ရန်ကုန်ဆိပ်ကမ်းတွင် ရောက်ရှိသော မော်တော်ကားများကို ထုတ်ယူရာတွင် လာဘ်ပေးလာဘဘ်ယူမှုများ ပါဝင်ပတ်သက်သည်ဟု ဆုံးဖြတ်ပြစ်တင်ခံခဲ့ရသော အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်း ၁၆ ဦးမှ မယူမနေရ အငြိမ်းစားပေး အရေးယူလိုက်ကြောင်း သတင်းရရှိသည်။
အစိုးရက မော်တော်ကားများကို ထုတ်လုပ်သည့်ခုနှစ် မော်ဒယ်ကန့်သတ်ချက်ဖြင့် တင်သွင်းခွင့်ပြုလျက်ရှိရာတွင် ကန့်သတ်ချက်နှင့် ကိုက်ညီမှု မရှိသော ကားများကို အကောက်ခွန်ဝန်ထမ်းများက လာဘ်ပေးလာဘ်ယူ ပြု ထုတ်ပေးလျက်ရှိသည်ဆိုသော တိုင်ကြားစာတစောင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံသို့ ရောက်ရှိရာမှ စတင်ပြီး အကောက်ခွန်ဝန်ထမ်းများကို ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ၂၀၁၂ခုနှစ် အောက်တိုဘာလမှ စတင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လေးလအကြာ ယခု ဖေဖော်ဝါရီလဆန်းပိုင်းတွင် အကောက်ခွန်ဝန်ထမ်းများကို မယူမနေရ အငြိမ်းစားပေး အရေးယူလိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။
အကောက်ခွန်ဦးစီးဌာနက တရားဝင်ထုတ်ပြန်ရာတွင် အရေးယူခံရသော ဝန်ထမ်း ၁၆ ဦးတွင် လက်ထောက်ညွှန်ကြားရေးမှူး ၂ ဦး၊ ဦးစီးအရာရှိ ၂ ဦး၊ အခြားအဆင့်ဝန်ထမ်း ၁၂ ဦး စုစုပေါင်း ၁၆ ဦးဖြစ်ပြီး ၎င်းတို့ကို ဝန်ထမ်းစည်းကမ်းဖောက်ဖျက်မှုဖြင့် အရေးယူခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။
” အရေးယူဖြစ်သွားတဲ့ အကြောင်းရင်းကတော့ တိုင်ကြားစာတွေကို စုံစမ်းစစ်ဆေးရာက တကယ်ကျူးလွန်နေ ကြောင်းတွေ့လို့အရေးယူတာပါ” ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
၂၀၁၂ ခုနှစ် ဇွန်လအတွင်းကလည်း တရားမဝင် လိုင်စင်မဲ့ကားများကို ဆိပ်ကမ်းများမှ တရားမဝင် ထုတ်ယူခွင့် ပြုခြင်းနှင့် ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဝန်ထမ်း ၅ ဦး၊ အကောက်ခွန် ဦးစီးဌာနမှ ၃၃ ဦး၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ ဝန်ထမ်း ၅ ဦး စုစုပေါင်း ၄၃ ဦးကို အလုပ်မှ ထုတ်ပယ်ခြင်း၊ ရာထူးချ ဌာနပြောင်း အရေးယူခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ အလုပ်ထုတ် အရေးယူ ခံရသူများတွင် အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ ပါဝင်ကြောင်း သိရှိရသည်။
အကောက်ခွန်ဦးစီးဌာနအတွင်းတွင် အဆင့်လိုက် အကျင့်ပျက် ခြစားမှုများရှိနေပြီး ထင်သာမြင်သာမှု အားနည်းကြောင်း၊ အစိုးရက လာဘ်ပေးလာဘ်ယူမှုများ အရေးယူသည်ဟုဆိုသော်လည်း အမှန်တကယ် အရေးယူရာတွင် ငွေကြေးပမာဏ အနည်းငယ်သာ ခြစားမိသော ဝန်ထမ်းအချို့ကိုသာ အရေးယူပြီး ငွေကြေးသိန်းရာထောင်ချီလာဘ်စားထားသော အရာရှိကြီးများ မှာ ယနေ့အချိန်အထိ အရေးယူခံရခြင်းမရှိဘဲ ဆက်လက် တာဝန်ထမ်းဆောင်နေဆဲဖြစ်ကြောင်း အမည်မဖော်လိုသူ အကောက်ခွန်ဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။
“ဆုကြေး ဆိုတဲ့နောက်ကွယ်မှာလည်း လာဘ်ပေးလာဘ်ယူမှုတွေ မသမာမှုတွေ အများကြီး။ လာဘ်ပေးလာဘ်ယူမှုတွေက ပုံစံမျိုးစုံနဲ့ဖြစ်နေတာ။ အရင်ဘဏ္ဍာ/အခွန်ဝန်ကြီးဟောင်း ဦးလှထွန်း(ယခုသမ္မတရုံးဝန်ကြီး) လက်ထက်မှာလည်း တပည့်လက်သားကို နေရာပေး၊ တကယ်တန်း ခြစားမှုတွေဖော်ထုတ်မယ်ဆိုရင် အားလုံးမကင်းပါဘူး။ အရေးယူတယ်ဆိုရင် မျှမျှတတ အားလုံး အရေးယူသင့်တယ်။ ဟိုလူကို ထိုးချ၊ ဒီလူကို ကန်ထုတ်နဲ့ တကယ်ချမ်းသာနေတဲ့ အရာရှိတွေက ဘေးကင်းနေဆဲပါ။ အရေးယူတယ်ပြောပြီး တကယ်အရေးယူခံလိုက်ရတဲ့ဝန်ထမ်းတွေက သိပ်ကြီးမားတဲ့ လာဘ်ပေးလာဘ်ယူထားတဲ့သူတွေမဟုတ်ဘူး” ဟု အကောက်ခွန်ဝန်ထမ်းက ရှင်းပြသည်။
မကြာသေးမီကလည်း ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းအပါအဝင် ဆက်သွယ်ရေးအရာရှိများကို အစိုးရက အရေးယူမှုများ ပြုလုပ်ခဲ့သော်လည်း တရားဝင် သတင်းထုတ်ပြန်ခြင်း မပြုသဖြင့် ယခင်စစ်အစိုးရလက်ထက် ကျူးလွန်သော အကျင့်ပျက်ခြစားမှုများပါ မီးခိုးကြွက်လျှောက် ဖော်ထုတ်ရမည်ကြောင့် သတင်းမထုတ်ပြန်ခြင်း ဖြစ်နိုင်ကြောင်း ဝေဖန်သူများက သုံးသပ်ကြသည်။
ရန်ကုန်အခြေစိုက် စီးပွားရေး ပညာရှင်အချို့ကမူ အစိုးရ၏ ပွင့်လင်းမြင်သာမှု မရှိသော လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်မှု သည် အောင်မြင်မှုရှိမည် မဟုတ်ကြောင်း သုံးသပ်ပြောဆိုကြသည်။