တောင်ကိုရီယားနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ကိုရီးယား နာမည်ကျော် သရုပ်ဆောင်၊ အဆိုတော် Ahn Jae-wook အပါအဝင် နာမည်ကြီး ကိုရီယား အနုပညာရှင်တွေနဲ့ ဆိုးလ်မြို့ ဟိုတယ်တခုမှာ တွေ့ဆုံပြီး ညစာ အတူသုံးဆောင်ကြမယ်လို့ သတင်းရရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်အရ ကိုရီယား ကျော်ကြား အနုပညာရှင်တွေနဲ့ တွေ့ဆုံဖို့ကို မနက်ဖြန် ဇန်နဝါရီလ ၃၁ ရက်နေ့ ညပိုင်း ဆိုးလ်မြို့ ဟိုတယ်တခုမှာ ကျင်းပသွားဖို့ စီစဉ်ပြီးပြီလို့ ကိုရီယား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရာရှိတယောက်ကို ကိုးကားပြီး The Korea Times သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
အနုပညာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမယ့် အစီအစဉ်မှာ “နတ်သမီးနဲ့ လူလိမ်” လို့ မြန်မာတွေ လူသိများတဲ့ ဇာတ်လမ်းတွဲထဲက အဓိက သရုပ်ဆောင် ကိုရီယားမင်းသား Ahn Jae-wook နဲ့အတူ တခြား မြန်မာပရိသတ်တွေ နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား အနုပညာရှင်တွေလည်း ပါဝင်တယ်လို့ ဆိုပေမယ့် အနုပညာရှင်တွေရဲ့ နာမည် အတိအကျတော့ မသိရသေးပါဘူး။
အဆိုတော် Ahn Jae-wook ဟာ ၁၉၉၇ ခုနှစ်က ကိုရီယား MBC ရုပ်သံလိုင်းရဲ့ Star in My Heart ဆိုတဲ့ ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခဲ့ရာက ရုပ်ရှင်ပရိသတ်တွေကြားမှာ ရေပန်းစားလာခဲ့သူလည်း ဖြစ်ပါတယ်။
ကိုရီယားလှိုင်းလို့ အဓိပ္ပါယ်ရတဲ့ Hallyu ခေါ် ကိုရီးယား ကျော်ကြား အနုပညာရှင်တွေကတော့ မြန်မာနိုင်ငံမှာ ၂၀၀၂ ခုလောက်က စတင်ပြီး ဝင်ရောက်လာခဲ့တာပါ။ မြန်မာနိုင်ငံမှာတော့ ကိုရီယား ပေါ့ပ်အပါအဝင် ဂီတတွေထက် ဇာတ်လမ်းတွဲတွေကိုပဲ ပိုပြီး လူကြိုက်များကြတာပါ။
အဲဒီတုန်းက ကိုရီယား KBS တီဗီဇာတ်လမ်းတွဲတခု ဖြစ်တဲ့ Autumn in My Heart ဆိုတဲ့ ဇာတ်လမ်းမှာ မင်းသမီး ဆောင်းဟေကို၊ မင်းသား ဆုန်ဆန်ဟုန်း (Song Seung–heon)၊ Boys Over Flowers က အဓိက သရုပ်ဆောင် လီမင်ဟို၊ အဆိုတော် သရုပ်ဆောင် Ahn စတဲ့သူတွေဟာ လူကြိုက်များလာခဲ့သူတွေလည်း ဖြစ်ပါတယ်။
အခု ဒေါ်အောင်ဆန်းစုကြည်နဲ တွေ့ဆုံကြမယ့်သူတွေထဲမှာ သူတို့တွေလည်း ပါနိုင်တယ်လို့ ကိုရီယားရောက် မြန်မာများက ခန့်မှန်းပြောဆိုနေကြပါတယ်။
တောင် ကိုရီယားနိုင်ငံ၊ ဂွမ်ဂျူးမြို့မှာ ကျင်းပတဲ့ ၁၈ ကြိမ်မြောက် ဒီမိုကရေစီလှုပ်ရှားမှု သူရဲကောင်းတွေဂုဏ်ပြုပွဲ တက်ရောက်ပြီး ၂၀၀၄ ခုနှစ်က ရရှိခဲ့တဲ့ ဂွမ်ဂျူး လူ့အခွင့်အရေးဆုကို လက်ခံရယူပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် က ကိုရီယား အကျော်အမော် အနုပညာရှင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ ကိုရီယားတိုင်းမ် သတင်းစာက ဆိုပါတယ်။
ယမန်နေ့ညက ဒေါ်အောင်ဆန်းစုကြည်ဟာ ဖျောင်ချန် အထူးအိုလံပစ်လို့ ခေါ်တဲ့ မသန်စွမ်းသူတွေရဲ့ ဆောင်းရာသီ အိုလံပစ်ပွဲတော် ဖွင့်ပွဲကိုလည်း အထူးဧည့်သည်တော် တဦးအနေနဲ့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
အဲဒီအဖွင့်မိန့်ခွန်းမှာ “မသန်စွမ်းတာနဲ့ နားလည်မှုလွဲတာတွေ၊ ခွဲခြားဆက်ဆံမှုတွေကို ကျမတို့ အတူတကွ ကျော်လွှား နိုင်တယ်ဆိုတာ ဒီကနေ့ ကျမတို့ သက်သေပြမယ်လို့ ကျမမျှော်လင့်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
ဒီကနေ့ နံနက်ပိုင်းကတော့ ဖျောင်ချန် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေး ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က အဓိက ဆွေးနွေးသူ တဦးအဖြစ်လည်း တက်ရောက်ခဲ့ပါတယ်။
“ကမ္ဘာကြီးမှာ ဆင်းရဲ၊ ချမ်းသာ ကွာဟမှုတွေကို ပပျောက်အောင် လုပ်ဆောင်ဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် အဓိက ထားပြောတာကတော့ ကမ္ဘာပေါ်မှာ ဆင်းရဲတယ်၊ ချမ်းသာတယ်ဆိုတာ အဓိက မဟုတ်ဘူးပေါ့ဗျာ။ လူသားအားလုံး အတူတကွ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သာယာတဲ့ လောကကို တည်ထောင်ဖို့က အဓိက ဖြစ်တယ်ဆိုတဲ့ အကြောင်းတွေကို ပြောသွားတာပါ” လို့ တောင် ကိုရီယားနိုင်ငံမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (NLD-LA) က ကိုရန်နိုင်ထွန်းက ဧရာဝတီကို ပြောပါတယ်။
ကိုရီယားရောက် မြန်မာများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုကိုလည်း ဖေဖော်ဝါရီ ၁ ရက်နေ့ ဆိုးလ်မြို့ရှိ သမ္မတဟောင်း ကင်မ်ဒေးဂျုံး စာကြည့်တိုက်နဲ့ ပြတိုက် အဆောက်အဦမှာ ကျင်းပမှာဖြစ်ပြီး အင်တာနက်မှ တဆင့် တိုက်ရိုက်ကြည့်ရှုနိုင်အောင်လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။