တနင်္ဂနွေနေ့တွင် ကျရောက်သည့် တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်တွင် တရုတ်ပြည်သူများ အားလုံး ဝမ်းမြောက်ပါကြောင်း နှုတ်ခွန်းဆက် သဝဏ်လွှာကို မြန်မာသမ္မတ ဦးသိန်းစိန်က ကြာသပတေးနေ့က ပေးပို့ခဲ့ကြောင်း ဆင်ဟွာ သတင်းက ရေးသား ဖော်ပြထားသည်။
ယင်းသဝဏ်လွှာတွင် တရုတ်- မြန်မာ ဆက်ဆံရေးသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ကျော် ဟန်မင်းဆက် ကတည်းက မိတ်ဆွေဖြစ်ခဲ့ပြီး ယဉ်ကျေးမှု ကူးလူးဆက်ဆံခဲ့သည့် သမိုင်းရှိခဲ့သည်ဟု ဦးသိန်းစိန်က ရေးသားထားကြောင်း ဆိုသည်။
ထို့အပြင် အေဒီ ၈၀၂ က အထူးသံကိုယ်စားလှယ်အဖွဲ့တဖွဲ့အဖြစ် ရှေးခေတ်မြန်မာ့အနုသုခုမယဉ်ကျေးမှု အဖွဲ့ တရုတ်နိုင်ငံ တန်မင်းဆက်၏ မြို့တော် ချန်အန်းသို့ ရောက်ရှိခဲ့ပြီး ကပြ ဖျော်ဖြေမှုများ အကြောင်း တရုတ်ကဗျာ ဆရာ ပိုင်ယုယီက ကဗျာတပုဒ်ရေးခဲ့သည်ဟု ဦးသိန်းစိန်က ဖော်ထုတ်ရေးသည်။
မြန်မာသမ္မတက ဘုံသုံး ဘာသာစကား၊ တူညီသော သွင်ပြင်လက္ခဏာ ယဉ်ကျေးမှုတို့ရှိသော နှစ်ဘက်နယ်စပ်တကြောမှ တိုင်းရင်းသား လူမျိုးစုံတို့သည် နှစ်နိုင်ငံ ရင်းနှီးမှု၊ ကုန်သွယ်ရေးနှင့် ဝပြောမှုတို့ကို ခိုင်မာစေခဲ့သည်ဟုလည်း ဖော်ပြသည်။
နှစ်နိုင်ငံ အစိုးရများအနေဖြင့် ဖွံ့ဖြိုးရေးမူဝါဒအပေါ် လက်ကိုင်ပြုပြီး ရင်းနှီးခဲ့ကြကြောင်း၊ အခြားနိုင်ငံများတွင် မရှိသော အပေးအယူ ဖလှယ်မှုများဖြင့် အပြန်အလှန်ဖလှယ်မှု သမိုင်းရှိခဲ့ကြောင်းလည်း ဆိုထားရာ အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားသော အတိတ်ကာလတွင် တရုတ်အစိုးရ၏ အကူအညီကို ရည်ညွှန်းလိုပုံ ပေါ်သည်။
နောင် အနာဂတ်တွင်လည်း မိမိတို့ နှစ်နိုင်ငံ အနေဖြင့် တည်ရှိပြီးသား ရင်းနှီးကျွမ်းဝင်သည့် ဆက်ဆံရေး ဆက်လက် တည်ရှိနေမည်ဖြစ်သည့်အပြင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများရှိ နေမည်ဖြစ်ကြောင်း၊ ပြည်သူ အချင်းချင်းလည်း လေးစားမှု အခြေခံသည့် ဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းများလည်း ဆက်စပ်လုပ်ဆောင် နေမည်သာ ဖြစ်ကြောင်း၊ ရှည်လျား သည့် သမိုင်းစဉ် တလျှောက် သဘောမတူမှုများ ရှိသော်လည်း နှစ်နိုင်ငံ အကြား ပူးပေါင်း ဆောင်ရွက်မှု ကြောင့် အစိုးရရောပိုင်း ရော၊ နှစ်နိုင်ငံ ပြည်သူများပါ ဆက်ဆံရေး မပြတ်ခဲ့ကြောင်း၊ ဆက်လက်၍လည်း မြန်မာပြည်သူများနှင့် တရုတ်ပြည်သူများအတွက် ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ခင်ရင်းနှီးမှု အဓွန့်ရှည်စေဖို့ ဆုတောင်းပါကြောင်းဖြင့် သဝဏ်လွှာတွင် ဖော်ပြထားသည်။
မြွေနှစ်အဖြစ် ကျရောက်သော ယခုနှစ် နှစ်သစ်ကူးကို ရန်ကုန်နှင့် မန္တလေးရှိ မြန်မာတရုတ် အသိုင်းအဝိုင်းကလည်း စည်ကားစွာ ကျင်းပကြသည်။