သာကေတမြို့နယ် မာန်ပြေ ၁၉ လမ်းအနောက်၊ အမှတ် ၁၁၂၈ ရှိ အစ္စလမ် ဘာသာရေးကျောင်းကို အကြီးစားပြင်ဆင်မှု ပြုလုပ်နေခြင်းအပေါ် ဒေသခံ ဗုဒ္ဓဘာသာဝင်များက လက်သင့်မခံသဖြင့် ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၇ ရက်နေ့ နေလယ် ၁၁ နာရီကျော်တွင် ဒေသခံ ဗုဒ္ဓဘာသာဝင် ၂၀၀ ကျော်ဝန်းကျင်က အဆိုပါ စာသင်ကျောင်းရှေ့တွင် စုရုံးကာ ဆောက်လုပ်ဆဲ ကိစ္စများကို ရပ်တန့်၍ ပြန်လည်ဖျက်သိမ်းရန် တောင်းဆိုခဲ့သောကြောင့် လုံခြုံရေးရဲများက လာရောက် ဖြေရှင်းခဲ့ရသည်။ အဆိုပါလမ်းကို လမ်းထိပ်နှစ်ဘက်စလုံးမှ လုံခြုံရေး ကြိုးများတားပြီး ဝင်ထွက်သွားလာမှုကို ပိတ်ခဲ့သည်။
ညနေ ၃ နာရီကျော်တွင် လုံခြုံရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မြင့်အေးက ယခု ဆောက်လုပ်လျှက် ရှိသည်များကို ပြန်လည် ဖြိုဖျက်သွားမည်ဖြစ်ပြီး လာရောက်စုရုံးနေကြသူများ ကိုလည်း လူစုခွဲပေးရန် မေတ္တာရပ်ခံခဲ့သည်။ သို့သော် လူစုက ဖျက်ပြီးသည်ကို မြင်ရမှသာ လူစုခွဲမည့်အကြောင်းနှင့် ဖျက်သိမ်းမှုတွင် လူအင်အားလိုအပ်လျှင် ပါဝင်မည်ဖြစ်ကြောင်း ပြန်ပြောသည်ဟု သိရသည်။
“သူတို့က အစ္စလမ်ဗလီကို တည်ထောင်ချင်နေတာ သိသာတယ်။ ဒီလိုဖြစ်တာ အခုအကြိမ်နဲ့ဆိုရင် ၃ ကြိမ်ရှိပြီ။ လွန်ခဲ့တဲ့ လေးနှစ်လောက်တုံးက ဒီစာသင်ကျောင်းကို ဆိုင်းဘုတ်ထောင်တာနဲ့ ပက်သက်ပြီး နည်းနည်း ပြဿနာ ဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့ ၁ နှစ် ဝန်းကျင်လောက်က အရင် ပလပ်စတစ် တာလပတ် မိုးထားတာကနေ သွပ်ပြောင်းမိုးလို့ ထပ်ဖြစ်တယ်။ ဒီလောက်တော့ မကြီးခဲ့ဘူး။ အခုတကြိမ်က သူတို့စည်ပင်သာယာမှာ စာတင်ထားတာက အမိုးမိုးဖို့နဲ့ အသေးစား ပြင်ဆင်မှုလုပ်ဖို့ပဲ။ ဒါပေမယ့် သူတို့က ကွန်ကရစ်တိုင်တွေနဲ့ အခိုင်အမာကို ဆောက်နေတာ။ ဒါကို လူထုက လက်မခံတာ” ဟု အဆိုပါ မာန်ပြေ ၃ ရက်ကွက်နေ ဗုဒ္ဓဘာသာဝင် ဒေသခံတဦးက ပြောသည်။
ထိုနေရာတွင် အစ္စလမ်ဘာသာဝင် ကလေးငယ်များကို ဘာသာရေးစာပေများ သင်ကြားပေးနေသည်မှာ နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်နေပြီဖြစ်ကြောင်း၊ ထိုစာသင်ကျောင်းနှင့် ပက်သက်ပြီး ဘာသာရေးစာပေ သင်ကြားခွင့်ကိုလည်း သက်ဆိုင်ရာမှ ရရှိထားပြီး ဖြစ်သည့်အတွက် ဆိုင်းဘုတ်တင် သင်ကြားနေခြင်းဖြစ်ကြောင်း အဆိုပါ အဆောက်အဦး အမည်ပေါက်ဖြစ်သည့် အစ္စလမ် ဘာသာဝင် ဦးသန်းတင်၏ သမီးဖြစ်သူ မအိအိထွေးက ဧရာဝတီသို့ ပြောသည်။
ရပ်ကွက်အတွင်းမှ အစ္စလမ်ဘာသာဝင် ကလေးငယ်များသည် ဘာသာရေးစာများကို သင်ကြားနိုင်ရန်အတွက် ကားမှတ်တိုင် ၇ တိုင်ကျော်မျှ ဝေးကွာသော ရှုခင်းသာဘက်တွင် တက်ရောက် နေရသည့်အတွက် အန္တရာယ်များသဖြင့် ဤနေရာတွင် စာသင်ပေးခဲ့ရခြင်းဖြစ်ကြောင်း၊ ဘာသာရေးစာပေကို သင်ကြားခြင်းဖြင့် ကလေးငယ်များ ပိုမိုလိမ္မာ ယဉ်ကျေးမှု ရှိမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“သူတို့က ဒီစာသင်ကျောင်းနဲ့ပက်သက်ပြီး ကန့်ကွက်စာတွေ အကြိမ်ကြိမ်တင်ခဲ့ကြတယ်။ သက်ဆိုင်ရာကလာကြည့်တဲ့အခါ တရားဝင်ဖြစ်ပြီးသားဖြစ်တဲ့အတွက် ဘာမှမကန့်ကွက်ခဲ့ဘူး။ အဲဒါကြောင့် ဒီစာသင်ကျောင်းမရှိစေချင်တဲ့အတွက် ဒီမနက်မှာ လူစုပြီး ဆူပူမှုဖြစ်အောင်လုပ်တာ။ ဒါမှ သက်ဆိုင်ရာက ဖျက်ခိုင်းမယ်ပေါ့။ အဲဒီသဘောနဲ့ သူတို့ဒီလိုလုပ်တာ။ ဒီမှာ သင်ကြား ပေးတဲ့သူတွေကလည်း ၁၀ နှစ်အောက်ကလေးတွေကို ဘာသာရေးစာပဲသင်တာ ” ဟု မအိအိထွေးက ပြောသည်။
ထိုအဆောက်အဦးအမည်ပေါက်သူက အသေးစား ပြင်ဆင်မှုကို ပြင်ဆင်ခွင့်ပြုရန် စည်ပင်သာယာမှ ခွင့်ပြုမိန့် ရပြီးထား ဖြစ်ကြောင်း၊ စည်ပင်သာယာမှလည်း မူလပုံစံမပျက်ဘဲ ပြင်ဆင်ခွင့်ပြုခဲ့ကြောင်း အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။
၂၀၀၁ ခုနှစ် ဇွန်လ ၁၉ ရက် နေ့စွဲဖြင့် လူနေရန်အတွက်သာ အဆိုပါ အဆောက်အဦးကို ဆောက်လုပ်ခွင့် ပြုခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ ခွင့်ပြုပေးခဲ့ကြောင်း မှတ်တမ်းများ အရ သိရသည်။ သို့ရာတွင် လူနေအဆောက်အဦးကို ဘာသာရေး စာသင်ကျောင်း ပြုလုပ်နေခြင်းအပေါ် ဒေသခံများက လက်မခံသဖြင့် အစိုးရထံသို့ ကန့်ကွက်စာများ ပေးပို့ထားသော်လည်း မထူးခြားခဲ့ကြောင်း အဆိုပါ ရပ်ကွက်နေ ပြည်သူတချို့က ပြောသည်။
အဆိုပါ အဆောက်အဦးကို ညနေ ၆ နာရီခန့်တွင် ဖျက်သိမ်းမှုများ ပြီးစီးခဲ့ပြီး ခိုင်ခိုင်မာမာဆောက်လုပ်ထားသော အပိုင်းများကိုလည်း ယခု တစ်ပတ်အတွင်း အပြီးသတ် ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဒေသခံများရှေ့တွင် ပြောကြားခဲ့သည်။