ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်များနှင့် ဧရာဝတီတိုင်းရှိ ကရင်လူထုတို့ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ယနေ့ နံနက်ပိုင်း ပန်းတနော်မြို့ အားကစားကွင်းတွင် တွေ့ဆုံကြကြောင်း သတင်းရရှိသည်။
ပန်းတနော်မြို့ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ ကျင်းပသည့် အစိုးရနှင့် KNU အကြား ထာဝရငြိမ်းချမ်းရေး တည်ဆောက်မှု ထောက်ခံပွဲတွင် တွေ့ဆုံခြင်းဖြစ်ပြီး၊ ပန်းတနော်၊ ကျောင်းကုန်း၊ အိမ်မဲ၊ ဝါးခယ်မ၊ ညောင်တုန်း၊ ဓနုဖြူ မြို့နယ်များမှ ကရင်လူထု ၁ သောင်းနီးပါး တက်ရောက်သကဲ့သို့ KNU ဗဟိုကော်မတီမှလည်း ဖဒိုမန်းငြိမ်းမောင်၊ ဦးမန်းမန်း၊ ဖဒို သမိန်ထွန်းတို့ တက် ရောက်ကြသည်ဟု သိရသည်။
ဖဒိုမန်းငြိမ်းမောင်က “ကျနော်က ပန်းတနော်သားတယောက်ပါ။ ပထမဆုံးအကြိမ် ဧရာဝတီတိုင်းက ကိုယ့်အမျိုးတွေ၊ ညီအစ်ကို မောင်နှမတွေ ပြန်တွေ့ကြတဲ့ပွဲလေ။ ငြိမ်းချမ်းရေးကို ထောက်ခံကြတာတွေ့တော့ အရမ်းဝမ်းသာပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြစ်ဝကျွန်းပေါ်ရှိ ကရင်လူထုက KNU အဖွဲ့အပေါ် နိုင်ငံရေး၊ စည်းရုံးရေးအရ ထောက်ခံအားပေးမှုကို ယနေ့ပွဲတွင် တွေ့ရကြောင်း၊ KNU အနေဖြင့်လည်း ကရင်လူမျိုးများ ရသင့်ရထိုက်သည့် အခွင့်အရေးများကို ရရှိစေရန် ဆက်လက် လုပ်ဆောင်ပေးသွားမည်ဟု ၎င်းက ဆက်ပြောသည်။
သမ္မတ ဦးသိန်းစိန် အစိုးရသစ်၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို KNU အနေဖြင့် အလေးအနက် ယုံကြည်သကဲ့သို့ တနိုင်ငံလုံး အတိုင်းအတာအနေဖြင့်လည်း ဆက်လက် လုပ်ဆောင်ကြမည်ဟု မျှော်လင့်ကြောင်း ဖဒိုမန်းငြိမ်းမောင်က ကရင်လူထုသို့ ပြောကြားခဲ့သည်ဟု သိရသည်။
ပန်းတနော်ဒေသခံ ကရင်အမျိုးသား ကိုချစ်ဦးက မိမိတို့ ကရင်ခေါင်းဆောင်များကို ယခုကဲ့သို့ တွေ့ရသည်မှာ ဝမ်းသာကြောင်း၊ ကရင်လူထု ခံစားနေရသည့် လက်ရှိ ဒေသတွင်းဖြစ်ပေါ်နေသည့် လယ်သိမ်းယာသိမ်း ကိစ္စရပ်များ၊ မိရိုးဖလာ လက်ငုတ်လက်ရင်း လုပ်ကိုင်ခဲ့ကြသည့် အင်းလုပ်ငန်းများကို ရှာဖွေခွင့်မရ၍ စားဝတ်နေရေး အခက်အခဲများကို KNU အဖွဲ့အနေဖြင့် တတ်နိုင်သည့်ဘက်မှ ဖြေရှင်းပေးစေလိုကြောင်း ဆိုသည်။
“လယ်သိမ်းယာသိမ်း ကိစ္စတွေ၊ ဘုံစားအင်း ကိစ္စတွေမှာ ရိုးစင်းတဲ့ ကရင်လူထုက ပိုပြီး အနိုင်ကျင့်ခံရတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ထောက်ခံပွဲလောက်နဲ့ မပြီးဘူး။ ကရင်လူထုဘက်က ရပ်စေချင်တယ်” ဟု ကိုချစ်ဦးက ပြောသည်။
ကရင်လူမျိုး အများအပြားနေထိုင်ရာ မြစ်ဝကျွန်းပေါ်ဒေသသည် ၁၉၄၉ ခုနှစ် ကရင်တော်လှန်ရေး စတင်ကတည်းက ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) များ အခြေစိုက်ရာ အဓိက အမာခံဒေသတခု ဖြစ်ခဲ့သည်။
၁၉၇၄ ခုနှစ်ခန့်အထိ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို ဗမာပြည်ကွန် မြူနစ် ပါတီ၊ KNU စသည့် တော်လှန်ရေး အင်အားစုများ လှုပ်ရှားရာ အညိုရောင်နယ်မြေအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည့်အတွက် အစိုးရအဆက်ဆက် ဖိနိုပ်မှုများကြုံခဲ့ရသည့် ဒေသကြီး ဖြစ်သည်။
၁၉၇၃ ခုနှစ်ခန့်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးကြီး သန်းတင် ဦးစီးကာ ဖြတ်လေးဖြတ် စစ်ဆင်ရေး ပြုလုပ်လာသည့်အတွက် တော်လှန်ရေး အင်အားစုများမှာ ပဲခူးရိုးမနှင့် ထိုင်း- မြန်မာနယ်စပ် ဒေသများ သို့ ပြောင်းရွေ့ လှုပ်ရှားခဲ့ကြသည်။
၁၉၉၁ ခုနှစ် စစ်အစိုးရလက်ထက် ဘိုကလေးမြို့နယ် အတွင်းရှိ ဒေသများသို့ KNU အဖွဲ့ ပြန်လည်အခြေစိုက်ရန် ကြိုးစားလာရာ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြင့်အောင်က မုန်းတိုင်းစစ်ဆင်ရေးဖြင့် အင်အားသုံး တိုက်ခိုက်ခဲ့သည့် အတွက် အပြစ်မဲ့အရပ်သား အများအပြား မတရား သတ်ဖြတ်ခံရကာ၊ ဖမ်းဆီးခံထောင်ချခံရခြင်း၊ ညဉ်းပမ်း နိုပ်စက်ခံရခြင်းများ ရှိခဲ့သည်။
သမ္မတ ဦးသိန်းစိန် လက်ထက်တွင် KNU အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးအပါအဝင် တခြားသော ဗဟိုကော်မတီ ဝင်များနှင့် နှစ်ကြိမ်တွေ့ဆုံကာ ပြည်တွင်းငြိမ်းချမ်းရေး အတွက် တွေ့ဆုံခဲ့ပြီးဖြစ်သည်။