ရန်ကုန် ဟံသာဝတီ ကားပွဲစားဝင်း မပြောင်းရွှေ့ရရေးအတွက် မနက်ဖြန်တွင် လူအင်အား ၅၀၀ ခန့်တို့က ငြိမ်းချမ်းစွာ စုဝေးစီတန်း လှည့်လည် ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်း မပြောင်းမရွှေ့ရရေး ကော်မတီ ဒု ဥက္ကဋ္ဌ ဦးဝင်းလွင် ကပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ နောက်ဆုံးထား၍ ဟံသာဝတီ ကားပွဲစားဝင်းကို ပြောင်းရွှေ့ရန် ကြေညာချက် ထုတ်ပြန်ထားသောကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ကြမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ကမာရွတ်မြို့နယ် နာနတ်တောလမ်းနှင့် ဟံသာဝတီ လမ်းထောင့်ရှိ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်း နေရာကို မြို့တော်အင်္ဂါရပ်နှင့် အညီ မြို့ပြအဆင့်မီ စီမံကိန်းလုပ်ငန်းများ တည်ဆောက်ရန် ကားဝင်းပြောင်းရွှေ့ပေးရေး မေတ္တာရပ်ခံ ကြေညာချက်ဟု ဆိုကာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် စည်ပင်ဝန်ထမ်းများက စာရွက်များ လိုက်လံဝေငှခဲ့သည်။
“အခုက ပြောင်းရွှေ့ခိုင်းတဲ့သူနဲ့၊ မပြောင်းရွှေ့ချင်တဲ့သူနဲ့ ပြဿနာ တက်နေတာ။ ရွှေ့စေချင်တယ် ဆိုရင်တောင် အချိန်တော့ ပေးဖို့ကောင်းတာပေါ့။ အခုတော့ ချက်ချင်းကြီး ပြောင်းခိုင်းတာ” ဟု ဦးဝင်းလွင်က ပြောသည်။
မော်တော်ယာဉ် ရောင်းဝယ်သူများအနေဖြင့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ နောက်ဆုံးထား၍ ကော်မတီပိုင် သီရိမင်္ဂလာ ဈေးဟောင်း မြေညီထပ် ယဉ်ရောင်းဝယ်ရေးစခန်းသို့ ပြောင်းရွှေ့ကာ လုပ်ငန်းများ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။
“သီရိမင်္ဂလာဈေးကို ရွှေ့ရမယ်သာ ပြောတာ။ ဘယ်လောက်ကြာအောင် နေရမလဲဆိုတာ မပါဘူး၊ ဘာအချက်အလက် မှလည်း မပါဘူး။ စည်ပင်က ထုတ်တဲ့ ကြေညာချက်က မိုးပေါ်ကကျသလား မှတ်ရတယ်၊ ဘာမှတိတိကျကျ မသိရဘူး” ဟု ဦးဝင်းလွင်က ဝေဖန်သည်။
စည်ပင်သာယာရေး ကော်မတီမှ ပြောင်းရွှေ့ခိုင်းသော သီရိမင်္ဂလာဈေးဟောင်း မြေညီထပ်တွင် ကားအစီး ၃၀၀ ခန့်သာ ဝင်ထွက် နိုင်သောကြောင့် ကားဝယ်ရောင်းများ အတွက် အဆင်မပြေနိုင်ကြောင်း၊ ကားကြီးများ ဝင်၍ မရကြောင်း၊ ကားပွဲစားဝင်းသည် မြို့နှင့် မဝေးလွန်း မနီးလွန်းတွင် တည်ရှိရမည် ဖြစ်ပြီး ဘဏ်နှင့်နီးရန် လိုအပ်ကြောင်း ကားဝယ်ရောင်း တဦးဖြစ်သူ ဦးမင်းဦးက ပြောသည်။
ဟံသာဝတီ ကားဝင်း မပြောင်းမရွှေ့ရရေး ဆန္ဒထုတ်ဖော်သော နေ့တွင် ကော်မတီဥက္ကဋ္ဌနှင့် တခြား ပုဂ္ဂိုလ်တဦးတို့က ဟောပြောမည်ဖြစ်ပြီး ဆိုင်ခန်း ကိုယ်စားလှယ်များ၊ ဝယ်ရောင်း ကိုယ်စားလှယ်များ၊ပွဲစား ကိုယ်စားလှယ်များနှင့် ကားရေဆေး အလုပ်သမားများက ၎င်းတို့၏ နစ်နာချက်၊ ခံစားချက်များကို ထုတ်ဖော် ပြောဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
“ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းမရွှေ့ရရေး ကော်မတီဖွဲ့လိုက်တော့ အရင်ဆုံး မြို့တော်ဝန်က ခေါ်တွေ့တယ်။ မရွှေ့ရပါဘူး၊ ဒီနေရာကို အဆင့်မြှင့်ပေးမှာဆိုပြီး ပြောတယ်။ ဆိုင်ခန်းတွေကိုလည်း ဟိုဘက်မှာ ပြင်နေရင် ဒီဘက်မှာ ရောင်းသွားဆိုပြီး ပြောတယ်။ အခုတော့ လာလည်းမညှိဘူး၊ ဘာမှမပြောဘူး” ဟု ဟံသာဝတီ ကားဝင်းအတွင်းရှိ စူပါမေတ္တာ လက်ဘက်ရည်ဆိုင်မှ ဒေါ်မြင့်မြင့်ဝင်း (မြောင်းမြ) က ဆိုသည်။
စခန်းအတွင်း တရားဝင် မှတ်ပုံတင်ခွင့်ပြုထားသော ဆိုင်ခန်းများအတွက် ကော်မတီ၏ အစီအစဉ်ဖြင့် ယာယီဆိုင်ခန်းများ ဆောက်လုပ် နေရာချထားပေးမည်ဟု သိရပြီး ဆောက်လုပ်ပြီးစီးပါက ဆိုင်ခန်းများကို မိမိတို့ အစီအစဉ်ဖြင့် ယာယီ ပြောင်းရွှေ့ပေးရန် မေတ္တာရပ်ခံ ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကြေညာချက်တွင် ဖော်ပြသည်။
ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းအတွင်း မြို့ပြဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ခေတ်မီ အဆင့်မြင့် အဆောက်အအုံများ တည်ဆောက်သွားမည့် အစီအစဉ်နှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးက ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်း မပြောင်းရွှေ့ရေး ကော်မတီ အဖွဲ့ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို ယခင် ၂၀၁၂ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့ဖူးသည်။
ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းတွင် ခန့်မှန်းခြေ ဝယ်ရောင်း ၂၀၀၀၊ ပွဲစား ၅၀၀၀၊ ဈေးသည် ၂၀၀၀ နှင့် ကား ရေဆေး ၁၀၀၀ စုစုပေါင်း ဦးရေတသောင်းခန့် ရှိကြောင်း ကားပွဲစားဝင်းမှ စုံစမ်းသိရသည်။