တစ်ချိန်က မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် ပတ်သက်မှုရှိကြောင်း စွပ်စွဲခံခဲ့သည့် ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း က ၎င်းတို့အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို မြန်မာအစိုးရနှင့် ပူးတွဲလုပ်ဆောင်ခွင့် ရရှိပါက ၆ နှစ်အတွင်း အကောင်အထည်ဖော် လုပ်ဆောင်ပြနိုင်ကြောင်း ပြောဆိုလိုက်သည်။
SSA တောင်ပိုင်း၏ နိုင်ငံရေးအဖွဲ့ဖြစ်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းကို ၂၀၁၃ မှ ၂၀၁၉ အတွင်း တိုက်ဖျက်ရေး၊ အစားထိုးသီးနှံ စိုက်ပျိုးရေးနှင့် ပြုစုပျိုးထောင်ရေး လုပ်ငန်းတို့ကို မူဝါဒ ချမှတ်ထားပြီး ဖြစ်သော်လည်း ၎င်းတို့နှင့် လက်တွဲလုပ်ဆောင်ရန် အစိုးရဘက်က အဟန့်အတားများ ရှိနေသည့်အတွက် အခက်တွေ့နေရကြောင်း ဧရာဝတီနှင့် တွေ့ဆုံရာတွင် SSA ခေါင်းဆောင်များက ပြောသည်။
RCSS ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က “ကျနော်တို့ ဆွဲထားတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်းကတော့ ၆ နှစ် သတ်မှတ်ထားပါတယ်။ အကယ်၍ အစိုးရနဲ့ ပူးပေါင်းပြီး လုပ်နိုင်ရင် ၆ နှစ်အတွင်း အကောင်အထည် ဖော်ပြနိုင်ပါတယ်။
အစိုးရက ကျနော်တို့နဲ့ လက်တွဲပြီးတော့ ပူးပေါင်းလုပ်ဆောင်မှု မရှိရင်တော့ ၆ နှစ်လည်း အကောင်အထည် ဖော်နိုင်မှုရှိမှာ မဟုတ်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
RCSS/SSA အနေဖြင့် ပြည်ထောင်စုအတွင်း၌ ဖြစ်ပွားနေသော မူးယစ်ဆေးဝါး ပြဿနာများကို သိရှိကြောင်း၊ ယခုအချိန်အခါတွင် မူးယစ်ဆေးဝါး သုံးစွဲနေသူများသည် ပြည်သူများသာမက၊ အစိုးရ စစ်တပ်နှင့် ရဲတပ်ရင်းများထဲအထိ ပြန့်နှံ့နေကြောင်း၊ အစိုးရအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မူဝါဒချမှတ် လုပ်ဆောင်နေသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း အောင်မြင်မှု မရရှိခဲ့ခြင်းမှာ လက်တွဲလုပ်ဆောင်မှု မရှိခြင်းကြောင့်ဟု ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆိုသည်။
၎င်းက ဆက်လက်၍ “အကယ်၍ ပူးပေါင်းပြီးမှ မလုပ်ဘူး၊ သူတို့ကလည်း တဖက်လုပ်နေမယ်၊ ကျနော်တို့ကလည်း တဖက်လုပ်နေမယ် ဆိုရင်လည်း ဆန့်ကျင်ဘက် သဘောမျိုး ဖြစ်တတ်တယ်။ တိုက်ဆိုင်မှုသဘောမျိုး သွားဖြစ်ပြီးတော့ ပြန်လည်ပြီးတော့ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်။ ကျနော်တို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးထဲမှာ ပြုစုပျိုးထောင်ရေး လုပ်ငန်းတွေနဲ့ မူးယစ်ဆေးဝါးကို တိုက်ဖျက်သွားဖို့ ရှိတယ်။ အင်အားသုံးပြီးတော့ သွားပြီး တိုက်ဖျက်တဲ့ပုံစံ လုပ်မှာ မဟုတ်ဘူး” ဟု ပြောသည်။
အစိုးရက ၎င်းတို့ တိုက်ဖျက်ခဲ့သည့် နေရာများတွင် ဘိန်းစိုက်ပျိုးမှု လျော့ကျသွားကြောင်း ထုတ်ပြန်ခဲ့သော်လည်း လက်တွေ့အခြေအနေတွင် လျော့ကျသွားခြင်းမရှိဘဲ ဘိန်းစိုက်ပျိုးမှု ပိုမို များပြားလာပြီး သုံးစွဲသူများ ပိုများလာသည်ကို တွေ့ရှိရကြောင်း ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။
RCSS မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ အတွင်းရေးမှူး စိုင်းဆိုင်ဝမ်းက RCSS/SSA အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စများ ကွင်းဆင်းလုပ်ဆောင်နိုင်ရန် အစိုးရဘက်က လုံခြုံရေး အာမခံချက် ပေးသင့်ကြောင်း၊ ၎င်းတို့၏ လုပ်ဆောင်မှုသည် ယှဉ်ပြိုင် လုပ်ဆောင်ခြင်းမဟုတ်ဘဲ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မူဝါဒခြင်း တူညီသည့် အစိုးရကို အထောက်အကူပြု ပံ့ပိုးခြင်းသာဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့က တကယ်လုပ်ဆောင်ဖို့ ပိုင်းဖြတ်ထားပေမယ့် ဘိန်းစိုက်ပျိုးတဲ့ နေရာတွေကို အစားထိုး သီးနှံစိုက်ပျိုးနိုင်ရေး၊ ဘိန်းအန္တရာယ် ပညာပေး လုပ်ဆောင်ရေးတွေအတွက် ကျနော်တို့အတွက် လုံခြုံမှုမရှိရင် ပစ်ခတ်မှုတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့ အစိုးရက ကျနော်တို့နဲ့ လက်တွဲလုပ်ဆောင်ဖို့ လိုအပ်တယ်။ ဒါမှ ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှာ ဖြစ်တယ်” ဟု စိုင်းဆိုင်ဝမ်းက ပြောသည်။
RCSS/SSA အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရာတွင် ဘိန်းတမျိုးတည်းသာ မကဘဲ ရွေ့ရှားစနစ်ဖြင့် ကားများပေါ်တွင်ပင် စက်ကိရိယာများ တင်ဆောင်ကာ ထုတ်လုပ်နေသည့် ဓာတုဗေဒ ဆေးများဖြင့် ပြုလုပ်သော ရာမ ခေါ် မြင်းဆေးကိုလည်း တပါတည်း တိုက်ဖျက်ရန် ရည်ရွယ်ချက်ရှိကြောင်း သူက ဆက်ပြောသည်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် RCSS/SSA နှင့် ပူးပေါင်း ဆောင်ရွက်နိုင်မှု အခြေအနေများကို သိရှိနိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာနထံ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်းမရှိပေ။
၂၀၁၁ နှစ်ကုန်ပိုင်းက RCSS/SSA တပ်ဖွဲ့များသည် အစိုးရလက်အောက်ခံ ဝမ့်ပန် ပြည်သူ့စစ်တပ်ဖွဲ့၏ မူးယစ်ဆေးဝါး ထုတ်လုပ်နေသည့် စခန်းတခုကို ဝင်ရောက်တိုက်ခိုက် ဖမ်းဆီးခဲ့ပြီး ထိုစခန်းတွင် မူးယစ်ဆေးဝါး ချက်လုပ်ရေးဆိုင်ရာ ဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်သည့် စက်များနှင့် မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ပြီး အစိုးရထံ အပ်နှံခဲ့သည်ဟု သိရသည်။
ဝမ့်ပန် ပြည်သူ့စစ်တပ်ဖွဲ့သည် RCSS/SSA မှ ၂၀၀၆ ခုနှစ်တွင် ခွဲထွက်ပြီး အစိုးရလက်အောက်ခံ ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်သည်။
ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်သည် ၂၀၁၂ သြဂုတ်လဆန်းပိုင်းက ၎င်းတို့နှင့် စစ်မြေပြင် နယ်နမိတ်ချင်း ထိစပ်နေသည့် ‘ဝ’ ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) ကိုလည်း မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေး လုပ်ဆောင်ရန် ကမ်းလှမ်းခဲ့သေးသည်။
UWSA သည်လည်း မူးယစ်ဆေးဝါး ထုတ်လုပ်၊ ကူးသန်းမှုဖြင့် ကျော်ကြားသည့် အဖွဲ့တဖွဲ့ဖြစ်ပြီး အမေရိကန် အစိုးရက ၂၀၀၅ ခုနှစ်တွင် UWSA အကြီးအကဲ ဝေရှောက်ခမ်နှင့် ခေါင်းဆောင်အချို့ကို မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုဖြင့် စွဲချက်တင်ခဲ့ပြီး ဝေရှောက်ခမ်ကိုမူ ၁၉၉၈ ခုနှစ်ကတည်းက အမေရိကန် ဒေါ်လာ ၂ သန်းဖြင့် ဖမ်းမိန့် ထုတ်ခဲ့ဖူးသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (UNODC) ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ထိပ်တန်းနိုင်ငံများထဲတွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန် အစိုးရက ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အောင်မြင်ရမည်ဟု ကြေညာထားသည်။