၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် မြန်မာ့တပ်မတော်နှင့် လက်တွဲ လုပ်ဆောင်သွားမည် ဖြစ်ပြီး သတ္တိရှိသည့် တပ်မတော်သားများ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းက တောင်ကိုရီယားရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပွဲတွင် ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ကိုရီယားခရီးစဉ် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီမှ ကိုရန်နိုင်ထွန်းက “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တယောက်က မေးတယ်။ ပြင်ဆင်နိုင်ဖို့ ဘယ်လိုလုပ်ရမလဲ၊ ဘယ်လို ပူးပေါင်း ပါဝင်ရမလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့အတွက် တပ်မတော်နဲ့ ပူးပေါင်းပြီး လုပ်သွားပါမယ်တဲ့။ အဲဒီလို လုပ်ဆောင်ဖို့ တပ်မတော်ထဲမှာ သတ္တိရှိတဲ့ စစ်သားကောင်းတွေ လိုအပ်ပါတယ်လို့ ဖြေသွားတာပါ” ဟု ပြောသည်။
တောင်ကိုရီယားနိုင်ငံ ဆိုးလ်မြို့ရှိ သမ္မတဟောင်း ကင်မ်ဒေးယုံ စာကြည့်တိုက်နှင့် ပြတိုက်၌ ကျင်းပသည့် မြန်မာများနှင့် တွေ့ဆုံပွဲတွင် သမ္မတဟောင်း ကင်မ်ဒေးယုံ၏ ဇနီး မစ္စ အီဟွဲဟိုလည်း တက်ရောက်ကာ တောင်ကိုရီယားနိုင်ငံသို့ ၅ ရက်တာ အလည်အပတ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ဆိုးလ် အမျိုးသား တက္ကသိုလ်တွင် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကိုလည်း လက်ခံပြီး ကိုရီယား ကျောင်းသား၊ ကျောင်းသူများနှင့်လည်း တွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ အင်္ဂလိပ်အမည်ကို Burma ဟုသာ ခေါ်ဆိုကြရန် ကိုရီယားပြည်သူများကို တောင်ကိုရီယားခရီးစဉ်အတွင်း တိုက်တွန်းကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအဖွဲ့ဝင်များက တောင်ကိုရီယားနိုင်ငံ ဖျောင်ချန်းမြို့တွင် ကျင်းပသည့် မသန်စွမ်းသူများ၏ ၂၀၁၃ ခုနှစ် ဆောင်းရာသီ အထူး ကမ္ဘာ့အိုလံပစ်ပွဲတော်သို့ ပထမဆုံးအကြိမ် တက်ရောက်လာခဲ့စဉ် ယခုကဲ့သို့ Burma (ဘားမား) ဟု ခေါ်ဆိုကြပါရန် မေတ္တာရပ်ခံလိုက်ခြင်း ဖြစ်သည်ဟု ယမန်နေ့ထုတ် ကိုရီယား ယွန်ဟတ်ဘ် သတင်းတွင် ဖော်ပြထားသည်။
Burma ဟူသော အင်္ဂလိပ်စာလုံးပေါင်းကို ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း မြန်မာစစ်အာဏာရှင်များက ပြည်သူ့သဘောထား တောင်းခံခြင်း မပြုဘဲ Myanmar ဟု ပြောင်းလဲ သတ်မှတ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဂွမ်ဂျူးမြို့ရှိ အာဇာနည် ဗိမ္မာန်သို့ ယမန်နေ့က သွားရောက် ဂါရ၀ ပြုခဲ့ပြီးနောက် ၂၀၀၄ ခုနှစ် နေအိမ်အကျယ်ချုပ် ကျခံရစဉ်က ရရှိခဲ့သည့် ဂွမ်ဂျူး လူ့အခွင့်အရေးဆုနှင့် ဂွမ်ဂျူးမြို့တော်သူ ဆုကိုလည်း လက်ခံရယူခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ဆုလက်ခံပွဲတွင် ကိုရီယားပြည်သူများ၏ စိတ်ဆန္ဒကို လေးစားကြောင်း ပြောဆိုသွားသည်။
ကိုရန်နိုင်ထွန်း “ကိုရီယား ပြည်သူတွေရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ စေတနာ၊ မြန်မာနိုင်ငံကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ အပြည့်အ၀ ရစေချင်တဲ့ ကိုရီယားပြည်သူတွေရဲ့ စိတ်ဆန္ဒကို အရမ်းပဲ လေးစားတယ်ဆိုတဲ့အကြောင်း၊ မြန်မာနိုင်ငံကိုလည်း ကိုရီယားနိုင်ငံကဲ့သို့ လူ့အခွင့်အရေး ပြည့်ဝပြီးတော့ အစစ အရာရာ ဒီမိုကရေစီ ပြည့်ဝတဲ့ နိုင်ငံဖြစ်ဖို့ သူ့အနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာ ဖြစ်တယ် အစရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်” ဟု ဆိုသည်။
ယမန်နေ့ ညပိုင်းတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဆိုးလ်မြို့တော်ရှိ Westin Chosun ဟိုတယ်၌ နာမည်ကြီး တောင်ကိုရီယား အနုပညာရှင်များဖြစ်ကြသော Ahn Jae-wook, Chae Jung An, Kim Hyo Jin, Lee Young Ae, Song Il-kook တို့နှင့် ညစာ အတူစားသုံးခဲ့သည်။
“အစောပိုင်းသတင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံလို့ ကိုရီးယား အနုပညာရှင်တွေနဲ့ တွေ့ဖို့လို့ ဖော်ပြတာတွေ တွေ့တယ်။ ကျနော်လည်း အန်တီ့ကို မေးလိုက်ပါတယ်။ အန်တီ ပြန်ဖြေတာက ကိုရီယားတွေက၊ အထူးသဖြင့် စီးပွားရေး လုပ်ငန်းရှင်တွေက ဒီလို စီစဉ်လိုက်လို့ ပြောတာကို ရပါတယ်လို့ ပြန်ဖြေလိုက်တာပါပဲတဲ့၊ သူက စပြီး မေတ္တာရပ်ခံခဲ့တာတော့ မဟုတ်ပါဘူးတဲ့။ သံတမန်သဘောအရ လာပြောတော့ လက်ခံလိုက်တာပါပဲ” ဟု ကိုရန်နိုင်ထွန်းက ဆိုသည်။
ယနေ့နံနက်ပိုင်း မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် မေးခွန်းများစွာအနက် ၁၃ ခုကို ရွေးချယ်မေးမြန်းခွင့် ပြုခဲ့ရာ မေးခွန်းတခုတွင် နိုင်ငံခြားရောက် မြန်မာ အလုပ်သမားများအား ကာကွယ်သည့် ဥပဒေ ပြဌာန်းရေးဆိုင်ရာ မေးခွန်းလည်း ပါဝင်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အား ပြည်ပရောက် မြန်မာအလုပ်သမားများအတွက် ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေ ပြဌာန်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိ မေးမြန်းရာတွင် မိမိတို့ နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေတရပ် လိုအပ်ကြောင်း၊ မြန်မာသံရုံးများကလည်း နိုင်ငံသားများကို အကာအကွယ်ပေးရန် လိုအပ်ကြောင်းနှင့် ဥပဒေအဖြစ် ပေါ်ပေါက်လာရေး သက်ဆိုင်ရာများနှင့် ဆွေးနွေး တင်ပြသွားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီယားသို့ လာရောက်သည့်အတွက် တောင်ကိုရီယားရောက် မြန်မာများ အနေဖြင့် ဝမ်းမြောက် ဂုဏ်ယူကြောင်းလည်း သိရသည်။
“အတိုင်းမသိ ဝမ်းသာမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းကို ဘယ်အချိန်ပြန်ပြီး ဘယ်လို တွေ့ရမယ်ဆိုတာ မသိတဲ့အချိန်ပေါ့နော်။ အခုလိုမျိုး ပြည်ပမှာ အမေ့ကို ကျန်းကျန်းမာမာ တွေ့လိုက်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်၊ ဖော်မပြတတ်အောင် ဝမ်းသာပါတယ်” ဟု ကိုရီးယားရောက် မြန်မာနိုင်ငံသူ တဦးဖြစ်သည့် မတိုးလှိုင်ဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ကိုရီယား စံတော်ချိန် ညနေ ၆ နာရီ ၄၀ မိနစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။