မန္တလေးမြို့ တောင်သမန် အင်းစောင်းရှိ ထိုင်းဘုရင် ကျောက်ဘွား ဒေါက် မဒူဝါး (ခ) မင်းသားကြီး ဥတွန်ပုံ မြှုပ်နှံထားသည်ဟု လူသိများသော သင်္ချိုင်းဂူကို ထိုင်း ရှေဟောင်းသုတေသန ပညာရှင်အဖွဲ့က ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် လာရောက်တူးဖော် စစ်ဆေးတော့မည် ဖြစ်သည်။
ဤအုတ်ဂူကို တူးဖော်စစ်ဆေးရန် သင့် မသင့် ထိုင်းသမိုင်းပညာရှင်များအကြား ကာလရှည်ကြာ အငြင်းပွားခဲ့ပြီးနောက် ယခုအခါ ထိုင်း ဗိသုကာပညာရှင်များနှင့် ရှေးဟောင်း သုတေသီ ၈ ဦး ဦးဆောင်ပြီး အဖွဲ့ဝင် ၂၀ ဦးဖြင့် တလကြာ တူးဖော်မည်ဟု ယနေ့ထုတ် ထိုင်း သတင်းစာများတွင် ဖော်ပြထားသည်။
မြန်မာ သမိုင်းမှတ်တမ်းအရ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း လက်ထက် ၁၇၆၇ ခုနှစ်တွင် အယုဒ္ဓယသို့ သွားရောက် စစ်ပြုရာ အဆိုပါ ထိုင်း ဘုရင်ဟောင်း မင်းသားကြီး ဥတွန်ပုံကို ရဟန်းဝတ်ဖြင့် သုံ့ပန်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်လာခဲ့သည်ဟု သိရသည်။
၎င်းနှင့်အတူ ညီတော်၊ နှမတော်၊ မိဖုရား၊ မောင်းမမိဿံ၊ သူဌေးသူကြွယ်၊ ပန်းတိမ်၊ ပန်းပဲ၊ ပန်းရံ၊ ရွှေခြည်ထိုး လက်မှုပညာသည်များ၊ အဆိုအတီး ပညာရှင်များ၊ အချက်အပြုတ် ကျွမ်းကျင်သူများမှအစ အားလုံးကို သုံ့ပန်းအဖြစ် အင်းဝသို့ ခေါ်ဆောင်ခဲ့ပြီး မန္တ လေး ရွှေတချောင်းမြောင်း ဘောင်တလျှောက်နှင့် မင်းသားစုအရပ်တွင် နေရာချထားပေးခဲ့သည်ဟုဆိုသည်။
သဖန်းပွင့်မင်သားဘွဲ့ခံ နန်းကျဘုရင် ကျောက်ဘွား ဒေါက် မဒူးဝါးသည် ဘိုးတော်ဘုရား လက်ထက်၌ နတ်ရွာစံ၍ အမရပူရရှိ လင်းဇင်းကုန်း သုဿန်တွင် သင်္ဂြိုလ်ခဲ့သည်ဟု ဆိုသည်။ သို့သော် မည်သည့်နေရာတွင် မြှုပ်နှံခဲ့ကြောင်းညွန်ပြသည့် ကျောက်စာ၊ သချႋုင်းစာ အထောက်အထား များမရှိကြောင်း သိရသည်။
မြန်မာ့ ရှေးဟောင်း သမိုင်းပညာရှင်များကမူ အုတ်ဂူ၏ ဗိသုကာ လက်ရာများအရလည်းကောင်း၊ ခေတ်အဆက်ဆက် နှောင်းလူများ ညွှန်ပြပြောဆိုသည့် ဗျုပ္ပတ်အရ လည်းကောင်း ဤနေရာ၊ ဤအုတ်ဂူဟု အကဲဖြတ်ကြောင်း သိရှိရသည်။
သမိုင်းပညာရှင်ကြီး ဒေါက်တာ သန်းထွန်း အင်္ဂလန်နိုင်ငံ၌ ပညာသင်ယူစဉ်က လန်ဒန်ပြတိုက်ရှိ မြန်မာ့ရှေးဟောင်း ရွှေနန်းလက်သုံး ဆေးရောင်စုံ ပုရပိုက်ပန်းချီတချပ်မှ ထိုင်းဘုရင် ကျောက်ဘွား ဒေါက် မဒူဝါးအား လင်းဇင်းကုန်း သုဿန်တွင် မြှုပ်နှံသည့် အထောက်အထားများ တွေ့ရှိခဲ့၍ ဓာတ်ပုံ မှတ်တမ်းတင်ယူခဲ့သည်ဟု ဆိုသည်။
ပုရပိုက်၌ “သင်္ကန်းဝတ်ဖြင့် သုံ့ပန်းအဖြစ် ခေါ်ဆောင်လာသည့် ယိုးဒယားဘုရင်၊ အမရပူရ ရွှေမြို့တော်တွင် ကွယ်လွန်သည့် အတွက် ခမ်းကြီးနားကြီး သင်္ဂြိုလ်ပြီး လင်ဇင်းကုန်း သုဿန်တွင် မြှုပ်နှံသည်” ဟု ရေးသားထားသည်ဟု သိရသည်။
ထိုင်းဘုရင်အုတ်ဂူနှင့် ပတ်သက်ပြီး ၁၉၈၆-၈၇ ခုနှစ်ခန့်ကတည်းက ကွင်းဆင်း သုတေသနပြုခဲ့သူ၊ “ထိုင်းဘုရင့် သချႋုင်းလော” ဟူသော အမည်ဖြင့် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် စာတမ်း ရေးသားထုတ်ဝေခဲ့သူ မန္တလေးမြို့ခံ သမိုင်းပညာရှင် ဒေါက်တာ တင်မောင်ကြည်က “ထိုင်းပညာရှင်တွေလည်း အထပ်ထပ် စစ်ဆေးပြီး အချက်အလက်တွေ အားလုံးမှန်ကြောင်း ပြောပြီ။ ဒါပေမယ့် သူတို့ အငြင်းပွားနေတာက တူးသင့်မတူးသင့်ပဲ” ဟု ဆိုသည်။
ထိုင်း သမိုင်းပညာရှင်များကလည်း အဆိုပါ ပုရပိုက်ကို အင်္ဂလန်ပြတိုက်မှ ကူးယူကာ သမိုင်း အထောက်အထားအရ လက်စွဲထားကြောင်း သိရသည်။
ထိုင်းဘုရင် ကျောက်ဘွား ဒေါက် မဒူးဝါး (ခ) မင်းသားကြီး ဥတွန်ပုံ၏ အုတ်ဂူသာ မှန်ကန်ပါက သမိုင်းအမွေအနှစ်အရ ထိန်းသိမ်းရမည် ဖြစ်ပြီး ဤအုတ်ဂူကို အကြောင်းပြုပြီး ထိုင်းအပါအဝင် တခြားသော ကမ္ဘာလှည့် ခရီးသည်များကိုလည်း စွဲဆောင်နိုင်မည်ဟု ဒေါက်တာ တင်မောင်ကြည်က မှတ်ချက်ပြုသည်။
ဂူဗိမာန်များနှင့် သင်္ချိုင်းစာများသည် သမိုင်းမှတ်တမ်းမျာအရ အရေးပါကြောင်း သမိုင်းပညာရှင်များက ပြောဆို နေသော်လည်း သင်္ချိုင်းသုဿန်များကို ဖျက်ဆီး၍ အိုးအိမ် အဆောက်အဦးများနှင့် မြို့ကွက်အသစ်များ ဖော်ထုတ်လျှက် ရှိသည့် မြန်မာနိုင်ငံတွင် ထိုင်းဘုရင့်ဂူ အပါအဝင် သမိုင်းဝင် အဓိကရ ပုဂ္ဂိုလ်များ မြှုပ်နှံထားသော ဤလင်းဇင်းကုန်း သုဿန်သည် မန္တလေးမြို့ ချဲ့ထွင်မည့် စီမံကိန်းတွင် ပါဝင်နေရာ ဒေသအာဏာပိုင်များက ဖျက်ဆီးပစ်မည့်အထဲတွင် ပါဝင်နေသည်။
ကုန်းဘောင်ခေတ် မြန်မာဘုရင်များလက်ထက် လာအို (လော) နိုင်ငံကို အစွဲပြုခေါ်ဝေါ်ခဲ့သည့် လင်းဇင်းကုန်း သုဿန်တွင် အင်းဝ၊ အမရပူရနှင့် မန္တလေးတဝိုက်၌ နေထိုင်ကြသော မွတ်စလင် (ပသီ)၊ ထိုင်း၊ လာအို၊ အာမေးနီးယန်း၊ တရုတ် စသည့် လူမျိုးများ သေဆုံးလျှင် မြုပ်နှံရန် လူမျိုး၊ ဘာသာအလိုက် နေရာများ သတ်မှတ်ရာ နာမည်ကျော် ဦးပိန်တံတားကို တည်ဆောက်ခဲ့သည့် မြို့စာရေး ဦးပိန်၊ ပုဂံမင်းလက်ထက်က အမရပူရမြို့ဝန်အဖြစ် ခန့်အပ်ခံရသည် ဘိုင်ဆပ်၊ ပသီစာဆိုတော် ဦးနုနှင့် အစ္စလမ်သာသနာပိုင် အာဗစ်ရှာဟ်ဟိုစနီတို့၏ ဂူဗိမ္မာန်များကိုလည်းရှိသည်။
ယခုအခါ ထိုသမိုင်းဝင် အုတ်ဂူ အများစုသည် မြို့ပြစီမံကိန်းအတွင်း ဖျက်ဆီးခံရမည့် စာရင်းတွင် ပါဝင်နေကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှုရန်