ဆက်သွယ်ရေး ဝန်ကြီးဌာနတွင်းဖြစ်ပေါ်လျက်ရှိသော အကျင့်ပျက် ခြစားမှုများ၊ လာဘ်ပေးလာဘ်ယူမှုများနှင့် ဆက်စပ်ပြီး အရာရှိ ၈ ဦးကို စုံစမ်းစစ်ဆေးလျက်ရှိကာ မကြာမီ တရားရုံးတင် စစ်ဆေးသွားတော့မည်ဖြစ်ကြောင်း သိရှိရသည်။
စုံစမ်းစစ်ဆေးအရေးယူ ခံထားရသည့် ဆက်သွယ်ရေး အကြီးတန်းအရာရှိ ၈ ဦးကို လာမည့်နှစ်လအတွင်း တရားရုံးတင် စစ်ဆေးမှုများ စတင်တော့မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ပုဒ်မ ၄၀၉ ဖြင့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခံနေရပြီး၊ စုံစမ်းစစ်ဆေးမှု ကာလအလွန် လာမည့်နှစ်လခန့် အကြာတွင် အများနှင့်သက် ဆိုင်သော ပစ္စည်းကာကွယ်သည့် ဥပဒေ (အပက-၃) ဖြင့် တရားစွဲဆိုခြင်း ပြုလုပ်တော့မည်ဟု ပြည်ထဲရေးဝန် ကြီးဌာနမှ သိရှိရသည်။
ဆက်သွယ်ရေးအရာရှိများ အရေးယူရာတွင် ယခင်စစ်အစိုးရလက်ထက် အမှုများနှင့် မသက်ဆိုင်ဘဲ ယခုအစိုးရသစ် လက်ထက် တွင်ဖြစ်ပေါ်သော အမှုများကိုသာ စုံစမ်းစစ်ဆေးခြင်းဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သိရှိရသည်။
လတ်တလော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဦးသိန်းဦး အပါအဝင် အရာရှိ ၈ ဦးကို နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားလုပ်မှု ပုဒ်မ ၄၉၀ ဖြင့် အမှုဖွင့်ထားပြီး အရေးယူရန် ပြင်ဆင်လျက်ရှိကြောင်း၊ ထိုသို့ အရေးယူရာတွင် ယခင်စစ်အစိုးရ လက်ထက် ဖြစ်ပွားခဲ့သော အမှုအခင်းများနှင့် ပတ်သက်ခြင်းမရှိဘဲ ယခု အစိုးရသစ် လက်ထက်အတွင်း မိုဘိုင်းလ်ဖုန်းသန်း ၃၀ ချထားပေးမည့် စီမံကိန်းနှင့် တိုက်ရိုက်ပတ်သက်ခြင်း ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိတဦးပြောသည်။
“အရင်ခေတ်က အမှုမဟုတ်ပါဘူး။ ဒီအစိုးရသစ်မှာ လတ်တလောဖြစ်ခဲ့တဲ့ အမှုတွေ၊ နှစ်သိန်းတန်ဖုန်း ချပေးတဲ့ကိစ္စ၊ မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေးကွန်ရက်တွေ တည်ဆောက်တဲ့နေရာမှာ ဖြစ်တဲ့ကိစ္စ၊ ပုဂ္ဂလိက ပြည်တွင်းပြည်ပ ကုမ္ပဏီတွေနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေပါ။ အရင်ခေတ်က အမှုတွေပါ ပြန်စစ်ရင်တော့ အားလုံး မီးခိုးကြွက်လျှောက်ပါမယ်” ဟု အဆိုပါအရာရှိက ပြောသည်။
စစ်အစိုးရလက်ထက် ဆက်သွယ်ရေးဝန်ကြီးမှာ ဦးသိန်းဇော်ဖြစ်ပြီး ယခုအခါ ဦးသိန်းဇော်သည် ကြံ့ခိုင်ရေးပါတီတွင် ခေါင်းဆောင်ပိုင်း တာဝန်ထမ်းဆောင်နေကြောင်း၊ ပုဂ္ဂလိက ဆက်သွယ်ရေး ကုမ္ပဏီများမှာလည်း ကြံ့ခိုင်ရေးပါတီမှ ထိပ်တန်းခေါင်းဆောင်များ၏ သားသမီးများ ပိုင်ဆိုင် ထားကြောင်း၊ ယင်းကြောင့် စစ်အစိုးရလက်ထက် ခြစားမှုများကို ဖော်ထုတ်အရေးယူရန်မှာ အလွန်ရှုပ်ထွေးမည် ဖြစ်သည့်အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရလည်း နောက်ကြောင်းပြန် အရေးယူခွင့်မရှိဟု တရားဝင် ပြဋ္ဌာန်းထားပြီး ဖြစ်သည့်အတွက် အရေးယူရန် မဖြစ်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း ၁၄၊ ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်၊ ပုဒ်မ ၄၄၅ တွင် အစိုးရသစ်သည် ယခင်အစိုးရ ထုတ်ပြန်ထားတဲ့ မူဝါဒ၊ လမ်းညွှန်မှု၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ပြန်တမ်း၊ ကြေညာချက်၊ ဆောင်ရွက်ချက်၊ တာဝန်များ၊ ရပိုင်ခွင့်များကို ဆက်ခံရဖြစ်ပြီး ယခင်အစိုးရအဖွဲ့၊ အဖွဲ့ဝင်တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုပြီး တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရဟု ပြဋ္ဌာန်းထားသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရုံးချုပ်မှ ဒုတိယ ညွှန်ကြားရေးမှူး (မှုခင်း) ဒုတိယ ရဲမှူးကြီးဝင်းစိန်ကလည်း ဆက်သွယ်ရေးအရာရှိ ၈ ဦး အမှုဖွင့်ခံထားရမှုမှာ အစိုးရသစ် လက်ထက်တွင် ဖြစ်ပေါ်သော အလွဲသုံးစားမှုများနှင့်သာ ဆက်စပ်ပြီး CID က ဦးဆောင် စစ်ဆေးခြင်းဖြစ်သည်ဟု ဆိုသည်။
အရေးယူခံထားရသည့် ဆက်သွယ်ရေး အရာရှိများတွင် အချို့မှာ ရာထူးချထားခံရခြင်း၊ ရာထူးမှ ထုတ်ပယ်ခံရ ခြင်းများရှိကြောင်း သိရှိရသည်။
ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အခြားအရာရှိများကိုလည်း ခေါ်ယူစစ်ဆေးခြင်း၊ ပုဂ္ဂလိက ဆက်သွယ်ရေးကုမ္ပဏီများကို ခေါ်ယူမေးမြန်းခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဆက်သွယ်ရေးပစ္စည်း ဝယ်ယူသည့် ကိစ္စ၊ တရုတ် ဆက်သွယ်ရေး ကုမ္ပဏီများဖြစ်သည့် ZTE,၊ HUAWEI များနှင့် ချုပ်ဆိုထားသော စာချုပ်များကိုလည်း စစ်ဆေးသွားရန်ရှိကြောင်း သိရှိရသည်။
သမ္မတ ဦးသိန်းစိန်က နိုင်ငံသားတိုင်း သက်သာစွာ အသုံးပြုနိုင်ရေးအတွက် ၅ နှစ်အတွင်း မိုဘိုင်းလ်ဖုန်း သန်း ၃၀ ချထားပေးမည့် စီမံကိန်းတရပ် ရေးဆွဲခဲ့ပြီး ယင်းစီမံကိန်းအတွက် ဦးကျော်ဝင်းပိုင် ရွှေသံလွင်ကုမ္ပဏီ၊ ဦးတေဇပိုင် E-Lite Tech, ရတနာပုံ တယ်လီပို့၊ စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်း၏ သားဖြစ်သူ ဦးနေအောင် အပါအဝင် ဆွေမျိုးများ ပိုင်ဆိုင်သည့် IGE ကုမ္ပဏီ၊ Asia Mega Link ကုမ္ပဏီ အပါအဝင် စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီ ၂၃ ခုနှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း၊ ကုမ္ပဏီ ၁၃ ခုက ရင်းနှီးမြှုပ်နှံမှုနှင့် စက်ပစ္စည်း တပ်ဆင်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိပြီး ကျန် ၁၀ ခု မှာစက်ပစ္စည်း တပ်ဆင်ပေးသည့် လုပ်ငန်းများ ရရှိခဲ့သည်။
သမ္မတဦးသိန်းစိန်က ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းကို ရာထူးမှ အနားယူခွင့်ပြုခဲ့သည်။
သာလွန်ဇောင်းထက်နှင့်မေရီကို ပူးပေါင်းရေးသားသည်။