ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရောက်ရှိ နေထိုင်ကြသည့် ရခိုင်နှင့် ရခိုင် မျိုးနွယ်စု တိုင်းရင်းသားများအနေဖြင့် မြန်မာနိုင်ငံတွင် ပြန်လည် အခြေချ နေထိုင်လိုပါက ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် နေရာချပေးမည်ဖြစ်ကာ နေအိမ်နှင့် လယ်ယာမြေများ အခမဲ့ ထောက်ပံ့ပေးမည်ဟု သတင်းရရှိသည်။
“ရခိုင်နဲ့ ရခိုင်မျိုးနွယ်စုတွေအပြင် ကိုယ့်တိုင်းရင်းသားတွေဆိုရင် ဘယ်တိုင်းရင်းသား ဖြစ်ဖြစ် လက်ခံပေးမှာပါ။ မိသားစု တခုအတွက် နေအိမ်နဲ့ခြံဝင်းတခု၊ စားဝတ်နေရေးအတွက် လယ် ၂ ဧကလည်း ပေးမယ်” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က ဧရာဝတီသို့ ပြောသည်။
ထိုသို့ ဆောင်ရွက်ရခြင်းမှာ မောင်တောဒေသ၌ မြန်မာနိုင်ငံသား တိုင်းရင်းသား လူမျိုးဦးရေ အဆမတန် နည်းပါးနေခြင်းကြောင့် ဖြစ်ကြောင်း၊ အလားတူ ဘင်္ဂလားဒေ့ရှ်ရောက် တိုင်းရင်းသား လူမျိုးများမှာလည်း လုံခြုံရေး စိုးရိမ်ရမှုနှင့် စီးပွားရေး အခက်အခဲများ ရှိနေခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ တချို့မှာ မိမိနိုင်ငံ၊ မိမိတို့ ဒေသသို့ ပြန်လည် အခြေချ နေထိုင်လို၍ ယခုကဲ့သို့ စီစဉ်ရခြင်း ဖြစ်ကြောင်း ဦးဝင်းမြိုင်က ရှင်းပြသည်။
ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင်တိုင်းရင်းသားများနှင့် ရခိုင်မျိုးနွယ်စုများ၊ တခြား တိုင်းရင်းသားများက ရခိုင်ဒေသသို့ သွားရောက်၍ အခြေချ နေထိုင်လိုသော်လည်း လက်ရှိအနေအထားအရ လုံခြုံရေး စိုးရိမ်ကြောင်း၊ ထို့အတူ မိသားစု၏ ရေရှည် စားဝတ်နေရေးကိုလည်း စိတ်ပူပန်ကြောင်း ဘင်္ဂလားဒေ့ရှ်မှ ရခိုင်အမျိုးသားတဦးက ပြောသည်။
“အဓိက စိုးရိမ်တာ လုံခြုံရေးပါ။ အရင်ကလည်း အစိုးရက အဲဒီလိုပြောတော့ ပြောင်းသွားတဲ့ မိသားစုတွေ ရှိတယ်။ ဒါပေမယ့် လုံခြုံမှု မရှိတော့ ဒီဘက် ပြန်ရောက်လာကြတယ်။ အလုပ်အကိုင်လည်း ရှားပါးတော့ ရေရှည်မနေနိုင်တဲ့ အတွက် ပြန်လာတယ်။ အစိုးရက လယ်လုပ်ဖို့ နွား ၂ ကောင်ပေးမယ် ပြောပြီး ၁ ကောင်ပဲပေးတော့ အဆင်မပြေကြဘူးပေါ့” ဟု ၎င်းက ဆိုသည်။
သို့သော်လည်း လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင်တိုင်းရင်းသားများနှင့် ရခိုင်မျိုးနွယ်စုများမှာ ဘင်္ဂလားဒေ့ရှ်မှ အစွန်းရောက် မွတ်စလင်များ၏ ခြိမ်းခြောက်ခံရမှု၊ မွတ်စလင် လူဦးရေက အဆမတန် များပြားနေမှုများကြောင့် ရခိုင်နှင့် တိုင်းရင်းသား မျိုးနွယ်စုများမှာ ရခိုင်ပြည်နယ်သို့ ထောင်သောင်းချီ၍ ကူးပြောင်းလာနိုင်ခြေရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်တွင် ရခိုင်နှင့် ရခိုင်မျိုးနွယ်စုများ ဖြစ်သည့် မာရမာကြီး၊ မြို၊ သက်၊ ခမီ၊ ဒိုင်းနက် စသည့်တိုင်းရင်းသား ဦးရေ သိန်းချီ၍ နေထိုင်ကြောင်း သိရသည်။
မောင်တောဒေသ၌ မွတ်စလင်ဦးရေ ၆ သိန်းကျော်ရှိပြီး ရခိုင်နှင့် တခြား တိုင်းရင်းသားဦးရေမှာမူ ၂ သောင်းခန့်သာရှိ၍ ရန်ကုန်တိုင်းရှိ မြို့နယ်များမှ အိမ်ခြေယာခြေမဲ့များ၊ ရာဇဝတ်မှုဖြင့် ထောင်မှ ထွက်လာသူများကို နိုင်ငံတော် အစိုးရက မောင်တောဒေသို့ ပြောင်းရွှေ့၍ နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများရွာ (နတလ) စံပြကျေးရွာများ တည်ဆောက်ပေးထားကြောင်း သိရသည်။
“မောင်တောမှာ ဘင်္ဂါလီတွေတွေရဲ့ ရန်ကို ကြောက်ရသလို ရန်ကုန်ဘက်က နေရာချပေးထားတဲ့ သူတွေကလည်းပဲ အများစုက လူဆိုး၊ လူမိုက်တွေများတော့ သူတို့ကိုလည်း စိုးရိမ်တယ်။ အဲဒီကိစ္စတွေအတွက် အစိုးရက လုံခြုံရေးကို သေချာ တာဝန်ယူပေးတာ မရှိဘူး” ဟု ပြီးခဲ့သည့်နှစ် အနည်းငယ်က မောင်တောသို့ ပြောင်းရွှေ့ အခြေချနေထိုင်သူတဦးက ပြောသည်။
ဘင်္ဂလားဒေ့ရှ်ဘက်မှ မကြာသေးခင်က ပြောင်းရွှေ့လာသည့် မိသားစု ၄၀ ကျော်ကို ခရေမြိုင် ကျေးရွာနှင့် လောင်းတုံ ကျေးရွာတို့တွင် နေရာချပေးထားကြောင်း၊ ၎င်းတို့အတွက် အိုးခွက်၊ ပန်းကန်များ၊ စားစရာ တချို့ကို အာဏာပိုင်များက ထောက်ပံ့ပေးထားကြောင်း သိရသည်။
မောင်တောဒေသသို့ ပြောင်းရွှေ့လိုသည့် ဘင်္ဂလားဒေ့ရှ်ရောက် တိုင်းရင်းသား မိသားစုများသည် မောင်တော နယ်စပ် တာဝန်ရှိသူများကို ဆက်သွယ်နိုင်ကြောင်း၊ နယ်စပ်ဒေသ စခန်းများတွင် အလွယ်တကူ ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော် အစိုးရက ဆောင်ရွက်ပေးထားကြောင်း၊ ၎င်းတို့၏ လုံခြုံရေးကိုလည်း တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဦးဝင်းမြိုင်က ပြောသည်။
မောင်တောမြို့နယ် အပါအဝင် ရခိုင်ဒေသ၌ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ပန်ဝါ အရပ်၌ ဗုဒ္ဓဘာသာဝင်များအား အကြမ်းဖက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင်နှင့် ရခိုင်မျိုးနွယ်စု တိုင်းရင်းသားများမှာ ဘင်္ဂလားဒေ့ရှ် အစိုးရ၏ အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) အာဏာ ရလာပါက နှိပ်ကွပ်ခံရမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။