အမျိုသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ကျေးဇူးကို အမှတ်တရရှိစေရန် နောက်နောင် ထုတ်ဝေသုံးစွဲမည့် ငွေစက္ကူများနှင့် တံဆိပ်ခေါင်းများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံ ရိုက်နှိပ်ဖော်ပြရန် နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်း အသီးသီးမှ လူငယ်အင်အားစုများက လိုလားလျက်ရှိကြောင်း သိရသည်။
“ကျနော်တို့ စံပြခေါင်းဆောင် က ဗိုလ်ချုပ်အောင်ဆန်းပဲ၊ သူ့ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပေးပါ။ သူက မစားဘဲ စွန့်ခဲ့တဲ့ ခေါင်းဆောင်ပါ။ အခုခေတ်မှာ မစွန့်ဘဲစားတဲ့သူတွေ အများကြီးပဲ” ဟု ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုး က ပြောသည်။
ဖေဖော်ဝါရီလ ၁၃ ရက် နေ့တွင် ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်း၏ ၉၈ နှစ်မြောက် မွေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ အင်းယားကန်ပေါင်တွင် ထိုနေ့ညနေ ၄ နာရီက ပြုလုပ်ခဲ့ပြီး ဗကသများ အဖွဲ့ချုပ်၊ ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ရက်၊ Generation Wave၊ Generation Youth နှင့် ရန်ကုန်မြို့အခြေစိုက် လူငယ်အင်အားစု ၁၀၀ ခန့် တက်ရောက်ခဲ့ရာ ယင်းအခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
၉၈ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အခမ်းအနား တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံလွှာကို ငွေစက္ကူနှင့် တံဆိပ်ခေါင်း များပေါ်တွင် ပြန်လည် သုံးစွဲနိုင်ရန် တောင်းဆိုသော လက်မှတ်များ ရေးထိုးခဲ့ကြပြီး ရရှိသော လက်မှတ်များနှင့် တခြား နေရာများမှ စုဆောင်းရရှိထားသော လက်မှတ် ၅၀၀ ကျော် ကို ဒေါ်အောင်ဆန်းစုကြည်ထံ တဆင့် ပေးအပ်နိုင်ရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးသို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် သွားရောက် ပို့ဆောင်ခဲ့ကြောင်း Generation Youth မှ ကိုနေထွဋ်ပိုင်က ပြောသည်။
အစိုးရသို့ တိုက်ရိုက် မတင်ပြရခြင်းမှာ ယခုကိစ္စကို ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်သောကြောင့် ဖြစ်ပြီး သူ၏ တုန့်ပြန်ဆောင်ရွက်ပေးမှုအပေါ် မူတည်၍ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ပြဿနာ အခက်အခဲရှိရင် သူ့ဆီကို အရင်လာပြီး အကူအညီတောင်းပါ ဆိုပြီးတော့ ပြည်ထောင်စုနေ့က ဒေါ်အောင်ဆန်းစုကြည်က ပြောထားတယ်။ အဲဒါကြောင့် သူ့ဆီကို အရင်သွားပြီး အသိပေးတာ” ဟု သူက ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ငွေစက္ကူများသည် ၁၉၈၈ ခုနှစ် နောက်ပိုင်း ခြင်္သေရုပ် ငွေစက္ကူများ ပေါ်ပေါက်လာပြီး နောက်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ရကြောင်း ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်က ရှင်းပြသည်။
“၁၉၅၂ ခုနှစ် မှာ ဗဟိုဘဏ်ဥပဒေ ပေါ်လာတော့ ဗိုလ်ချုပ်ပုံနဲ့ ငါးကျပ်တန်တွေ ထွက်လာတယ်။ ဆိုရှယ်လစ် တခေတ် လုံးလည်း ဗိုလ်တေဇပုံ သုံးခဲ့တာပဲ။ နိုင်ငံတကာမှာတော့ ကိုယ့်တိုင်းပြည် ထူထောင်တဲ့ သူရဲကောင်းပုံတွေကို သုံးကြတယ်။ တိုင်းပြည်အတွက် အမှတ်တရ ဖြစ်မယ့်သူတွေကို သုံးကြတယ်။ ကိုယ့်ခေါင်းဆောင် တွေကိုလည်း တန်ဖိုးထားတတ်ဖို့ လိုတယ်” ဟု ၎င်းက ပြောသည်။
နိုင်ငံတကာမှ ငွေစက္ကူများတွင် တိုင်းပြည် တည်ထောင်ခဲ့သော သူများကို အမှတ်တရရှိစေရန် ထည့်သွင်းဖော်ပြကြပြီး အိမ်နီးချင်း နိုင်ငံများတွင် ဂန္ဒီ၊ နေရူး၊ ဂျင်းနား၊ မော်စီတုန်း စသည့် ခေါင်းဆောင်ရုပ်ပုံများကို အသုံးပြုကြကြောင်း၊ အချို့နိုင်ငံများတွင် ခေတ်ကာလနှင့် လျော်ညီသောရုပ်ပုံများကို အသုံးပြုကြကြောင်း ဦးသန်းလွင်က ရှင်းပြသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျရောက်သော ချစ်သူများနေ့ကို လူငယ်များ အမှတ်တရရှိကြသော်လည်း
ဗိုလ်ချုပ်အောင်ဆန်းကို မေ့လျော့လာကြောင်း၊ သမိုင်းအမှန်ကို လူငယ်များသိရှိရန် လိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းက ပြောသည်။
“ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံ ကလေးများနေ့ အဖြစ် သတ်မှတ်ခဲ့ကြတယ်။ ကလေးများနေ့လို့ သတ်မှတ်ခဲ့ပေမယ့် မည်ကာမတ္တပဲ ရှိခဲ့တယ်။ ကလေး လူငယ်တွေဟာ အနာဂတ်ရဲ့ခေါင်းဆောင်တွေပဲ။ အခု လူငယ်တွေ သမိုင်းကို မသိတဲ့ အတွက် တိုင်းပြည်က မျိုးဆက်နဲ့ချီပြီး နစ်နာနေပြီ။ အဲဒါကို ဖော်ထုတ်ကြဖို့လိုတယ်” ဟု ၎င်းက ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားမှုနှင့် တိုင်းပြည်အပေါ် အနစ်နာခံတတ်သော စိတ်ဓာတ်မှာ ယနေ့ခေတ် လူငယ်များအတွက် အတုယူ အားကျဖွယ် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက ဆိုသည်။
“အနေအထိုင် ရိုးစင်းတာနဲ့ နိုင်ငံနဲ့ ပတ်သက်လို့ အသက်စွန့်လွှတ် အနစ်နာခံပြီးတော့ အဲဒီခေတ်ရဲ့ လိုအပ်ချက်ဖြစ်တဲ့ လွတ်လပ်ရေးကို ရူးသွပ်တာမျိုးပေါ့။ ကျနော်တို့ နိုင်ငံမှာလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ ဘယ်လောက် ရူးသွပ်လဲ ဆိုတာ နိုင်ငံနဲ့ချီပြီးတော့ ရူးသွပ်မှုတွေ မွေးမြူကြရမှာပါ” ဟု သူက ထပ်ပြောသည်။
၉၈ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အမှတ်တရ အဖြစ် ဗိုလ်ချုပ်အောင်ဆန်း ကြိုက်နှစ်သက်သော ပဲပြုတ်နှင့် နံပြားကို ဓမ္မစေတီ ဆရာတော် အရှင် ဥူးကောသလ္လက ကုသိုလ်ပြု ကျွေးမွေးခဲ့သည်။
“သူ အသက်ရှင် နေထိုင်စဉ် ကာလအတွင်းမှာ တိုင်းပြည်အကျိုးကို အများကြီး လုပ်ခဲ့တဲ့အတွက် လေးစားမိပါတယ်” ဟု အင်းလျားကန်ပေါင် အခမ်းအနားသို့ တက်ရောက်လာသော စမ်းချောင်းမြို့နယ်မှ အသက် ၁၅ နှစ်အရွယ် မောင်အောင်မိုးသူ က ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အခမ်းအနားတွင် နိုင်ငံတော်သီချင်း သီဆိုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးသွားသော အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြု၍ တမိနစ်ငြိမ်သက်ခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ သီချင်းများ သီဆိုခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ ကဗျာရွတ်ဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။