားချက်အရ ထိုသို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း အတည်ပြုပြောဆိုသည်။
Mr. Christofa ကို ပြည်နှင်ဒဏ် ပေးရာတွင် အထက်အာဏာပိုင်များ၏ ညွှန်ကြားချက်အရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ မည်သည့် အကြောင်းကြောင့် ပြည်နှင်ဒဏ်ပေးသည်၊ မည်သူက ညွှန်ကြားသည် ဆိုသော အချက်အလက်များကို ထုတ်ဖော်မပြောနိုင်ဟု သိရှိရကြောင်း ငြိမ်းချမ်းရေး လမ်းလျှောက်သူများက ဆိုသည်။
“လဝက ဦးစီးအရာရှိ ဦးစန်းဝင်း ပြောတာကတော့ ပြင်သစ်နိုင်ငံသားကို ပြည်နှင်ဒဏ်ပေးတယ်ပေါ့။ ဘာကြောင့် ဘယ်သူက ညွှန်ကြားလို့ ပေးတာလဲ ဆိုတာကို မပြောဘူး။ Christofa က ကျမတို့ဆီကို ဖုန်းဆက်ပြောတာက သူရဲ့ အထုပ်အပိုးတွေကို အတင်း ကားပေါ်ဆွဲတင်ပြီး ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတယ်လို့လည်း ပြောပါတယ်” ဟု မမြနန္ဒာက ရှင်းပြသည်။
Mr. Christofa က ယနေ့ညနေ ရန်ကုန်လေဆိပ်တွင် သတင်းထောက်များနှင့် တွေ့ဆုံလိုသဖြင့် သတင်းထောက်များကို အကြောင်းကြား ပေးထားရန် အကူအညီ တောင်းခံထားကြောင်း ငြိမ်းချမ်းရေး လမ်းလျှောက်သူများထံမှ သိရှိရသည်။
ငြိမ်းချမ်းရေး လမ်းလျှောက်သူများသည် ရန်ကုန်မြို့မှ ဇန်နဝါရီလ ၂၁ ရက်နေ့ တွင်ထွက်ခွာခဲ့ပြီး လိုင်ဇာမြို့သို့ ရောက်သည်အထိ လမ်းလျှောက်မည် ဖြစ်ကြောင်း၊ တနေ့လျှင် မိုင်၂၀ အထိ ရောက်အောင် လျှောက်မည်ဖြစ်ကာ လက်ရှိ အဖွဲ့အတွင်းတွင် သံဃာတော် ၅ ပါးနှင့် လမ်းလျှောက်သူ ၃၀ ဦးပါဝင်ကြောင်း သိရှိရသည်။