မန္တလေး တောင်သမန်အင်းစောင်းရှိ လင်ဇင်းကုန်းသုသာန် ဖျက်သိမ်းရန် စီစဉ်ထားသော်လည်း ထိုင်းနိုင်ငံဘက်မှ ၎င်းတို့ ရှေးဟောင်း အမွေအနှစ်များနှင့် ပတ်သက်သော အချက်လက်များ မှန်ကန်မှု ရှိစေရန် စစ်ဆေးလိုကြောင်း ကမ်းလှမ်း ခဲ့သည့်အတွက် နှစ်နိုင်ငံ ချစ်ကြည်ရေးအရ ယနေ့မှစ၍ တူးဖော်စစ်ဆေးခွင့် ပြုနေကြောင်း သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ လင်ဇင်းကုန်း သုသာန်သည် မန္တလေးမြို့ ချဲ့ထွင်မည့် စီမံကိန်းတွင် ပါဝင်နေသောကြောင့် ဒေသ အာဏာပိုင်များက ဖျက်သိမ်းရန် ပြီးခဲ့သည့် နှစ်က ကြေညာထားပြီး ဖြစ်သည်။
၂၀၁၂ ခုနှစ် ဇွန်လ ၁ ရက်နေ့ထုတ် မန္တလေးနေ့စဉ် သတင်းစာတွင် မန္တလေးတိုင်း ဒေသကြီး အမရပူရ မြို့နယ်ရှိ လင်ဇင်းကုန်း သုသာန်အား ၂၀၁၂ ခုနှစ် ဇူလိုင် ၁ ရက်နေ့တွင် အပြီးသတ် ဖျက်သိမ်းမည်ဖြစ်ကြောင်း၊ ယင်း လင်ဇင်းကုန်းသုသာန်ရှိ အုတ်ဂူများအား ပြောင်းရွှေ့လိုသူများသည် ကြာနီကန် သုသာန်သို့ တလအတွင်း အပြီး ရွှေ့ပြောင်းကြရန်နှင့် အုတ်ဂူ ရွှေ့လိုသူများ အနေဖြင့် သန့်ရှင်းရေးဌာနသို့ ဆက်သွယ်ရန် အသိပေးကြောင်း ဖော်ပြပါရှိသည်။
ယင်းအချိန်က သမိုင်း ပညာရှင်များနှင့် မြို့ခံ လူထုတို့၏ ဝိုင်းဝန်းကန့်ကွက်မှုကြောင့် ပြောင်းရွှေ့နိုင်ခြင်း မရှိခဲ့ပေ။
ယခုအခါ ထိုင်းနိုင်ငံမှ ပညာရှင်များက မန္တလေးမြို့သစ် ချဲ့ထွင်မည့်အတွက် ဖျက်သိမ်းမည့် အထဲတွင် ပါဝင် နေသော လင်ဇင်းကုန်း သုသာန်ရှိ ထိုင်းဘုရင် ကျောက်ဘွား ဒေါက် မဒူးဝါး (ခ) မင်းသားကြီး ဥတွန်ပုံ၏ အုတ်ဂူများကို နှစ်နိုင်ငံ နားလည်မှုဖြင့် တူးဖော်နေပြီ ဖြစ်ကြောင်း သိရသည်။
တူးဖော်ခွင့်ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ ယနေ့တွင် စတင်မည် ဖြစ်ပြီး ၁ လကျော်ကြာ တူးဖော်သွားမည် ဖြစ်ကြောင်း လင်ဇင်းကုန်း သုသာန် တူးဖော်ရေး ဆိုက်တာဝန်ခံ ကိုအောင်အောင်က ပြောသည်။
“တူးဖော်ဖို့ အချိန်ကို မြို့တော်ဝန်က ရက်အကန့်အသတ်မရှိ ချပေးထားပါတယ်။ ကျနော်တို့ အနေနဲ့ တူးဖော်ချိန်က ရက် ၄၀ လောက်ပဲ ကြာဖို့ရှိတာပါ။ တူးဖော်တယ် ဆိုတာကလည်း အဆောက်အဦးကို ကရိန်းနဲ့ မပြီးမှ အောက်ခံ ကျောက်ပြားတွေကို ဆွဲထုတ်၊ ပြီးမှ ဒီအထဲမှာ ဘာတွေ ရှိမလဲ ဆိုတာတွေ စစ်ဆေးသွားမှာပါ။ တကယ်လို့ တွေ့ခဲ့ရင်၊ ဖော်ဆောင်မှု ကောင်းခဲ့တယ် ဆိုရင် ဒီနေရာကို ပန်းခြံသဘောမျိုး လုပ်ဆောင်သွားမယ်။ မန္တလေးမှာ တခြား နိုင်ငံခြားသားတွေနဲ့ ထိုင်း နိုင်ငံသားတွေ လာရောက် လေ့လာဖို့ နေရာတနေရာ တိုးသွားမယ့် သဘောမျိုးပါ” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် မြန်မာပညာရှင်များနှင့် ထိုင်းပညာရှင်များက လင်ဇင်းကုန်း သုသာန်တွင် ရှိနေသော အုတ်ဂူကို ထိုင်းဘုရင်၏ အုတ်ဂူ ဟုတ်၊ မဟုတ် အငြင်းပွားနေကြသည်။
“တကယ်လို့ ဒီအုတ်ဂူဟာ ထိုင်းဘုရင်ရဲ့ အုတ်ဂူ ဖြစ်ခဲ့မယ်ဆိုရင် နှစ် ၂၀၀ ကျော် တန်ဖိုးရှိတဲ့ ရှေးဟောင်း အမွေနှစ်တခုပါ။ မြန်မာနိုင်ငံတော် အစိုးရအနေနဲ့ ဖျက်သိမ်းမယ်ဆိုရင် နှစ်နိုင်ငံ ချစ်ကြည်ရေးအရ စိတ်မကောင်းစရာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ပညာရှင်တွေ ပူးပေါင်းပြီး ဒီအုတ်ဂူဟာ ထိုင်း ရှင်ဘုရင်ရဲ့ အုတ်ဂူ ဖြစ်မဖြစ်ကို တူးဖော် စစ်ဆေးသွားမှာပါ။ တကယ်လို့ မဟုတ်ခဲ့ဘူးဆိုရင် စည်ပင်သာယာ အနေနဲ့ ဘာပဲလုပ်လုပ် ကျနော်တို့ တားဆီးပိုင်ခွင့် မရှိပါဘူး။ တူးဖော် စစ်ဆေးရင်း ထိုင်းဘုရင်အုတ်ဂူ ဟုတ်ခဲ့တယ် ဆိုရင် နှစ်နိုင်ငံ ရှေးဟောင်း သုတေသန အဖွဲ့စည်းတွေနဲ့ ပူးပေါင်း ရှေးဟောင်း အမွေအနှစ် အဆောက်အဦး အဖြစ် ဆက်လက် လုပ်သွားမှာပါ” ဟု ထိုင်းရှေးဟောင်း ပညာရှင်များနှင့် တူးဖော်ရေးတွင် ဦးဆောင်နေသည့် Micky Heart က ဧရာဝတီကို ပြောသည်။
လင်ဇင်းကုန်း သုသာန်ကို တူးဖော်ရင်း ထိုင်းဘုရင်၏ အုတ်ဂူများနှင့် အပိုင်းအစများကို တွေ့ရှိခဲ့ပါက မြန်မာနိုင်ငံတော်၏ ခွင့်ပြုချက် တစုံတရာ မရရှိဘဲ ထိုင်းနိုင်ငံသို့ သယ်ဆောင်သွားမည် မဟုတ်ကြောင်း၊ ထိုင်းနိုင်ငံဘက်မှ ၎င်းတို့၏ ဘုရင် အသိမှတ်ပြု တခုခုကို တောင်းဆိုလျှင် အရိုးတချောင်း (သို့) ပြာများကိုလည်း နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့်သာ သယ်ဆောင်သွားမည် ဖြစ်ကြောင်း သူက ဆိုသည်။
ကွယ်လွန်သူ သမိုင်းပညာရှင်ကြီး ဒေါက်တာ သန်းထွန်း အင်္ဂလန် နိုင်ငံ၌ ပညာသင်ယူစဉ်က လန်ဒန်ပြတိုက်ရှိ မြန်မာ့ ရှေးဟောင်း ရွှေနန်းလက်သုံး ဆေးရောင်စုံ ပုရပိုက် ပန်းချီကားတချပ်မှ ထိုင်းဘုရင် ကျောက်ဘွား ဒေါက် မဒူဝါးအား လင်းဇင်းကုန်း သုသာန်တွင် မြှုပ်နှံခဲ့သည့် အထောက်အထားများ တွေ့ရှိခဲ့၍ ဓာတ်ပုံ မှတ်တမ်းတင်ယူခဲ့သည်ဟု ဆိုသည်။
ပုရပိုက်၌ “သင်္ကန်းဝတ်ဖြင့် သုံ့ပန်းအဖြစ် ခေါ်ဆောင်လာသည့် ယိုးဒယားဘုရင်၊ အမရပူရ ရွှေမြို့တော်တွင် ကွယ်လွန်သည့် အတွက် ခမ်းကြီးနားကြီး သင်္ဂြိုဟ်ပြီး လင်ဇင်းကုန်း သုသာန်တွင် မြှုပ်နှံသည်” ဟု ရေးသားထားကြောင်း သိရသည်။
ထိုင်း သမိုင်း ပညာရှင်များကလည်း အဆိုပါ ပုရပိုက်ကို အင်္ဂလန် ပြတိုက်မှ ကူးယူကာ သမိုင်း အထောက်အထားအရ လာရောက် တူးဖော်ခြင်း ဖြစ်ကြောင်း သိရသည်။
“သမိုင်းဆိုတာ အငြင်းပွားဖွယ် တခုလိုပါပဲ။ ထိုင်းဘက်မှာတင် ဒီကိစ္စကို လက်ခံတဲ့ သူရှိသလို လက်မခံတဲ့ လူတွေလည်း ရှိကြတယ်။ ဒီလင်ဇင်းကုန်း သုသာန်ကို ထိုင်းဘုရင်ရဲ့ သုသာန်လို့ ပြောနိုင်တာက အကိုးကား နှစ်ချက်ကြောင့်ပါ။ အကိုးကား တချက်က ဦးမောင်မောင်တင် ရေးတဲ့ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်မှာ ဒီသုသာန်လို့ ပြောထားတယ်။ နောက် တချက်က မင်းတုန်းမင်း လက်ထက်က ထင်ပါတယ်၊ ဒီဘုရင်ရဲ့ ပုံတူကို ရုပ်စုံပန်းချီကားနဲ့ မှတ်တမ်းတင် ရေးဆွဲထားတဲ့ အချက်တွေနဲ့ ပေါင်းပြီး ဒီလင်ဇင်းကုန်း သုသာန်လို့ ပြောနိုင်ခြင်း ဖြစ်ပါတယ်” ဟု တူးဖော်ရေးတွင် ဦးဆောင်နေသည့် Micky Heart က ပြောသည်။
“ထိုင်းဘုရင်တွေက များသောအားဖြင့် မီးသင်္ဂြိုဟ်တာများပါတယ်။ မီးသင်္ဂြိုဟ်ပြီး အရိုးပြာကို အိုးနဲ့ ထည့်တဲ့ ဓလေ့ ရှိတယ်။ ကျွန်တော်တို့က အဲဒီပြာအိုးကို ကြည့်ပြီး ခွဲခြားရမှာပါ။ ပြာအိုးမှာ သေဆုံးသူရဲ့ အမည်ထိုးထားတာ ထိုင်းဘုရင်ရဲ့ နာမည် ဟုတ်၊ မဟုတ် ကျနော်တို့ တူးလိုက်တဲ့ အခါမှာ ပေါ်လာမှာပါ။ တကယ်လို့ အရိုးအိုးမှာ မပါခဲ့ဘူးဆိုရင်လည်း DNA စစ်ပြီး အဖြေထုတ်သွားမှာပါ” ဟု သူက ဆက်ပြောသည်။
ယနေ့နံနက် ၁၀ နာရီအချိန်က မြို့ခံလူထု၊ သတင်းစာ ဆရာများနှင့် ထိုင်းဘက်မှ တူးဖော်မည့် ပညာရှင်များ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နေ့လယ် ၂ နာရီမှ စတင်ကာ လင်ဇင်းကုန်း သုသာန်ရှိ အဆိုပါ အုတ်ဂူကို တူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။ တူးဖော်ရေး အပိုင်းတွင် ထိုင်းဘက်မှ ပညာရှင် ၂၁ ဦး ပါဝင်ကြောင်း သိရသည်။