ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင် စခန်းများသို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ (INGOs) များကို ဝင်ရောက် ကူညီရန် ခွင့်ပြု ထားသော်လည်း ယင်းအဖွဲ့အစည်းများ၏ လုပ်ငန်း သဘောသဘာ၀ အရ အမှန်တကယ် လိုအပ်သည့် နေရာ၊ လိုအပ်သည့် အတိုင်းအတာ ပြည့်ဝရန် အချိန် ကြန့်ကြာနေဦးမည် ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်မေစံပယ်ဖြူက ဧရာဝတီသို့ ပြောသည်။
“နိုင်ငံတကာ အကူအညီတော့ စောင့်ကြည့်ရမှာပေါ့။ ဖားကန့်ကို စပြီး ကူညီမယ်လို့ သတင်းထုတ်ပြန် ထားတယ်။ ပြီးတော့ သူတို့တတွေက တခါလာရင် ဒုက္ခသည် တထောင်လောက်ပဲ ကူညီတယ်။ မလုံလောက်ဘူး” ဟု ၎င်းက ဆိုသည်။
ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည် စခန်းသို့ သွားရောက်လှူဒါန်းသည့် အဖွဲ့များသည် တရုတ်ပြည်မှ လိုင်ဇာဘက်သို့ သွားရောက် လှူဒါန်းရသည့်အခါ တရုတ်အာဏာပိုင်များက တင်းကျပ်စွာ တားဆီးစစ်ဆေးလျှက် ရှိကြောင်း သိရသည်။
ကချင် စစ်ဘေးရှောင်နေရသည့် ပြည်သူများနှင့် ထပ်တူထပ်မျှ ခံစားရကြောင်း ပြသနိုင်ရန်နှင့် ၎င်းတို့အတွက် အကူအညီ ပေးရေး ရန်ပုံငွေ ဂီတပွဲများကို ကချင်တိုင်းရင်းသား စာပေနှင့် ရိုးရာယဉ်ကျေးမှု ကော်မတီ (ရန်ကုန်) မှ ကြီးမှူးစီစဉ်ကာ ကချင်ရိုးရာ ယဉ်ကျးမှု အဆိုအကအဖွဲ့ (ဝန်ပေါင်နိန်ဂျာ) နှင့် ကချင် ဂီတပညာရှင်များ၏ ပူးပေါင်းပါဝင် ပံ့ပိုးမှုဖြင့် ဖေဖော်ဝါရီ ၂၃ ရက်တွင် မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် (MBC Hall) ၌ ကျင်းပသွားမည် ဟု သိရသည်။
“ဒီဂီတ ရန်ပုံငွေပွဲကနေရတဲ့ ငွေကြေးတွေကိုတော့ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် အခြေခံ စားဝတ်နေရေး၊ ပညာရေး အတွက် လုပ်ဆောင် ပေးသွားမှာပါ။ အဓိကကတော့ အလွန်ခေါင်တဲ့ ဒုက္ခသည် စခန်းဘက်ကို သွားရောက် လှူဒါန်းပါမယ်” ဟု ကချင်စစ်ဘေးသင့် ပြည်သူများအတွက် ဂီတ ပဒေသာ ကပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးနော်ဘောက်က ဆိုသည်။
အဆိုပါ ရန်ပုံငွေပွဲ အတွက် မြစ်ကြီးနားမှ ကချင် တိုင်းရင်းသားများ လာရောက် ကပြမည်ဖြစ်ပြီး ကချင်၊ ရဝမ်၊ လီဆူး ဘာသာများဖြင့်လည်း ဖျော်ဖြေသွားမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့ရှိ ကချင် တိုင်းရင်းသား အဆိုတော်များလည်း လာရောက် ကူညီ ဖျော်ဖြေကာ ဝင်ကြေးလက်မှတ် အနေဖြင့် ကျပ် ၅ ထောင်မှ ၁ သောင်း အထိ ရောင်းချသွားမည် ဟုလည်း သိရသည်။
“အခုချိန်ထိ စစ်ဘေးရှောင် ဒုက္ခသည် စခန်းတွေက တော်တော်လေးကို အခြေအနေ ဆိုးရွားတုန်းပါ။ လိုင်ဇာ ပတ်ဝန်းကျင်မှာ ရှိတဲ့ ဒုက္ခသည်တွေ ဆိုရင် ပိုဆိုးတယ်။ ဇန်နဝါရီလက စစ်ရှိန်မြှင့်လို့ လိုင်ဇာမြို့ပေါ်က လူတွေတောင် ဒုက္ခသည် စခန်းမှာ သွားနေရတယ်” ဟု ဒေါ်မေစံပယ်ဖြူက ဆက်ပြောသည်။
ဒုက္ခသည် စခန်းများတွင် အဓိက ပြဿနာမှာ သောက်သုံးရေ ရှားပါးမှုဖြစ်ကြောင်း၊ သောက်ရေသန့် ရရှိနိုင်ခြင်း မရှိသည့် အတွက် ဝမ်းလျှော ဝမ်းပျက်ရောဂါများ ဖြစ်ပွားမှု ရှိသည့်အပြင် ဝဲ၊ ပွေး၊ ယားနာ များလည်း ဖြစ်ပွားနေသည်ဟု သိရသည်။
လွန်ခဲ့သော တနှစ်ကျော်ကတည်းက စစ်ဘေးရှောင်လာရသည့် ကချင်ဒုက္ခသည်များကို မြစ်ကြီးနားမြိုနှင့် အနီးတဝိုက်ရှိ မန်ခိန်၊ အင်ဂျန်တုံ၊ တပ်ကုန်း၊ ဂျာမိုင်ဂေါင်း၊ ဇီးလွန်၊ ကျွန်းပင်သာ၊ ပြန်လည်နေရာ ချထားရေး (ပလန) စသည်ဖြင့် စခန်း ပေါင်း ၇ ခုဖွင့်လှစ်ကာ လက်ခံထားကြောင်း၊ စခန်းတခုလျှင် လူဦးရေ ပျမ်းမျှ ၅၀၀ ခန့်ရှိကြောင်း သိရှိရသည်။
၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲများကြောင့် ကချင်ပြည်နယ် အတွင်းရှိ ဆက်သွယ်ရေး လမ်းကြောင်းများ ပျက်စီးခဲ့ပြီး ကချင်ပြည်သူ သောင်းချီ၍ စစ်ပြေး ဒုက္ခသည်များအဖြစ် ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြရဆဲ ဖြစ်သည်။