ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ရွာပေါင်း ၈၀ ခန့်သည် စားနပ်ရိက္ခာ ပြတ်လပ်မှု နှင့် ကြုံတွေ့နေရကြောင်း သိရသည်။
ဇာနတ်တောင်ကြောနှင့် မာရာတောင်ကြောတို့တွင် တောင်ယာစပါးများ ရိတ်သိမ်းစဉ်ကာလ မိုးရွာသွန်း၍ သီးနှံများပျက်စီးပြီး နောက် ထိုသို့ အခက်အခဲ ကြုံကြရခြင်း ဖြစ်ကြောင်း ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပူးလာမောင်ကျူံး က ဧရာဝတီ သို့ ပြောသည်။
အဆိုပါ ကျေးရွာများမှ မြို့ပေါ်သို့ ပြောင်းရွှေ့သွားသူလည်း များပြားနေကြောင်း၊ ကျန်နေခဲ့သူများက သက်ဆိုင်ရာ ဘာသာရေး အဖွဲ့အစည်းများထံမှ ငွေကြေးချေးငှား ထောက်ပံ့မှုကို မှီခိုနေရကြောင်းနှင့် မည်သည့် အဖွဲ့အစည်းများထံမှလည်း အကူအညီမရရှိသေး ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ယခုဖြစ်ပေါ်နေသော အခက်အခဲ ပြဿနာအား လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်၌ တင်ပြခဲ့ရာတွင် သက်ဆိုင်ရာ မြို့နယ် အုပ်ချူပ်ရေးမှူးများကနေ လူဦးရေစာရင်း အပြီးသတ် ကောက်ယူပြီးစီးလျှင် ပြည်နယ်အစိုးရက အကူအညီပေးမည်ဟု ပြောဆိုထား ကြောင်း သိရသည်။
လူဦးရေစာရင်းကို ဇန်နဝါရီလ အလယ်ခန့်ကစပြီး သက်ဆိုင်ရာမြို့နယ် အာဏာပိုင်များက ကောက်ယူနေကြသည်ဟု ဆိုသည်။
“စစ်အုပ်ချူပ်ရေး ခေတ်တုန်းကလို စားပွဲပေါ်ကနေပဲ ကောက်ယူထားတဲ့ စာရင်းတွေဖြစ်လို့ သူတို့ လူဦးရေစာရင်းက မမှန်ပါဘူး၊ ခုဆို အိမ်ခြေ ၁၀၀ ရှိရင် ၇၅ အိမ်လောက်က စားစရာမရှိဖြစ်နေပါတယ်”ဟု ဦးပူးလာမောင်ကျူံး က ပြောသည်။
ဇန်နဝါရီလ တတိယအပတ်က ချင်းပြည်နယ်ဝန်ကြီးချူပ် ပူးဟုန်းငိုင်းနှင့် ပြည်နယ်ဝန်ကြီးများသည် ထန်တလန်၊ ဟားခါးနှင့် ဖလမ်း
မြို့များသို့ ဆင်းရဲမွဲတေမှု လျှော့ချရေးအနေဖြင့် သွားရောက်ကြပြီး ၎င်းတို့၏ တနှစ်တာလှုပ်ရှားမှုများကို ချပြခဲ့ကြောင်း၊ စားနပ်ရိက္ခာပြဿနာဖြစ်နေသော ထန်တလန်မြို့နယ်အတွက် လယ်ထွန်စက် ၆ စီးကို မြို့နယ်အုပ်ချူပ်ရေးမှူးသို့ ပေးအပ်ကြောင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့ အခြေစိုက် Chonumithung (ချင်း သတင်းဌာန)၏ ဖော်ပြချက်တွင် ပါရှိသည်။
“ထန်တလန်မှာ စိုက်တဲ့ တောင်ယာစပါးက အထွက်နည်းတယ်၊ လေတိုက်လို့ စပါးတွေ ကြွေကုန်ပြီး အပင်တွေပါ ပျက်ကုန်တော့ ဒီနှစ်စာအတွက် စပါးမရှိတော့ဘူးလေ”ဟု ချင်း သတင်းဌာနမှှ လက်ထောက်အယ်ဒီတာ ဆလိုင်းရောဘတ် က ပြောသည်။
ချင်းပြည်နယ်တွင် တောင်ယာစပါး၊ ဝဥ၊ ပဲအမျိုးမျိုးနှင့် ပြောင်းဖူးတို့ကို အဓိက စိုက်ပျိုးကြပြီး ယခုနှစ်တွင် ဝဥ ဈေးကျသည့် အတွက်လည်း တောင်သူများ အခက်ခဲရှိနေကြသည်ဟု သိရသည်။
၂၀၀၈-၂၀၀၉ ခုနှစ်ကလည်း ချင်းပြည်နယ်တွင် သီးနှံစိုက်ခင်းများကို ကြွက်များ ဖျက်ဆီးခဲ့သဖြင့် စားနပ်ရိက္ခာရှားပါးမှု ဖြစ်ခဲ့သည်။
မီဇိုရမ် အခြေစိုက် ချင်းတိုင်းရင်းသားများ ကူညီကယ်ဆယ်ရေးအဖွဲ့ က ချင်းပြည်နယ်တွင် လူဦးရေ ၅ သိန်းခန့် ရှိသည့် အနက် ၁ သိန်း ခန့်မှာ အစာရေစာရှားပါးမှု ရင်ဆိုင်နေရပြီး အဆိုပါပြဿနာမှာ ၂၀၀၇ ခု ဒီဇင်ဘာလက စတင်ခဲ့ကြောင်းနှင့် လူအများစုမှာ ဆန်ပြုတ်၊ သစ်သီးသစ်ဥနှင့် ဟင်းသီးဟင်းရွက် များကိုသာ စားသောက်၍ အသက်ဆက်နေရကြောင်း ထုတ်ပြန်ခဲ့သည်။ အစာ ရေ စာရှားပါးမှုကြောင့် ကလေးငယ် ၃၁ ဦး အသက် ဆုံးရှုံးသွားကြောင်း ချင်းအမျိုးသား ကောင်စီကလည်း ထုတ်ပြန်ခဲ့သေးသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်က ပြည်ထောင်စုအစိုးရကနေ ချင်းပြည်နယ် ဆင်းရဲမွဲတေမှု ပပျောက်ရေး အစီအစဉ် အတွက် ကျပ် သန်း ၃၀၀၀ ကျော် ချထားပေးခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(Japan International Cooperation Agency –JICA)က ကျပ် သန်း ၉၉၀၀ ကို ပြည်ထောင်စု အစိုးရမှတဆင့် ထုတ်ချေးပေးသွားရန် ရှိကြောင်း JICA က ထုတ်ပြန်ထားသည်။
ယခင်နှစ်က ရရှိခဲ့သည့် သန်း ၃၀၀၀ အား စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ရာ၌ လှေကားထစ်များ တူးဖော်ခြင်း၊ စိုက်ပျိုးရေ ရရှိရန်ပြုလုပ်ခြင်း၊ ကျန်းမာရေး ဆေးပေးခန်းများ၊ စာသင်ကျောင်းများ ဆောက်ခြင်း၊ ကျေးလက် သောက်သုံးရေ ရရှိရေး၊ ကျေးလက် မီး လင်း ရေး စသည့်လုပ်ငန်းများတွင် လုပ်ဆောင်နေသည်ဟု ချင်းပြည်နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေး ဝန်ကြီး ဦးဗန်းထောင်း က ဧရာဝတီသို့ ပြောခဲ့ဖူးသည်။
ပြည်ထောင်စုအစိုးရ၏ ၂၀၁၂ ခုနှစ် စာရင်း ထုတ်ပြန်ချက်အရ ချင်းပြည်နယ်အတွင်း နေထိုင်သူ လူဦးရေ ၏ ၇၃ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေမှု နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ချင်းပြည်နယ်တွင် လူဦးရေ ၅ သိန်း ၄သောင်းခန့် ရှိပြီး မြို့နယ်ပေါင်း ၉ မြို့နယ်၊ မြို့နယ်ခွဲ ၄ ခုနှင့် ခရိုင် ၃ ခု ရှိသည်။
ချင်း အမျိုးသား ပါတီ(CNP)၏ လူမျိုး စစ်တမ်း အရလည်း ချင်းပြည်နယ်၏ စီးပွားရေးအခက်အခဲကြောင့် နိုင်ငံခြားသို့ ပြောင်းရွှေ့ သွားကြသူ နှစ်စဉ်များလာသည့်အတွက် မြန်မာတနိုင်ငံလုံးတွင် ချင်း လူမျိုး ၁၂ သိန်းခန့် ရှိရာမှနေ ၈ သိန်း ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။