မစပ်စုတို့ တိုင်းပြည်ကြီးက လွှတ်တော် ကြီးထဲမှာရှိတဲ့ အမတ်မင်များ၊ ဝန်မင်းများ တချက်ချက် ထလွဲလိုက်ပြီ ဆိုမှဖြင့် အင်တာနက် လူမှုကွန်ယက် facebook ပေါ်မှာ ဟာဒယရွှင်ဆေး တိုက်ကျွေးလိုက်သလို ပွဲကြီးပွဲကောင်း ဖြစ်ကုန် ကြတော့တာပါပဲ။
သူတို့ လွဲချက်ကလည်း အဆိုတော် ထူးအိမ်သင်ရဲ့ သီချင်းလို “တနေ့စာအလွဲများ” မဟုတ်တော့ဘဲ “နှစ်နဲ့ချီ အလွဲများ” လို့ ဆိုရမလိုပါ။
နောက်လာမယ့် လွှတ်တော်သက်တမ်း တခုမှာတော့ ဒီလို ဆက်မလွဲလောက်တော့ဘူးလို့ ထင်ရတာပဲ။ မြန်မာပြည်ရဲ့ ဒီမိုကရေစီ သက်တမ်းက နိုင်ငံရေးသမားတွေ လေနဲ့ ပြောရမယ်ဆိုရင် အတော်လေး နုသေးတော့ လောလောဆယ် လွဲတာတွေက အရင်စနစ်ဟောင်း လက်ကျန် ပါလာတာပဲ ဆိုပြီး ခွင့်လွှတ်နိုင်ကြပါတယ်။ မြန်မာပြည်သူလူထုရဲ့ ခွင့်လွှတ်အားကလည်း ကမ္ဘာမှာ ဂင်းနစ်စံချိန်တင်လောက်တာကိုး။
လျှပ်စစ်မီးမရှိလို့ အမှောင်ထဲ ကျင့်သားရအောင် ကြိုးစားနေရပါတယ် ဆိုတဲ့ ပြည်သူတွေကို လျှပ်စစ်မီးတွေ ပိုလျှံနေလို့ ရောင်းစား နေရပါတယ် လို့ပြောတဲ့ ဝန်မင်းနဲ့၊ လျှပ်စစ်မီးရဖို့ အရေး ဖရောင်းတိုင်တွေထွန်းပြီး လမ်းလျှောက် ဆန္ဒထုတ်ဖော်သူတွေကို အိမ်မှာပဲ ဖယောင်းတိုင်လေး ထွန်းပြီး အေးအေးဆေးဆေး နေလိုက်ပါ၊ အဆင်ပြေသွားပါမယ် လို့ပြောတဲ့ သမ္မတ အခါတော်ပေးနဲ့၊ မိုးရွာမှ ရေလျှံပြီး လျှပ်စစ်မီး ရမှာဆိုတော့ မီးရချင်ရင် မိုးနတ်မင်းကြီကိုသာ ဆုတောင်းလိုက်ပါလို့ တရုတ်သိုင်းကားထဲက စကားတွေ ပြောလိုပြောနဲ့ …၊ ဒါတောင် လွှတ်တော်ထဲ ဆန္ဒန်ဆင်မင်းဇာတ်တော်ကြီး ခင်းမိလို့ နေရာရွေ့သွားတဲ့ ဝန်မင်းကိစ္စ အကျယ်မချဲ့ချင်သေးလို့။
မစပ်စုတို့ ပြည်သူတွေကတော့ စိတ်ညစ်တဲ့ ကြားကနေ ပိုက်ဆံမကုန်ဘဲ အသက်ရှည်ပါတယ်လို့ သဘောထားပြီး အလွဲတွေ ကြားတိုင်း ရယ်ပဲ ရယ်နေလိုက်ကြတာ အားလုံးအသိ။ မစပ်စုတို့ ဝန်မင်းတွေခမျာ အနေအထိုင် အပြောအဆိုမတတ်လို့ နေရာတွေ ရွေ့ကုန်တာ၊ ဝန်မင်းဘဝက စုတေတာ မျိုးတွေလည်း ကြုံနေကြားနေရတာဆိုတော့ ထူးပြီး စိတ်မနာနေကြတော့တာ ဖြစ်နိုင်ပါတယ်။
အခုလည်း မစပ်စုတို့ရဲ့ ကျေးဇူးရှင် တောင်သူဦးကြီးတွေရဲ့ အမတော်ကြေးငွေတွေ ကျေအောင် ဆပ်နိုင်အောင်လို့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်က ၂၀၁၃ ခုနှစ်ရဲ့ ပထမဆုံး မှတ်သားဖွယ်ရာ အကြံပြု စကားတခွန်းကို တင်ဆက်လိုက် ပြန်ပါပြီ။
တောင်သူဦးကြီးများ ထမင်း တနပ်လျှော့စားပါ၊ ဒါဆိုရင် ကုသိုလ်လည်းရ ဝမ်းလည်းဝ၊ ဥပုသ်စောင့်မယ်ဆိုတဲ့ စိတ်နဲ့ အကြွေးတွေလည်း ကျေသွားပါလိမ့်မယ် … ဆိုပဲ။
ဓနုဖြူမြို့နယ်က တောင်သူလယ်သမားတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတဲ့ ဝန်ကြီးရဲ့ ဒီ အကြံပြုချက်ကတော့ ပြည်တွင်း ပြည်ပ မီဒီယာလောက၊ facebook လောကမှာ အနုပညာလောက လေနဲ့ပြောရရင် “ပေါက်” တယ်လို့ မစပ်စု ပြောချင်ပါတယ်။
ဘယ်လောက် ပေါက်သွားလဲ သိချင်တဲ့ မစပ်စုလည်း လူရွှင်တော် ဦးမေတ္တာကို တဆင့်ပြန်စပ်စု မိပါတယ်။
“ဗုဒ္ဓဘာသာ မြန်မာလူမျိုးပါ။ သူများကို အဲဒီလိုပြောရင် ကိုယ်ကိုယ်တိုင်လည်း အဲဒီလို ဖြစ်ရမယ်။ ကိုယ်တယောက်တည်း ပြီးသလား၊ မပြီးဘူး။ ကိုယ့်ဇနီး၊ ကိုယ့်သား၊ ကိုယ့်သမီးကိုလည်း ပြောနိုင်ရမယ်။ ကျနော်ကတော့ မကျင့်နိုင်ဘူး။ မနက် တနပ်၊ ညတနပ်။ ကျနော့် သားသမီးတွေအတွက် မနက် တနပ်၊ ညတနပ်၊ လယ်သမားကြီးတွေလည်း မနက်တနပ်၊ ညတနပ်၊ သူတို့ဟာ လူတွေစားဖို့ အတွက် စပါး ထုတ်လုပ်ရတာမို့လို့ နေ့လည်စာလေး တနပ်ပါ ထပ်ကျွေး ချင်ပါတယ်။ ကျနော် လူသားဆန်ဆန် ပြောခြင်းဖြစ်ပါတယ်။ သူ့အသက် သူ့အရွယ်နဲ့ ကိုယ်ချင်းစာ တရားရှိပါစေလို့ ကျနော်ဆုတောင်း ပေးပါတယ်။ ပိုက်ဆံရှိတိုင်း၊ ရာထူးရှိတိုင်း ငါလုပ်ရင် ဖြစ်ရမယ်ဆိုတဲ့ စိတ်တွေ ဖျောက်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ ဦးမေတ္တာက မစပ်စုကို ပြောပါတယ်။
တနေ့ကို ထမင်း နှစ်နပ် စားနေတာကနေ တနပ် လျှော့စားခိုင်းတဲ့ ဥပဒေ တရပ်များ ပေါ်ထွက်လာမလား လို့တောင် ကြောက်နေရပါတယ်လို့လည်း သူက ဆက်ပြောပါတယ်။
“ကျနော်တို့က ပုတီးစိပ် တရားထိုင်ပြီးတော့ နေတဲ့ အရိယာအနွယ်ဝင် သူတော်စင် မဟုတ်ဘူး။ နှစ်နပ်ကိုတော့ နှစ်နပ်ပဲ ကျွေးပါ၊ တနပ်တော့ မလုပ်ပါနဲ့လို့။ ဥပဒေ ထုတ်လိုက်ရင်တော့ ဒုက္ခပါပဲ” လို့ ဦးမေတ္တာက ဆိုပါတယ်။
မစပ်စုတို့တိုင်းပြည်ဟာ လယ်ယာမြေနဲ့ အသက်ဆက် နေရတဲ့၊ အခြေခံအစားအစာ အဖြစ် ဆန်စပါးကို အမှီပြုနေရတဲ့ တိုင်းပြည် ဆိုရင်လည်း မမှားပါဘူး။ မစပ်စုတို့ ငယ်ငယ်ကလည်း “ကျေးဇူးရှင် တောင်သူဦးကြီးများ” ဆိုပြီး တောင်သူလယ်သမားတွေကို ကိုယ့်ရဲ့ ဦးကြီးဆွေမျိုးသားချင်း ကျေးဇူးရှင်အဖြစ် အမြဲ ဂုဏ်ပြုစကား ဆိုတာတွေပဲ ကြားခဲ့ဖူးတာပါ။ လာမယ့် မတ်လ ၂ ရက်နေ့ဆိုရင် တောင်သူလယ်သမားနေ့ အဖြစ် ဂုဏ်ပြုတဲ့ အနေနဲ့ နိုင်ငံတော် ရုံးပိတ်ရက်တောင် သတ်မှတ်ထားသေးပါတယ်။
ကျေးဇူးရှိတဲ့ တောင်သူလယ်သမား ဦးကြီးတွေကို အခုလို မပြောဆိုသင့်ဘူးလို့ မန္တလေးက စာရေးဆရာညီပုလေးကလည်း ပြောဆိုလိုက်ပါတယ်။
“မပြောကောင်းတာတွေ ပြောတာ။ မပြောကောင်းဘူးဗျ။ လယ်သမားတွေဆိုတာ ကျေးဇူးရှိတယ်ဗျ။ ဒီလို ကျေးဇူး ရှိတဲ့သူတွေကို အခုလို ချိုးချိုးဖဲ့ဖဲ့ မပြောသင့်ဘူးလို့ မြင်ပါတယ်။ ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်ဖြစ်ဗျာ၊ ကာယကံရှင် ကိုယ်တိုင်ကို ထမင်းတနပ် လျှော့စားပါလို့ ပြောရင် ကြိုက်မလား။ လျှောက်လျှောက်ပြီး အလွတ်ပြောတာတွေ မကောင်းဘူး။ သမိုင်းတွင်မှာ။ သူတို့ ဆင်ခြင်ဖို့ကောင်းတယ်။ ကျနော်ကတော့ စကားတခွန်းကို တာဝန်ရှိရှိနဲ့ ထိန်းထိန်းသိမ်းသိမ်း ပြောသင့်တယ်လို့ ထင်တာပဲ။ ကျနော်တို့ တိုင်းပြည်က လယ်သမားတွေ အခြေခံတဲ့ တိုင်းပြည်ပါ” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေအတွင်းက ဖြစ်ပွားခဲ့တဲ့ ရေကြီးမှု အပါအဝင် လယ်ယာသီးနှံတွေ အထွက်နှုန်း ကျဆင်းလာခဲ့ခြင်းတွေက တောင်သူ လယ်သမားတွေအတွက် အစိုးရနဲ့ ဘဏ်တွေ ကုမ္ပဏီ ကြီးတွေဆီက ချေးယူထားတဲ့ အမတော်ကြေးငွေတွေကို ပြန်မဆပ်နိုင် ဖြစ်နေတဲ့ အနေအထား ရောက်ရှိနေပါတယ်။ ဒီကြားထဲ ဘယ်နေရာမှာတော့ ဘယ်ကုမ္ပဏီကြီးတွေက ဘာလုပ်ဖို့ စီမံကိန်း ဆိုပြီး လယ်တွေ သိမ်းသွားပြန်ပြီ၊ တော်ကြာ သိမ်းထားတဲ့ လယ်တွေအတွက် တန်ရာတန်ကြေး မရဘူးဆိုပြီး လယ်သမားတွေရဲ့ ဘဝ အခြေအနေ ဆိုးရွားနေတာကို မကြားချင်မှ အဆုံးပါပဲ။
အခုလို ကျေးဇူးရှင် တောင်သူဦးကြီးတွေ ကျတော့ အကြွေးကျေဖို့ တရက်ကို ထမင်းတနပ် လျှော့စားပါလို့ ဆိုလိုက်တာဟာ လစာတွေ သိန်းကို ဆယ်ဂဏန်းချီပြီး ယူထားတဲ့ သူတွေအနေနဲ့ ရှက်စရာအလွန် ကောင်းတယ်လို့ မြန်မာ့ လူမှုဘ၀ ဖွံ့ဖြိုးရေး ကွန်ယက်က တာဝန်ရှိသူ တဦးလည်းဖြစ်၊ စစ်ဘက်က ဗိုလ်ကြီးဟောင်း တဦးလည်းဖြစ်တဲ့ ကိုနေမျိုးဇင်က ပြောပါတယ်။
“သားသမီးချင်း ကိုယ်ချင်းမစာ၊ လူသားချင်း ကိုယ်ချင်းမစာတဲ့ သုံးသပ်ချက်လို့ပဲ ကျနော်ပြောချင်တယ်။ အမေရိကန် နိုင်ငံတို့၊ ပြင်သစ်နိုင်ငံတို့ စစ်ဖြစ်ခဲ့စဉ် တုန်းက ချိုးခြံချွေတာခဲ့တယ် ဆိုတာ ဟုတ်ပါတယ်။ အစိုးရက စပြီးတော့ အောက်ခြေ လက်လုပ်လက်စား တွေအထိ တတန်းတည်း၊ တစားတည်း နေပြီးတော့ ခြိုးခြံချွေတာ ကြတာလေ။ သူတို့ကျတော့ လစာတွေ နင်းကန်ယူထားပြီးတော့ နောက်ဆုံး အငြိမ်းစားယူသွားတဲ့ လူကြီးတောင်မှ အိမ်ဖော်စရိတ်အတွက် ကိုတောင် ပေးနေရတဲ့ ဥပဒေ ရေးဆွဲ နေတဲ့အချိန်မှာ ဘေးဥပါဒ် အမျိုးမျိုးကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေ၊ တောင်သူလယ်သမားတွေကို ထမင်းတနပ် လျှော့စားပါလို့ ပြောရက်တယ်၊ ပြောထွက်တယ်လို့ ကျနော်ကတော့ သုံးသပ်ချင်တယ်။ ဒီလိုလူမျိုးက တာဝန်ရှိသူ အဖြစ် ရှိနေတာကိုက ရှက်ဖွယ်ပါပဲ။ အဲဒီလို လူမျိုးတွေ ရှိနေသေးလို့ မြန်မာပြည် ဆင်းရဲတွင်းထဲက မလွတ်သေးတာပါ” လို့ သူက ဆိုပါတယ်။
လွှတ်တော်ထဲက အမတ်မင်းတွေ၊ ဝန်မင်းတွေက မြန်မာ ပြည်သူပြည်သားတွေကို သည်းခံခြင်း၊ အနစ်နာခံခြင်း ဆိုတဲ့ တရားတွေ လက်ကိုင်ထားကြဖို့ အကြံပြု တိုက်တွန်းတာတွေလည်း မစပ်စုတို့ ကြားနေရပါတယ်။ အရင်က သည်းခံခဲ့တာတွေနဲ့တင် မပြီးသေးဘူး၊ နောက်ထပ် သည်းခံဦး ဆိုတဲ့သဘောလားတော့ မပြောတတ်ဘူး။ ကြာရင် မြန်မာပြည်သူတွေ ခန္တီပါရမီနဲ့ အပြည့်လွန်ပြီး နိဗ္ဗာန်ကို အရှင်လတ်လတ် ရောက်ကြမလားဘဲ။
“ဘုရားဟောခဲ့ပါတယ်၊ လောကဓံတရား ၈ ပါး ရှိပါတယ်၊ ခံနိုင်ရည် ရှိတာတွေကို ခံပါ့မယ်၊ ခံနိုင်ရည် မရှိတာတွေကိုလည်း ခံပါဦး ဆိုပြီး ဘုရားမဟုတ်တဲ့ သူတွေက ဟောတာတွေ၊ ပြောတာတွေကိုတော့ ကျနော်တို့ တော်တော်လေးကို စဉ်းစားရ ကျပ်ပါတယ်။ သဗ္ဗေညုတ ရွှေဉာဏ်တော် ရသော ဗုဒ္ဓမြတ်စွာဘုရားရဲ့ အဆိုအမိန့်များကို နားထောင်ပါ့မယ်၊ ဘုရား မဟုတ်သော ပုဂ္ဂိုလ်များရဲ့ အဆိုအမိန့်များကိုတော့ နားမထောင် ပါရစေနဲ့ ခင်ဗျာ။ မျှမျှတတ ဖြစ်ဖို့လိုပါတယ်။ ကျောကသားလည်း သားပါ၊ ရင်က သားလည်းသားပါ။ ကိုယ်ချင်းစာတရား ပြည့်ဝစွာနဲ့ ပိုင်းခြား ဆုံးမကြပါလို့ မေတ္တာရပ်ခံ တောင်းပန်ပါတယ်။ ကျနော်နိုင်ငံရေးသမား မဟုတ်ဘူးနော်၊ လူရွှင်တော်။ ပြည်သူတွေကု ိချစ်တဲ့ လူရွှင်တော်။ ပြည်သူ ဆိုတာ အုပ်ချုပ်တဲ့သူတွေလည်း ပါတယ်။ ပြည်သူတွေ တင်မြှောက်ထားတဲ့ အစိုးရ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူ့အပေါ်ကို နားလည်လိမ့်မယ်လို့ ကျနော် ယုံကြည် မျှော်လင့်နေတယ်လို့ ပြောပါရစေ” လို့ လူရွှင်တော် ဦးမေတ္တာက ပြောဆို လိုက်ပါတယ်။
လူရွှင်တော်တောင် ထိုင်ငိုရမယ့် ပြက်လုံးတွေ ပြက်တတ်လွန်းတဲ့ မစပ်စုတို့ ဝန်မင်းတွေကြောင့် ဦးမေတ္တာကြီးတို့ အဖွဲ့တွေ ထမင်းငတ် ကုန်ကြတော့မလား မစပ်စု စိုးရိမ်နေမိပါတယ်။ ။