ဆက်သွယ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံတွင် 3G နှင့်အထက် မိုဘိုင်းလ်ဖုန်းစနစ်များကို အဆင့်မြှင့်တင်ပြီး e-Government အပါအဝင် အွန်လိုင်းစနစ် အခြေခံသော အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ဘဏ္ဍာရေးပုံစံ အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဦးဝင်းသန်းက ပြောဆိုလိုက်သည်။
ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၏ အမျိုးသားစီမံကိန်းများအကြောင်း ရှင်းလင်းပြောဆိုစဉ် ဦးဝင်းသန်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
၂၀၁၃-၂၀၁၄ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဆက်သွယ်ရေးဝန်ကြီးဌာနက မူဝါဒသစ် ၂ ချက်နှင့် ရည်မှန်းချက် ၁ ချက် ထပ်မံ ထည့်သွင်း အကောင်အထည်ဖော်သွားရန်ရှိပြီး မူဝါဒနှစ်ချက်မှာ မြန်မာတနိုင်ငံလုံးတွင် နိုင်ငံတကာအဆင့်မီ 3Gနှင့်အထက် မိုဘိုင်းလ်တယ်လီဖုန်းများ သုံးစွဲနိုင်ရေးနှင့် အွန်လိုင်းအခြေခံသော အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်မှုများ ပေါ်ထွန်းရေးဖြစ်ကြောင်း ဦးဝင်းသန်းက ဆိုသည်။
“မူဝါဒပိုင်းဆိုင်ရာ မိုဘိုင်းလ်တယ်လီဖုန်းများကို တပ်ဆင်အသုံးပြုရမှာ နိုင်ငံတကာ အဆင့်အတန်းနဲ့အညီ အသုံးပြုနိုင်တဲ့ စနစ်ဖြစ်တဲ့ 3G နဲ့အထက် သုံးစွဲနိုင်ဖို့ သတ်မှတ်ထားရှိမယ်။ 3G မိုဘိုင်းလ်နဲ့ အင်တာနက် အသုံးပြုနိုင်မယ့်ကိစ္စအပြင် ဆက်သွယ်ရေးဝန်ဆောင်မှုများဖြစ်တဲ့ ICT eco system ဖြစ်တဲ့ e-government, e-visa, e-procurement, e-payment, online billing system အစရှိတာတွေကိုလည်း အသုံးပြုနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထပ်မံဖြည့်စွက်လိုပါတယ်” ဟု ဦးဝင်းသန်းက ပြောသည်။
ဆက်သွယ်ရေးဒုဝန်ကြီးက ထိုသို့ပြောဆိုသော်လည်း မြန်မာနိုင်ငံတွင် လက်ရှိ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ အခြေခံအဆောက်အဦ မကောင်းမွန်ဘဲ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများမှ လွန်စွာနှေးကွေးနေသည့်အတွက် လက်တွေ့ဖြစ်လာရန် ခက်ခဲသည်ဟု ဝေဖန်မှုများရှိသည်။
မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ နည်းပညာပညာရှင်တဦးလည်းဖြစ်သူ ဦးရဲမြတ်သူက အစိုးရအနေဖြင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ အခြေခံအဆောက်အဦများ တည်ဆောက်ရာတွင် စက်အစုတ်များ ဝယ်ယူအသုံးပြုထားသဖြင့် မူဝါဒများ အကောင်အထည်ဖော်ရန် လွယ်ကူမည်မဟုတ်ဟု သုံးသပ်သည်။
“ကျနော်တို့ဘက်က ကြည့်တော့ ဒါတွေက သူတို့မလုပ်နိုင်ဘူးဆိုတာက မကောင်းတဲ့ဟာတွေနဲ့ လုပ်ထားလို့လေ။ ကောင်းတဲ့ဟာတွေနဲ့ လုပ်ထားရှိရင် အဲဒါတွေကမဖြစ်ဘူးလေ။ လွယ်လွယ်လေးပဲလေ။ Land cruiser ကားအရည်အသွေးလိုချင်ရင် Land cruiser လုပ်တတ်စရာမှ မလိုတာ။ ဝယ်စီးလိုက်ရုံပဲ။ Land cruiser ဝယ်မစီးဘဲ ထော်လာဂျီဝယ်စီးရင် ထော်လာဂျီ အရည်အသွေးပဲရမှာပေါ့။ အဲဒါပြသနာမဟုတ်ဘူး။ သူတို့ဘာလို့ အစုတ်တွေ ဖြစ်နေတာလဲ ဆိုတော့ အစုတ်ကောင်တွေဆီက အစုတ်တွေဝယ်ထားလို့ ဖြစ်နေတာလေ” ဟု ဦးရဲမြတ်သူက ရှင်းပြသည်။
နိုင်ငံတဝန်းတွင် 3Gနှင့် အထက် မိုဘိုင်းလ်ဖုန်းစနစ် အကောင်အထည် ဖော်ရန်မှာမူ အကုန်အကျ များပြားမည်ဟု ၎င်းက ဆိုသည်။
“3G နဲ့ အထက်ဆိုတာက 4 G တို့ကို ပြောတာ။အဲဒါကတော့ မြို့တွေပေါ်မှာ ဖြစ်နိုင်တယ်။ နယ်တွေမှာတော့ မဖြစ်နိုင်ဘူး။ သူက Frequency များလာမှ High Speed တက်တာလေ။ အဲဒီ ရင်းနှီးမြုပ်နှံမှုက များတယ်။ လူတွေများရင် ကျပ်ရင် အဲဒီရင်းနှီးမြုပ်နှံမှုက ကာမိတယ်။ လူတွေနေတာ ကျဲတယ်ဆိုရင် အဲဒီရင်းနှီးမြုပ်နှံမှုက မကိုက်ဘူး။ နိုင်ငံတကာမှာသုံးတဲ့ 3 G တို့ 4 G တို့က သိပ်သည်းဆမြင့်မှ သုံးလို့ရတာ” ဟု ဦးရဲမြတ်သူက ရှင်းပြသည်။
အွန်လိုင်းစနစ်ကိုအခြေခံသော e-Government အပါအဝင် အုပ်ချုပ်ရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး လုပ်ဆောင်ချက်များ အကောင်အထည်ဖော်ရန်မှာလည်း ဆိုက်ဘာဥပဒေ ကောင်းကောင်းလိုအပ်သည့်အပြင် အစိုးရပိုင်းကလည်း တိကျရေရာသော ဥပဒေနှင့် မူဝါဒများချမှတ်ရန် အလွန်အရေးကြီးကြောင်း၊ ယခင်စစ်အစိုးရခေတ်ကလည်း ဥပဒေနှင့် မူဝါဒ ကောင်းကောင်းမရှိဘဲ လွဲမှားစွာ ပြုလုပ်ခဲ့ကြောင်း ဦးရဲမြတ်သူက ဆိုသည်။
“e-government၊ e-commerce တွေ ဘာတွေ ဖြစ်ဖို့ဆိုတာကတော့ cyber Law ကောင်းကောင်းလိုတယ်။ အခုလက်ရှိ ရှိနေတဲ့ ဥပဒေနဲ့တော့ အဆင်မပြေလောက်ဘူး။ အဲဒါကြီးက အမြင်ကတ်ပုဒ်မလို ဖြစ်နေတယ်။ အွန်လိုင်းစနစ်ကို အခြေခံလုပ်ဖို့ဆိုရင်တော့ ဥပဒေအခြေခံအဆောက်အဦတွေနဲ့ နည်းပညာအခြေခံအဆောက်အဦတွေ ဆောက်မှကို ရမယ်၊ တောင့်မှ ရမယ်။ အရင်တုန်းကလည်း လျှောက်လုပ်ပြီးတော့ လွဲခဲ့တာတွေကလည်း အဲဒါတွေကြောင့်ပဲ”
“e-government အတွက် အစိုးရပိုင်းမှာ စနစ်ရှိဖို့လိုတယ်။ အရည်အသွေး ရှိဖို့လိုတယ်။ အစိုးရ လုပ်ချင်တဲ့ စနစ်၊ တည်ဆောက်ပုံ၊ လုပ်ပိုင်ခွင့်တွေ အကုန်လုံးက တိတိကျကျ မရှိဘူးဆိုလို့ရှိရင် အွန်လိုင်းပေါ်တက်လို့မရဘူး။ အခုက လူပေါ်မှာ မူတည်ဆုံးဖြတ်တာကနေ မူပေါ်မှာ မူတည်ပြီး ဆုံးဖြတ်တဲ့ ဌာနဆိုင်ရာ လုပ်ငန်းတွေဖြစ်အောင ်လုပ်ဖို့ လိုတယ်။ ခုနပြောတာတွေ လုပ်မရဘဲ အွန်လိုင်းပေါ်မတက်ဘဲနဲ့ ဗျူရိုကရက်တွေနဲ့ တွေ့နေသမျှကာလပတ်လုံး အကျင့်ပျက် ခြစားမှုကလည်း ပျောက်မှာမဟုတ်ဘူး။ ဆင်းရဲမွဲတေမှုကလည်း ကျမှာမဟုတ်ဘူး။ စရိတ်တွေလည်း တက်နေမှာပဲ။ အဲဒါတွေက အစိုးရလုပ်မှရမှာလေ။ အပြင်က လုပ်လို့မရဘူး”ဟု ဦးရဲမြတ်သူက ရှင်းပြသည်။
ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာရေးမှာ လုပ်ပိုင်ခွင့် အာမခံချက်များ ရှိရေး အဓိကကျကြောင်းလည်း ၎င်းက ဆိုသည်။
သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံတွင် နိုင်ငံတကာပုံစံ ဈေးသက်သော မိုဘိုင်းလ်ဖုန်းများ လူတိုင်းအသုံးပြုနိုင်ရေးအတွက် ငါးနှစ်အတွင်း မိုဘိုင်းလ် ဖုန်းသန်း ၃၀ ချထားပေးမည့် စီမံကိန်းတရပ်ကို ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိသည်။