အနာဂတ် စွမ်းအင်လိုအပ်ချက်ကို နျူကလီးယား ဓာတ်ပေါင်းဖိုမှ ထုတ်ယူ ဖြည့်ဆည်းသင့်ကြောင်း အဆိုကို အမျိုးသား လွှတ်တော်တွင် ယမန်နေ့က မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၂၉မဲ၊ ကန့်ကွက်မဲ ၁၁၀ မဲဖြင့် ရှုံးနိမ့်သွားကြောင်း သိရသည်။
ယင်းအဆိုကို ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၈) မှ ဒေါက်တာ မြင့်ကြည်က တင်သွင်းခြင်းဖြစ်ပြီး ကရင်ပြည်နယ် မဲဆန္ဒ နယ်အမှတ် (၅) မှ ဦးစောထွန်းမြင့်အောင် အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၇ ဦးက ဆွေးနွေးကြခြင်း ဖြစ်သည်ဟု ယနေ့ထုတ် အစိုးရသတင်းစာများတွင် ပါရှိသည်။
စက်မှုလယ်ယာသို့ ကူးပြောင်းနေသည့် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ဖူလုံရေးမှာ အရေးကြီးရာ ထို့အတွက် ကာဗွန် လုံး၀ မထွက်ဘဲ ပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိသည့် နျူကလီးယား ဓာတ်ပေါင်းဖိုများကို အသုံးပြုသင့်ကြောင်း၊ နိုင်ငံတကာ အဏုမြူ စွမ်းအင်အေဂျင်စီ (IAEA) ၏ ခွင့်ပြုချက်ကို ရယူပြီး လုံခြုံသည့်နေရာ ရှာဖွေကာ ပညာရှင်များ၊ ကုန်ကြမ်းများကို စုဆောင်းပြီး သုတေသနပြုသင့်ကြောင်း၊ ထို့အတွက် လူထုထောက်ခံမှု ရရှိရန် ပညာပေး ဆွေးနွေးမှုများ လုပ်သင့်ကြောင်း ဆွေးနွေးကြသည်ဟု သိရသည်။
သို့သော် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်သန်းဦးက မြန်မာနိုင်ငံ၌ လောလောဆယ် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရန် အစီအစဉ် မရှိသေးသော်လည်း လေ့လာထားရန် လိုအပ်ပါကြောင်း ပြန်လည် ဖြေကြားသွားခဲ့သည်။
အရှေ့အာရှနှင့် အရှေ့တောင် အာရှတွင် အဏုမြူ ဓာတ်ပေါင်းဖို ၁၁၇ လုံး လည်ပတ်နေပြီး ဆောက်လုပ်ဆဲ ၄၄ လုံးရှိသည်ဟု သိရသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က “နျူကလီးယား ဓာတ်ပေါင်းဖိုတလုံး တန်ဖိုးကလည်း များတယ်၊
စွန့်ပစ်ပစ္စည်းကို ထိန်းဖို့မလွယ်ဘူး။ မလုပ်သင့်သေးဘူးပဲ ယူဆတယ်” ဟု ပြောသည်။
အလားတူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အများစုကလည်း သဘာဝအရင်းအမြစ် များပြားသည့် မြန်မာနိုင်ငံတွင် နျူကလီးယား စွမ်းအင်မှာ မလိုအပ်သေးကြောင်း၊ နျူကလီးယား စွန့်ပစ်ပစ္စည်းများသည် သဘာ၀ ပတ်ဝန်းကျင်နှင့် လူသားများကို ထိခိုက်နိုင်မှုကို ထည့်သွင်း စဉ်းစားသင့်ကြောင်း၊ ဓာတ်ပေါင်းဖို၏ လုံခြုံရေးအတွက်လည်း အားနည်ချက်များ ရှိနိုင်ကြောင်း စသည့် အချက်များကို ထောက်ပြဆွေးနွေးသည်ဟု ဒေါက်တာ အေးမောင်က ဆိုသည်။
စစ်အစိုးရလက်ထက်က နျူကလီးယား စီမံကိန်းအတွက်ဆိုကာ စစ်ဖက်အရာရှိများကို ရုရှားနိုင်ငံသို့ ပညာတော်သင်များ စေလွတ်ပြီး နျူကလီးယား ဓာတ်ပေါင်းဖိုတလုံး တည်ဆောက်ရန် ကြိုးစားခဲ့ရာ နိုင်ငံတကာ၏ စောင့်ကြည့်အကဲခတ်မှုကို ခံခဲ့ရသည်။
သို့သော် အစိုးရသစ် လက်ထက်တွင်မူ ငွေကြေးနှင့် နည်းပညာပိုင်းတွင် လိုအပ်ချက်ရှိသည့်အတွက် ယင်းစီမံကိန်းကို စွန့်လွှတ်ခဲ့ကာ IAEA နှင့်လည်း သဘောတူလက်မှတ်ထိုးရန် ဆောင်ရွက်လျက်ရှိသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သည့် ဦးဖုန်းမြင့်အောင်က ကမ္ဘာပေါ်ရှိ နည်းပညာတိုးတက်သည့် နိုင်ငံများပင်လျှင် နျူကလီးယား ဓာတ်ပေါင်းဖိုများ၊ စွန့်ပစ်ပစ္စည်းများနှင့် ပတ်သက်၍ ထိန်းသိမ်းမှုပိုင်းတွင် အားနည်းချက်များ ဖြစ်ပေါ်နေသည်ကို တွေ့မြင်နေရကြောင်း၊ သဘာဝအရင်းအမြစ် ကြွယ်ဝသည့် မြန်မာနိုင်ငံတွင် တခြားသော ရေအား၊ သဘာဝဓာတ်ငွေတို့မှ ထုတ်ယူသင့်ကြောင်း ဆိုသည်။
လက်ရှိအချိန်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ် အရင်းအမြစ်များ ပေါကြွယ်ဝသည့် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား မလုံလောက်မှုများ ဖြစ်ပေါ်နေသည်။
စစ်အစိုးရ လက်ထက်တွင် ရခိုင်ကမ်းလွန်မှ ထွက်သည့် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ပိုက်လိုင်းများဖြင့် သွယ်တန်းကာ ရောင်းချထားပြီး မုတ္တမ ပင်လယ်ကွေ့မှ ထွက်သည့် သဘာဝဓာတ်ငွေ့ကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချလျှက်ရှိသည်။