မြန်မာစစ်အရာရှိများ ပထမအကြိမ် တက်ရောက် လေ့လာခွင့်ရရှိသည့် နိုင်ငံစုံပါဝင်သော ၃၂ ကြိမ်မြောက် ရွှေမြွေဟောက် (Cobra Gold) စစ်ရေး လေ့ကျင့်မှုကို ပြီးခဲ့သည့် တနင်္လာနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စတင်လိုက်ပြီဖြစ်သည်။
အာရှ- ပစိဖိတ်ဒေသအတွင်း အကြီးဆုံး စစ်ရေးလေ့ကျင့်မှုဟု ခေါ်ဆိုနိုင်ပြီး ထိုင်း၊ အမေရိကန်၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားနှင့် မလေးရှား စသည့် ၇ နိုင်ငံမှ စစ်သည်ပေါင်း ၁၃၀၀၀ နှင့် တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များ၊ တင့်ကားများ၊ သံချပ်ကာယာဉ်များ၊ ကုန်းရေနှစ်မျိုးသုံး တိုက်ခိုက်ရေးယာဉ်များ ပါဝင်ကြောင်း Exercise Cobra Gold က ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ပြီးဆုံးမည့် ၁၁ ရက်ကြာ လေ့ကျင့်မှုကို ထိုင်းနိုင်ငံ မြောက်ပိုင်းပြည်နယ်များဖြစ်သည့် ဖိစနုလွတ်၊ ဆူခိုထိုင်း အပါအဝင် ပင်လယ် ကမ်းခြေ ဒေသများဖြစ် သည့် ချွန်ဘူရီ၊ ချန်တာဘူရီနှင့် လော့ဘူရီတို့တွင် ပြုလုပ်မည်ဖြစ်သည်။
ကြည်း၊ ရေ၊ လေနှင့် မရိန်းတပ်ဖွဲ့ပါဝင်သည့် လေ့ကျင်မှုများတွင် တပ်ဖွဲ့ဝင်များ ပူးတွဲလေ့ကျင်မှု၊ အရာရှိများ ပူးပေါင်းဆောင်ရွက်မှု၊ စစ်မြေပြင်လေ့ကျင့်မှု၊ လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်မှု၊ စစ်ဘက်ဆိုင်ရာ ဆေးဝါးကုသရေးတို့ ပါဝင် သည်။
စစ်မြေပြင်၌ လေ့ကျင့်မှုတွင် တိုက်ခိုက်ရေး ရဟတ်ယာဉ်များက ပစ်မှတ်ကို တိုက်ခိုက်ပြီး တပ်ဖွဲ့ဝင်များ တင်ဆောင်ထားသည့် ကုန်းရေ နှစ်မျိုးသုံး ယာဉ်များနှင့် လေထီးတပ်ဖွဲ့ဝင်များကို ရန်သူ့စခန်းများကို တိုက်ခိုက်သည့် လေ့ကျင့်ခန်းများပါဝင်သည်။
ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်မရိန်းတပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် ရစ်ချတ်ဆင်မ်ကောခ့်က“ဒီလို ပူးပေါင်းဆောင်ရွက်မှု အကျိူးကျေးဇူးကတော့ စစ်ဘက်ဆိုင်ရာ အချင်းချင်း ဆက်သွယ်မှု ပိုကောင်းစေတယ်၊ စိန်ခေါ်မှုများစွာကို ဖြေရှင်းနိုင်ဖို့နဲ့ တိုးတက်မှုတွေအတွက် အကောင်းဆုံး အခွင့်အရေးလည်း ဖြစ်ပါတယ်”ဟု ဆိုသည်။
ထိုင်းတပ်မတော် ဒု ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Yuthana Phagpolngam ကလည်း“ဒေသတွင်း တည်ငြိမ် အေးချမ်းရေး အတွက် တည်ဆောက်မှုတွေ ဆက်လုပ်သွားရမှာဖြစ်လို့ ကျနော်တို့ချင်း ခိုင်မာတဲ့ ဆက်ဆံရေးဟာ အလွန်အရေးကြီးပါတယ်”ဟု ပြောဆိုသည်။
အထူးသဖြင့် ယဉ်ကျေးမှုချင်း မတူညီသည့် နိုင်ငံများနှင့် တွဲဖက်၍ လေ့လာ သင်ယူခွင့်ရသည့်အတွက်လည်း အလေးထား ကျေနပ် မိသည်ဟုလည်း ၎င်းက ထိုင်းနိုင်ငံထုတ် Pattaya Mail သတင်းစာကို ပြောသည်။
ဤ စစ်ရေးလေ့ကျင့်မှုကို တရုတ်၊ ရုရှား၊ ဘရူနိုင်း၊ အာရပ် စော်ဘွားများ ပြည်ထောင်စု(UAE)၊ လာအို၊ မြန်မာ စသည့် နိုင်ငံများမှ စစ်ဘက်ဆိုင်ရာ အရာရှိများက လေ့လာသူအဖြစ် တက်ရောက်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ စစ်အရာရှိများက လူသားချင်း စာနာထောက်ထားမှုနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး နှင့် ပတ်သက်သည့် လေ့ကျင့်မှု အပိုင်းတွင် လေ့လာမည်ဖြစ်ပြီး ထိုသို့လေ့လာရန် ဗိုလ်ချုပ် ရာထူး အဆင့်ရှိ စစ်ဘက် အရာရှိနှစ်ဦး တက်ရောက်သည်။
ထိုင်းနှင့် အမေရိကန်နိုင်ငံတို့ ပုံမှန် ပူးတွဲလေ့ကျင့်သည့် Cobra Gold စစ်ရေးလေ့ကျင်မှုကို ၁၉၈၂ ခုနှစ်မှ စတင်ခဲ့ခြင်း ဖြစ်သည်။