ဖေဖော်ဝါရီ ၁၉ ရက်နေ့ည ၁၀ နာရီကျော်က သာကေတမြို့နယ် မာန်ပြေ ၃ ရပ်ကွက် ၁၉ လမ်းအတွင်းရှိ အစ္စလမ် ဘာသာရေး ကျောင်းကို အပြီးတိုင် ဖျက်သိမ်းပေးရန် လူစုဝေး၍ အော်ဟစ် တောင်းဆိုကြရာမှ ရဲများနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုလူများသည် မာန်ပြေရပ်ကွက်မှ ဒေသခံများ မဟုတ်ကြဘဲ တခြားသော ဒေသမှ လာရောက် စုဝေး အော်ဟစ် နေသူများ ဖြစ်ကြောင်း မာန်ပြေ ၃ ရပ်ကွက် ၁၈ လမ်းတွင် နေထိုင်သူ ဗုဒ္ဓဘာသာဝင် တဦးက ပြောသည်။
“ဒီလို ညစဉ်ဖြစ်လာတော့ ကျနော်တို့လည်း ကြောက်လာတယ်။ ကျနော် ကြည့်ရသလောက် ကိုယ့်ရပ်ကွက်သူ၊ ရပ်ကွက် သားတွေ မပါဘူး။ ညတိုင်းလည်း အိပ်ရေးပျက်ရတယ်” ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ လူများသည် ဒေါပုံမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ မြောက်ဒဂုံမြို့နယ်နှင့် ဒဂုံဆိပ်ကမ်း မြို့နယ်များမှ လာရောက် ကြသူများဟု ယူဆရကြောင်း၊ ယင်း ပဋိပက္ခကြောင့် ဖမ်းဆီး အရေးယူထား သူများမရှိကြောင်း သာကေတမြို့နယ် အမှတ် ၁ ရဲစခန်းမှ တာဝန်မှူးဖြစ်သူ ဒုရဲအုပ် စိုးဝင်းနောင်က ဧရာဝတီ၏ ဆက်သွယ်မေးမြန်း မှုကို ပြန်လည်ဖြေကြားခဲ့သည်။
“ရဲတွေကို ခဲနဲ့ပေါက်တယ်။ ရဲတွေက ဒိုင်းတွေနဲ့ ကာထားတော့ နည်းနည်းပါးပါးလောက်ပဲ ထိခဲ့တယ်။ ဒီမနက်တော့ ဘာသံမှ ထပ် မကြားသေးပါဘူး။ အဲဒီအတွက်လည်း ဖမ်းဆီးအရေးယူဖို့ လောလောဆယ် ဘာမှမရှိသေးဘူး။ ရပ်ကွက်မှာတော့ အဲဒီ ရပ်ကွက်က တာဝန်ရှိသူတွေက လုံခြုံရေးအတွက် စီမံ ဆောင်ရွက်ပါလိမ့်မယ်။ လူ ၁၀ ဦးလောက် ဖမ်းထားတယ် ဆိုတာကလည်း ကောလာဟလပါပဲ” ဟု ၎င်းက ရှင်းပြသည်။
၁၉ ရက်နေ့ ညနေ ၄ နာရီကျော်မှ စတင်ပြီး လူများစုဝေးခဲ့ရာ ည ၁၀ နာရီကျော်တွင် လုံခြုံရေး တာဝန်ကျသော ရဲတပ်ဖွဲ့သို့ ခဲများ၊ လေးခွများဖြင့် စတင် ပစ်ပေါက်ခဲ့ကြောင်း၊ ယနေ့နှင့် ဆိုလျှင် မာန်ပြေ ၁၉ လမ်း အနီးတွင် ညနေတိုင်း လူများစုဝေး၍ အော်ဟစ်နေသည်မှာ ၃ ရက်တိုင်ပြီဖြစ်ကြောင်း အဆိုပါ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကံထွန်းက ပြောသည်။
“ဒီလို လာအော်နေကြတာ ၃ ညတိုင်ပြီ။ အဲဒါနဲ့ ပတ်ဝန်းကျင်က ဆူညံနေကြတာကို မခံနိုင်တော့လို့ ပရိတ်ခွေကို သူတို့ အသံဖုံးတဲ့အထိ ဖွင့်လိုက်ရာကနေ ခဲနဲ့ စပေါက်ကြတာပဲ။ လေးခွနဲ့လည်း ပစ်ကြတယ်။ လုံခြုံရေး ရဲတွေက လိုက်ဖမ်းတော့ ထွက်ပြေးကြတယ်။ ကျနော်ကလည်း အုပ်ချုပ်ရေးမှူး ဖြစ်နေတော့ အဲဒီနေရာမှာ ရဲတွေနဲ့ အတူတူ ရှိနေတာ။ ဘာမှတော့ ထိခိုက် ဒဏ်ရာရတာ မရှိခဲ့ပါဘူး” ဟု ၎င်းက ဆိုသည်။
ရဲများက ခြောက်လှန့်လိုက်သည့်အတွက် စုဝေးလာသည့် လူအုပ်စုသည် သာကေတမြို့နယ် ၂ တောင်ရပ်ကွက် အတွင်းရှိ အစ္စလမ် ဘာသာရေးစာသင်ကျောင်းကို ခဲဖြင့် သွားပေါက်ခဲ့ကြကြောင်း သူက ဆက်ပြောသည်။
ရဲများနှင့် ပဋိပက္ခဖြစ်ခဲ့သူများမှာ သာကေတ ၂ တောင် ရပ်ကွက်ရှိ စားသောက်ဆိုင်၊ ပိတ်ထားသော ကွမ်းယာဆိုင်ခုံများ၊ ရွှေလမ်း ဧည့်ခန်းမနှင့် အဝတ်အစား အရောင်းဆိုင်၊ မိုဘိုင်းဖုန်းဆိုင် တချို့ကို ဖျက်ဆီးသွားကြောင်း သိရသည်။
ယနေ့ အချိန်တွင် မာန်ပြေ ၃ ရပ်ကွက်အတွင်း လမ်းအလိုက် ရပ်ကွက်သူ၊ ရပ်ကွက်သားများ မဟုတ်ဘဲ ပဋိပက္ခ ဖြစ်ပွားရာ အစ္စလမ် စာသင်ကျောင်းနား အနီးတဝိုက်တွင် လာရောက် ရပ်ကြည့်မှုများ မပြုလုပ်ရန် မေတ္တာရပ်ခံထားပြီး လူစုလူဝေးများ မဖြစ်ပွားအောင် စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆိုပါ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကံထွန်းက ဆိုသည်။
ထိုအစ္စလမ် စာသင်ကျောင်းတွင် သောကြာနေ့တိုင်း အစ္စလမ်ဘာသာရေး ထုံးစံအရ ဝတ်ပြု ဆုတောင်းခြင်း ပြုလုပ်လေ့ ရှိသည်ကို တွေ့ရသည့်အတွက် ရပ်ကွက်သူ၊ ရပ်ကွက်သားများက ကန့်ကွက် နေခြင်းဖြစ်ကြောင်း၊ ဘာသာရေး ဗလီ ဝတ်ပြုကျောင်း အဖြစ် သတ်မှတ်ထားခြင်း မရှိသကဲ့သို့၊ သက်ဆိုင်ရာမှ ခွင်ပြုထားခြင်း မျိုးလည်း မရှိကြောင်း၊ ယနေ့ အချိန်တွင် မြို့နယ် စည်ပင်သာယာမှ ပြင်ဆင်ခွင့် ပြုထားသည့် အနေအထားထက် ပိုသည့် ပြင်ဆင်မှုများကို ဖျက်သိမ်း လိုက်ပြီဖြစ်ကြောင်း၊ အဆောက်အဦး တခုလုံးကိုမူ အပြီးတိုင် ဖျက်ဆီးသွားမည် မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။
လက်ရှိ ဖြစ်ပျက်နေမှုများသည် ဘာသာရေး အဓိကရုဏ်းပုံစံ ဖြစ်လာစေရန် ရည်ရွယ်၍ လူတချို့၏ လုပ်ဆောင် နေမှုများသာ ဖြစ်ကြောင်း၊ သာကေတမြို့နယ်တွင် အစ္စလမ်ဘာသာရေး စာသင်ကျောင်း ၉ ကျောင်း ရှိသော်လည်း အားလုံးက ဗလီ ဝတ်ကျောင်းအဖြစ် ပြောင်းလဲထားခြင်း မရှိကြောင်း အဆိုပါ ပဋိပက္ခ စတင်ဖြစ်ပွား ခဲ့ရသည့် မာန်ပြေ ၁၉ လမ်းမှ စာသင်ကျောင်း အမည်ပေါက် ပိုင်ရှင် အစ္စလမ် ဘာသာဝင် ဦးသန်းထွန်းက ပြောသည်။
ဖေဖော်ဝါရီ ၁၇ ရက်နေ့က အဆိုပါ မာန်ပြေ ၁၉ လမ်းရှိ အစ္စလမ် ဘာသာရေး စာသင်ကျောင်းကို အကြီးစားပြင်ဆင်မှုနှင့် ပတ်သက်၍ ရပ်ကွက် ဒေသခံများက စတင်ကန့် ကွက်ရာမှ လုံခြုံရေးရဲများ လာရောက် ဖြေရှင်းရသည်အထိ ဖြစ်ခဲ့ပြီး နောက်ပိုင်း နေ့စဉ်ရက်ဆက် ညနေပိုင်းများတွင် လူစုလူဝေးဖြင့် အဆိုပါ လမ်းအနီး၌ စုရုံး အော်ဟစ် တောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ ရဲများနှင့်ပါ ပဋိပက္ခ ဖြစ်လာခဲ့သည်။